CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁

အမေရိကန်၏ နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Microsoft သည် အိန္ဒိယတွင် လာမည့် ၄ နှစ်အတွင်း  ဒေါ်လာ ၁၇ ဒသမ ၅ ဘီလျံခန့် ရင်းနှီးမြှုပ်နှံသွားမည်ဟု ဒီဇင်ဘာ ၉ ရက်က ကြေညာခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

အိန္ဒိယ၏ Cloud Computing နှင့် AI နည်းပညာ အခြေခံ အဆောက်အအုံများသည် ပိုမိုခိုင်မာလာလိမ့်မည်ဆို သည့် မျှော်လင့်ချက်ဖြင့် Microsoft က ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ထိုရင်းနှီးမြှုပ်နှံမှုသည် အာရှတွင် Microsoft ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ထိုသတင်းကို Microsoft စီအီးအို ဆတ္တယာ နာဒယ်လာ (Satya Nadella) က နယူးဒေလီ (New Delhi) မြို့တော်၌ အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) နှင့် အစည်းအဝေး ပြုလုပ်ပြီးနောက် ကြေညာခဲ့ခြင်းဖြစ်သည်။

ဒေါ်လာဘီလျံချီ တန်ဖိုးရှိသည် ထိုရင်းနှီးမြှုပ်နှံမှုသည် အိန္ဒိယကို AI နည်းပညာ ဦးဆောင်သော အနာဂတ်အတွက် လိုအပ်သည့် အခြေခံ အဆောက်အအုံ၊ ကျွမ်းကျင်မှုများနှင့် အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးနှင့် နည်းပညာ ကဏ္ဍတို့တွင် စွမ်းဆောင်ရည်များကို ဖန်တီးရာတွင် ကူညီပေးရန် ရည်ရွယ်ကြောင်း နာဒယ်လာက ပြောကြားခဲ့ သည်။

 အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ် 

နာဒယ်လာသည် အိန္ဒိယသို့ ၃ ရက်ကြာ ခရီးစဉ်ဖြင့် ရောက်ရှိနေခြင်းဖြစ်ပြီး အိန္ဒိယ၏ နည်းပညာဗဟိုချက် ဖြစ် သည့် ဘန်ဂလူရူ (Bengaluru) မြို့နှင့် အိန္ဒိယ၏ စီးပွားရေးမြို့တော်ဖြစ်သော မွန်ဘိုင်း (Mumbai) မြို့များတွင် AI နှင့် ဆက်နွှယ်သည့် ပွဲအခမ်းအနားများကို တက်ရောက်ခဲ့ပြီး မူဝါဒရေးဆွဲသူများနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့ သည်။

“Microsoft နဲ့ အိန္ဒိယဟာ လာမယ့် ဆယ်စုနှစ်အတွင်း ဒစ်ဂျစ်တယ် ပြည်သူ့ အခြေခံ အဆောက်အအုံ စနစ်ကနေ AI ပြည်သူ့ အခြေခံ အဆောက်အအုံ စနစ်ကို ကူးပြောင်းနိုင်တဲ့ စံသတ်မှတ်ချက် အသစ်တွေနဲ့ မောင်းနှင်းအား တစ်ခုကို အတူပူးတွဲဖော်ဆောင်သွားမှာပါ” ဟု Microsoft က ထုတ်ပြန်ခဲ့သည်။

အိန္ဒိယသည် AI နည်းပညာတွင် သာမက တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုတွင်ပါ ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက် တစ်ခု ဖြစ်လာစေရန် ရည်ရွယ်ထားသည်။

အိန္ဒိယ အစိုးရကလည်း ပြည်ပမှ နည်းပညာ ဝယ်ယူတင်သွင်းနေမှုကို လျှော့ချရန်၊ အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးရန်၊ ပြည်တွင်း ဆန်းသစ်တီထွင်မှုကို အားပေးရန် ရည်ရွယ်ပြီး ချစ်ပ်ပြား ထုတ်လုပ်သည့် ကုမ္ပဏီကြီး များ၊ နည်းပညာကုမ္ပဏီကြီးများကို ဆွဲဆောင်ရန် အင်တိုက်အားတိုက် ကြိုးပမ်းလျက်ရှိသည်။

“AI နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ကမ္ဘာကြီးဟာ အိန္ဒိယအပေါ်မှာ ကြီးမားတဲ့ ယုံကြည်မှုရှိပါတယ်” ဟု မိုဒီက နာဒယ်လာနှင့် အစည်းအဝေး အပြီးတွင် X လူမှုမီဒီယာ၌ ရေးသားခဲ့သည်။

Source: DW