CNI International News

မော်စကို၊ ဇွန်လ ၂၀

အစ္စရေးနှင့် အမေရိကန်က အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ  (Ayatollah Ali Khamenei) ကို လုပ်ကြံသတ်ဖြတ်ဖွယ် ရှိ၊မရှိဆိုသည့် အလားအလာကို ဆွေးနွေးလိုစိတ် မရှိကြောင်း ရုရှားသမ္မတ ပူတင် (Vladimir Putin) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ပူတင်သည် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်ချ် (St. Petersburg) မြို့တော်တွင် ပြုလုပ်သည့် စိန့်ပီတာစဘတ်ချ် နိုင်ငံတကာ စီးပွားရေးဖိုရမ်၌ နိုင်ငံတကာ သတင်းအေဂျင်စီများ၏ ထိပ်သီးခေါင်းဆောင်များနှင့် သီးသန့် တွေ့ဆုံခဲ့ သည့် အစည်းအဝေးမှာ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အီရန်-အစ္စရေး ပဋိပက္ခက အရမ်းရှုပ်ထွေးသိမ်မွေ့တဲ့ အရေးကိစ္စ ဖြစ်ပါတယ်။ ဒါပေမယ့် ပြဿနာကို ဖြေရှင်း နိုင်လိမ့်မယ်လို့ ကျနော်မျှော်လ့ပါတယ်”ဟု ပူတင်က ပြောကြားခဲ့သည်။

ထို့ပြင် ပူတင်က သူသည် အီရန်နှင့် အစ္စရေး ပဋိပက္ခတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် ကြားဝင်စေ့စပ်ပေးလိုကြောင်း ကမ်းလှမ်းခဲ့သည်။

အီရန်ကို အညံ့ခံရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က တိုက်တွန်းခဲ့သော်လည်း အီရန်၏ အမြင့်ဆုံးခေါင်းဆောင် ခါမေနီက အညံ့ခံရန်ငြင်းဆိုခဲ့ပြီး အမေရိကန်အနေဖြင့် အစ္စရေး၏ တိုက်ခိုက်မှုတွင် ပူးပေါင်းပါဝင်လာမည်ဆိုပါက အမေရိကန်အတွက် ပြုပြင်မရနိုင်သည့် ထိခိုက်နစ်နာမှုများကို ခံစားရလိမ့်မည်ဟု တန်ပြန်ခြိမ်းခြောက်ခဲ့သည်။

 အီရန် ဘာသာရေးခေါင်းဆောင် အလီခါမေနီကို‌ တွေ့ရစဉ် 

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) က အစ္စရေး၏ တိုက်ခိုက်မှုများသည် အီရန်အစိုးရ အဖွဲ့ အပြောင်းအလဲ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ထရမ့်ကလည်း အမေရိကန်သည် ခါမေနီ ပုန်းအောင်းနေသည့် နေရာကို သိရှိထားကြောင်း သို့သော် ချက်ချင်းသတ်ဖြတ်မည် မဟုတ်ကြောင်း ဇွန်လ ၁၇ ရက်က ပြောကြားခဲ့သည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး နိုင်ငံတကာ သတင်းအေဂျင်စီများက ပူတင်ကို မေးမြန်းခဲ့ရာတွင် ပူတင်က သူ့အနေဖြင့် ခါမေနီ သတ်ဖြတ်ခံရမည့် အလားအလာကို ဆွေးနွေးလိုစိတ် မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ရုရှားသည် အရှေ့အလယ်ပိုင်းတွင် ဆယ်စုနှစ်များစွာကြာ ၎င်း၏ ဆက်ဆံရေးကို ဟန်ချက်ညီစွာ ထိန်းသိမ်းထား ပြီး အီရန်နှင့် စီးပွားရေး အပြင် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးများ တိုးမြှင့်ခဲ့သလို တစ်ချိန်တည်းမှာပင် အစ္စရေးနှင့် လည်း နွေးထွေးသည့် ဆက်ဆံရေးကို ထူထောင်ခဲ့သည်။

ထို့ကြောင့် ရုရှားသည် အစ္စရေးနှင့်အီရန် ပဋိပက္ခတွင် ကြီးမားသည့် ကြားဝင်စေ့စပ်သူ နေရာမှ ပါဝင်ခွင့် ရရှိထားကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: ရိုက်တာ