CNI International News

နယူးဒေလီ၊ ဧပြီ ၂၃

အိန္ဒိယ၏ လေကြောင်းအာကာသ၊ စွမ်းအင်နှင့် အခြေခံ အဆောက်အအုံ ကဏ္ဍအတွက် ထုတ်ကုန်များ ထုတ်လုပ် ပေးနေသည့် Godrej & Boyce ကုမ္ပဏီသည် ကုန်ကျစရိတ်များကို လျှော့ချရန်အတွက် AI နည်းပညာနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံနေကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

AI နည်းပညာသည် အကျိုးအမြတ်များသည့် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ရန် ရုန်းကန်ရဖွယ်ရှိသော်လည်း အိန္ဒိယ၏ စက်မှုကဏ္ဍအား အကျိုးရှိစေခဲ့ကြောင်း Godrej & Boyce ကုမ္ပဏီ၏ ဒစ်ဂျစ်တယ်နှင့် သတင်း အချက်အလက် အကြီးအကဲ ဗီဂျေး ဘလာကရစ္စနန် (Vijay Balakrishnan) က ပြောကြားခဲ့သည်။

AI နည်းပညာအသုံးပြုသည့် စက်မှုလုပ်ငန်းများသည် လုပ်သားအင်အားရင်းမြစ်ကို လျှော့ချနိုင်ခြင်း၊ လုပ်ငန်း လည်ပတ်မှုကို ပိုမိုမြန်ဆန်စေခြင်း၊ အလေအလွင့် လျော့နည်းခြင်းတို့နှင့်အတူ လုပ်ငန်းလည်ပတ်မှုအတွက် ကုန်ကျစရိတ်ကို သက်သာစေနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

လက်ရှိတွင် Godrej & Boyce ကုမ္ပဏီသည် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ၌ လုပ်သားအင်အားကို လျှော့ချရန် AI နည်းပညာ ပေါင်းစပ်ထည့်သွင်းထားသည့် စက်ရုပ်လက်တံများအား  အသုံးပြုဖို့ လုပ်ဆောင်လျက်ရှိသည်။

 လူသားစက်ရုံကို တွေ့ရစဉ်

ဥပမာအားဖြင့် AI စနစ်သည် ရေခဲသေတ္တာများနှင့် လေအေးပေးစက်များအတွက် တပ်ဆင်ရမည့် စက်ပစ္စည်း အစိတ်အပိုင်းများကို အစီအစဉ်တကျ နေရာချထားရာတွင် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

AI နည်းပညာ ထည့်သွင်းထားသည့် စက်ရုပ်လက်တံများသည် ချွတ်ယွင်းချက်များနှင့် အပြစ်အနာအဆာများကို ထောက်လှမ်းသိရှိနိုင်ပြီး စက်ယန္တရားများ၏ စွမ်းဆောင်ရည်ကိုလည်း လေ့လာသုံးသပ်နိုင်သည်ဟု ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။

ထို့ပြင် စက်ရုံ၏ အပူချိန်၊ အအေးပေးစနစ် သို့မဟုတ် စက်ယန္တရား လည်ပတ်မှုများကို AI က ထောက်လှမ်းသိရှိနိုင် သဖြင့် Godrej & Boyce ကုမ္ပဏီအနေဖြင့် စွမ်းအင်အတွက် အသုံးပြုရသည့် မီတာခများနှင့် ကာဘွန်ထုတ်လွှတ်မှု ပမာဏကို လျှော့ချနိုင်မည်ဖြစ်သည်။

AI နည်းပညာသုံး စက်ပစ္စည်းများကို အသုံးပြုမှုသည် သာမန်အလုပ်ချိန်အား ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ တိုးတက်ကောင်းမွန်စေမည် ဖြစ်သည်။

ထို့ကြောင့် Godrej & Boyce ကုမ္ပဏီသည် ပို့ကုန်၊ သွင်းကုန်ကဏ္ဍတွင် ယှဉ်ပြိုင်မှုများ၊ အထူးသဖြင့် တရုတ်နှင့် ယှဉ်ပြိုင်မှု၌ AI စနစ်များ၏ အထောက်အကူရရှိရန် ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြား ခဲ့သည်။

Source: Nikkei Asia