CNI International News

တိုင်ပေ၊ ဇွန်လ ၂၀

ရုရှားနှင့်ယူကရိန်း စစ်ပွဲအတွင်း ယူကရိန်းတပ်ဖွဲ့များ၏ ဒရုန်းများကို စမ်းသပ်တီထွင် အသုံးပြုမှုများအား အတုယူ၍ ထိုင်ဝမ်စစ်တပ်က ဒရုန်းစမ်းသပ်မှုများ လုပ်လာသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် စစ်ပွဲအတွင်း ဒရုန်းများကို မည်ကဲ့သို့ အသုံးပြုရမည်ဆိုခြင်းကို အိုင်ဒီယာ အသစ် အဆန်းများဖြင့် ကမ္ဘာကို ချပြခဲ့ပြီးဖြစ်၍ ထိုင်ဝမ်သည်လည်း စစ်ပွဲဖြစ်ပွား လာမည်ဆိုပါက ဒရုန်းများအား  အသုံးပြုရေးနှင့်ပတ်သက်ပြီး စမ်းသပ်မှုများ ပိုမိုပြလုပ်ရန် လိုအပ်သည်ဟု Skydio လုံခြုံရေးကုမ္ပဏီက ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း စစ်ပွဲအတွင်း အီလက်ထရောနစ် စစ်ဆင်ရေး၏ သဘောသဘာဝများသည် ထိုင်ဝမ်၏ ကာကွယ်ရေး စွမ်းဆောင်ရည်အတွက် အလွန်အရေးကြီးသည့် သင်ခန်းစာများဖြစ်ကြောင်း အမေရိကန်အခြေစိုက် ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Skydio  ကုမ္ပဏီ၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာအကြီးအကဲ မာ့ခ် ဗလန်တိုင်း (Mark Valentine) က ပြောကြားခဲ့သည်။

“ဒရုန်းစမ်းသပ်မှုတွေကို အမှန်တကယ် မပြုလုပ်ဘူးဆိုရင် ဒရုန်းနဲ့ပတ်သက်တဲ့ ပညာတွေကို ရရှိမှာမဟုတ်ပါဘူး” ဟု မာ့ခ်က တိုင်ပေ (Taipei) မြို့တော်သို့ သွားရောက်သည့် ခရီးစဉ်အတွင်း Nikkei Asia သတင်းဌာနကို ပြောကြားခဲ့သည်။

ရုရှားနှင့်ယူကရိန်း စစ်ပွဲတွင် အသုံးပြုနေသည့် အီလက်ထရောနစ် စစ်ဆင်ရေး၏ သဘောသဘာဝများနှင့် အခြေအနေများအား ပုံဖော်ပြီး ဒရုန်းများကို စမ်းသပ်နိုင်ကြောင်း၊ ထိုသို့ စမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ထိုင်ဝမ်၏ ပြည်တွင်း ဒရုန်းထုတ်လုပ်ရေးကဏ္ဍကို အထောက်အကူ ရရှိနိုင်ကြောင်း၊ အီလက်ထရောနစ် စစ်ဆင်ရေးတွင် ဒရုန်းများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်ဝမ် စစ်သား ၂ ဦး ဒရုန်းမောင်းရန် ပြင်ဆင်နေစဉ်

ထိုင်ဝမ်သည် ယူကရိန်းတွင် စမ်းသပ်ခဲ့သည့် ဒရုန်းဆော့ဖ်ဝဲကို ရေးဆွဲရန်အတွက် အမေရိကန်-ဂျာမနီ ပူးတွဲ ကုမ္ပဏီဖြစ်သည့် Auterion ကုမ္ပဏီနှင့်လည်း မိတ်ဖက်စာချုပ် ချုပ်ဆိုထားသည်။

ထိုစာချုပ်တွင် ဒရုန်းများကို အုပ်လိုက် လွှတ်တင်သည့် နည်းပညာ၊ လူသားများက ထိန်းချုပ်စရာ မလိုသည့် ဝေဟင်နှင့် ရေပြင် ကာကွယ်ရေး စနစ်များလည်း ပါဝင်ခဲ့သည်။

Auterion ကုမ္ပဏီ၏ စီအီးအို လောရန့် မိုင်ယာ (Lorenz Meier) က ၎င်းတို့၏ ဒရုန်းနည်းပညာသည် တင့်ကား များနှင့် ရေယာဉ်များကို တိုက်ခိုက်ဖျက်ဆီးရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် မောင်းသူမဲ့ တိုက်ခိုက်ရေးရေယာဉ် (sea drone) များကိုလည်း စမ်းသပ်နေပြီး ပြည်တွင်းကုမ္ပဏီ ဖြစ်သည့်  Thunder Tiger ကုမ္ပဏီက ထုတ်လုပ်ခဲ့သော SeaShark 800 မောင်းသူမဲ့ တိုက်ခိုက်ရေး ရေယာဉ်သည် ဖောက်ခွဲရေးပစ္စည်း ကီလိုဂရမ် ၁၂၀၀ ကို တင်ဆောင်နိုင်ကာ ကီလိုမီတာ ၅၀၀ အကွာအဝေးအထိ မောင်းနှင် နိုင်သည်။

Source: Nikkei Asia