CNI International News

ကိယက်ဗ်၊ ဇူလိုင် ၁၉

ယူကရိန်းတွင် AI နည်းပညာစနစ်များ တပ်ဆင်ထားသည့် တိုက်ပွဲဝင်ဒရုန်းများကို ကုမ္ပဏီအချို့က တီထွင်နေပြီး စစ်မြေပြင်၌ ရုရှားတပ်ဖွဲ့များအပေါ် နည်းပညာအသာစီးရရှိစေရန် ကြိုးပမ်းလုပ်ဆောင်နေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

AI စနစ်များ တပ်ဆင်သည့် ဒရုန်းများသည် ရှေ့တန်းစစ်မျက်နှာပြင်တွင် ရုရှား၏ ဒရုန်းဖျက်စနစ်များကို ကျော်လွှားနိုင်စေရန်နှင့် ထိုကဲ့သို့ မောင်းသူမဲ့လေယာဉ် (UAV) များကို အများအပြား ထုတ်လုပ်နိုင်ရန် ယူကရိန်းက မျှော်လင့်ထားသည်။

ယူကရိန်းတွင် ထုတ်လုပ်နေသည့် AI ဒရုန်းများသည် ပစ်မှတ်များကို ခွဲခြားခြင်း၊ မြေပြင်အနေအထားကို ခြေရာခံ ခြင်းနှင့် ပိုမိုရှုပ်ထွေးသော ပရိုဂရမ်များဖြင့် စစ်မြေပြင်၌ ယူကရိန်းတပ်ဖွဲ့များအတွက် ကြီးမားစွာ အထောက်အကူ ပြုစေမည်ဖြစ်သည်။

နည်းပညာမြင့် ဒရုန်းများကို တပ်ဆင်နေစဉ်

ယူကရိန်း၏ စတင်အခြေတည်စ ကုမ္ပဏီတစ်ခုဖြစ်သည့် Swarmer ကုမ္ပဏီသည် ဒရုန်းများကို ကွန်ရက်တစ်ခု အတွင်း ချိတ်ဆက်ပေးသော  ဆော့ဖ်ဝဲကို တီထွင်နေပြီး လူသားများကို ထိန်းချုပ်မောင်းနှင်ရ လွယ်ကူစေသည့် စနစ်များနှင့် တိုက်ခိုက်မှုစနစ်များကို လုပ်ဆောင်လျက်ရှိသည်။

"လူသားပိုင်းလော့တွေနဲ့ ဒရုန်းကို ထိန်းချုပ်မောင်းနှင်ဖို့ ကြိုးစာချိန်မှာ အဲဒါက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒရုန်း ၁၀ စင်း ဒါမှမဟုတ် အစင်း ၂၀ လောက်ရှိတဲ့ ဒရုန်း အုပ်စုကြီးကို ဒရုန်းမှာတပ်ထားတဲ့ ကင်မရာအမြင်နဲ့ ထိန်းချုပ် မောင်းနှင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး" ဟု Swarmer ကုမ္ပဏီ စီအီးအို ဆာဟိုင်း ကူပရီယန်ကို (Serhiy Kupriienko) က ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်က ယူကရိန်းကို ရုရှားက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ချိန်ကစပြီး လုပ်ငန်းများ စတင်လည်ပတ်ခဲ့သည့် နည်းပညာကုမ္ပဏီ ၂၀၀ ကျော်အနက် Swarmer ကုမ္ပဏီသည် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

ပစ်မှတ်ထိကျတဲ့ ဒရုန်းကိုတွေ့ရစဉ်

IT နည်းပညာ ကျွမ်းကျင်သည့် အရပ်သားများသည် ဒရုန်းများနှင့် အခြားစစ်မြေပြင်သုံး ပစ္စည်းများကို ထုတ်လုပ်ခဲ့ ကြပြီး မိမိတို့ထက် အင်အားကြီးသည့် ရုရှားစစ်တပ်ကို ခုခံတိုက်ခိုက်နေသော ယူကရိန်းတပ်ဖွဲ့များအား တစ်ဖက်တစ်လမ်းမှ အကူအညီပေးခဲ့ကြသည်။

လူသားများဖြင့် ထိန်းချုပ်မောင်းနှင်သည့် ဒရုန်းစစ်ဆင်ရေးများတွင် ဒရုန်း ၅ စင်းကျော်လာပါက ထိန်းချုပ် မောင်းနှင်ရ ခက်ခဲလာမည်ဖြစ်ပြီး AI နည်းပညာဖြင့်ဆိုပါက ဒရုန်းပေါင်း ရာချီ ပျံသန်းမောင်းနှင် နိုင်လိမ့်မည်ဟု ကူပရီယန်ကိုက ပြောကြားခဲ့သည်။

ယူကရိန်း၏ တာဝေးပျံသန်းနိုင်သည့် ဒရုန်းအချို့ကို AI စနစ်များ တပ်ဆင်ပြီး ရုရှားနိုင်ငံအတွင်းရှိ စစ်ဘက် အဆောက်အအုံများ ရေနံစက်ရုံများအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

Source: ရိုက်တာ