CNI International News
နယူးဒေလီ၊ ဇွန်လ ၂၇
အိန္ဒိယ၏ ဒရုန်းထုတ်လုပ်သည့် Raphe mPhibr ကုမ္ပဏီသည် ဒရုန်းထုတ်လုပ်ရေးကို ချဲ့ထွင်ရန် ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများထံမှ ဒေါ်လာ သန်း ၁၀၀ ကို ရရှိခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုရင်းနှီးမြှုပ်နှံမှု ပမာဏသည် စတင်တည်ထောင်စ Raphe mPhibr ကုမ္ပဏီအတွက် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံ မှု ငွေကြေးများ ဖြစ်ခဲ့သည်။
အမေရိကန်အခြေစိုက် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီဖြစ်သည့် General Catalyst ကုမ္ပဏီသည် အမေရိကန်၏ ဒရုန်းထုတ်လုပ်ရန် စတင်တည်ထောင်စ Andruil နှင့် ဥရောပရှိ Helsing ကုမ္ပဏီတို့ ကို ရင်းနှီးမြှုပ်နှံငွေများ ထောက်ပံ့ပေးခဲ့သည်။
ယခု အိန္ဒိယ၏ Raphe mPhibr ကုမ္ပဏီကိုလည်း General Catalyst ကုမ္ပဏီက ဦးဆောင်ပြီး ရင်းနှီးမြှုပ်နှံငွေများ ထည့်ဝင်ခဲ့သဖြင့် အခြားရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုသည် ပိုမိုခိုင်မာလာခဲ့ကာ ရင်းနှီးမြှုပ်နှံသူများထဲတွင် အခြားအမေရိကန်ကုမ္ပဏီဖြစ်သည့် Think Investments ကုမ္ပဏီလည်း ပါဝင်ခဲ့သည်။
ထိုရင်းနှီးမြှုပ်နှံငွေ ပမာဏအရ Raphe mPhibr ကုမ္ပဏီ၏ စုစုပေါင်း ရန်ပုံငွေသည် ဒေါ်လာ ၁၄၅ သန်းအထိ ရှိခဲ့ကာ ကုမ္ပဏီ၏ တန်ဖိုးသည်လည်း ဒေါ်လာ သန်း ၉၀၀ အထိ မြင့်တက်သွားခဲ့သည်။
အိန္ဒိယထုတ် ဒရုန်းတွေကိုတွေ့ရစဉ်
ထိုရင်းနှီးငွေများကို အိန္ဒိယနိုင်ငံ တစ်ဝန်းရှိ လေယာဉ်ဒီဇိုင်းများ ရေးဆွဲမှု၊ ထုတ်လုပ်ရေး စွမ်းဆောင်ရည်များ အတွက် အသုံးပြုသွားမည်ဖြစ်ကာ Raphe mPhibr သည် တည်ထောင်စ ကုမ္ပဏီအဆင့်မှ နိုင်ငံတော်အဆင့် လေကြောင်း၊ အာကာသနှင့် ဒရုန်းလုပ်ငန်းကြီးအထိ ရောက်ရှိအောင် မြှင့်တင်သွားမည်ဖြစ်သည်။
Raphe mPhibr ကုမ္ပဏီသည် ယခင်ကတည်းက အိန္ဒိယလက်နက်ကိုင် တပ်ဖွဲ့များနှင့် ဆက်ဆံရေးရှိပြီး အသံထက်မြန်သည့် ဂျက်လေယာဉ် အင်ဂျင်စနစ် စီမံကိန်းကို ရရှိထားပြီး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။
လက်ရှိတွင် ရင်းနှီးမြှုပ်နှံငွေများ အများအပြား ရရှိခဲ့သည်နှင့်အမျှ အသံထက်မြန်သည့် နည်းပညာ သုတေသန ပြုလုပ်မှုကို ပိုမိုအားစိုက်ထုတ်ပြီး ပြည်တွင်းကာကွယ်ရေး စွမ်းဆောင်ရည်များကို မြှင့်တင်ပေးသွားမည်ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။
Source: Nikkei Asia