CNI International News
နယူးဒေလီ၊ ဒီဇင်ဘာ ၉
အိန္ဒိယတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက IndiGo လေကြောင်းလိုင်းသည် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းခဲ့သဖြင့် အိန္ဒိယလေကြောင်းကဏ္ဍအား သိသိသာသာ ထိခိုက်စေခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
IndiGo သည် အိန္ဒိယ၏ အကြီးဆုံး လေကြောင်းလိုင်းဖြစ်ပြီး အိန္ဒိယပြည်တွင်း စျေးကွက်၏ ၆၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။
IndiGo လေကြောင်းလိုင်းသည် လက်မှတ်ခ စျေးနှုန်းများ သက်သာခြင်း၊ ဝန်ဆောင်မှု ကောင်းမွန်ခြင်းတို့ကြောင့် သန်းနှင့်ချီသည့် အိန္ဒိယခရီးသည်များကြား နာမည်ကောင်းဖြင့် ကျော်ကြားခဲ့သည်။
သို့သော် ပြီးခဲ့သည့် သီတင်းပတ်က IndiGO လေကြောင်းလိုင်းသည် လေကြောင်းခရီးစဉ် ၂၀၀၀ ခန့်ကို ဖျက်သိမ်း ခဲ့သည်။
ပိုင်းလော့များ၏ အလုပ်ချိန်ကို ကန့်သတ်သည့် စည်းမျဉ်းအသစ်များ ရေးဆွဲနိုင်ခဲ့ခြင်း မရှိသဖြင့် ထိုကဲ့သို့ လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်ဟု IndiGO က ထုတ်ပြန်ခဲ့သည်။

IndiGo လေကြောင်းခရီးစဉ်ဖျက်လို့ ခရီးသွားများ ပိတ်မိနေစဉ်
ထိုကဲ့သို့ လေကြောင်းခရီးစဉ်များ ဖျက်သိမ်းမှုကြောင့် ခရီးသည်များ၏ ခရီးသွား အစီအစဉ်များ ပျက်သွားခြင်း၊ မင်္ဂလာပွဲများ ရက်ရွှေ့ဆိုင်းရခြင်း၊ ဒေလီနှင့် အခြားလေဆိပ်များတွင် ခရီးဆောင်သေတ္တာများ စုပုံသွားခြင်း အစရှိသည့် အခြေအနေများ ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် ခရီးသည် အများစုက ၎င်းတို့၏ မကျေနပ်ချက်များကို လူမှုမီဒီယာများပေါ်တွင် ရေးသားခဲ့ကြသည်။
ထိုပြဿနာသည် အိန္ဒိယ၏ လေကြောင်းကဏ္ဍအတွက် အချိန်ကိုက်ဆိုသလို ထိခိုက်စေခဲ့သည်။
အိန္ဒိယ၏ ဒုတိယအကြီးဆုံး လေကြောင်းလိုင်းဖြစ်သည့် Air India သည် ယခင်ကတည်းက ၎င်း၏ ပြဿနာ များနှင့် ရုန်းကန်နေရသည်။

IndiGo လေကြောင်းခရီးစဉ်ဖျက်လို့ ခရီးသွားများ ပိတ်မိနေစဉ်
စျေးကွက်၏ ၂၇ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည့် Air India လေကြောင်းလိုင်းသည် သက်တမ်းအိုဟောင်းနေ သည့် လေယာဉ်များ၊ ဝန်ဆောင်မှု ညံ့ဖျင်းမှုနှင့် ဇွန်လက လေယာဉ်တစ်စင်း ပျက်ကျပြီးနောက် တင်းကျပ်သည့် စည်းကမ်းများကြောင့် ခရီးသည်များကို စိတ်ကျေနပ်မှု အပြည့်အဝမပေးနိုင်ဘဲ ရုန်းကန်နေရခြင်းဖြစ်သည်။
IndiGo လေကြောင်းလိုင်းကမူ မကြာမီ အချိန်အတွင်း လုပ်ငန်းများ ပြန်လည် လည်ပတ်မည်ဟု ပြောကြားခဲ့ပြီး အစိုးရကလည်း ပိုင်းလော့များ၏ အလုပ်ချိန်များကို လျှော့ချရမည့် စည်းကမ်းများနှင့်ပတ်သက်ပြီး ယာယီ ဖြေလျှော့ ပေးခဲ့သည်။
IndiGo လေကြောင်းလိုင်းက လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ရမှုအတွက် တောင်းပန်ခဲ့သော်လည်း ငွေကြေး မည်မျှ ဆုံးရှုံးနစ်နာသွားသည် ဆိုခြင်းကိုမူ ထုတ်ဖော် ပြောဆိုခဲ့ခြင်းမရှိပေ။
IndiGo လေကြောင်းလိုင်းသည် အိန္ဒိယ၏ အကြီးဆုံး လေကြောင်းလိုင်း ဖြစ်သဖြင့် ထိုလေကြောင်းလိုင်းက လုပ်ငန်းလည်ပတ်မှု ဆိုင်းငံ့နေသမျှ ကာလပတ်လုံး အိန္ဒိယ၏ လေကြောင်းကဏ္ဍ တစ်ခုလုံးအပေါ် သက်ရောက်မှု ရှိနေလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: ရိုက်တာ
