CNI International News
ဘန်ကောက်၊ ဇွန်လ ၂၀
ဒီမိုကရေစီနှင့် အချုပ်အခြာအာဏာကို အာရုံစိုက်ပြီး လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုင်းလူမျိုးများအနေဖြင့်လည်း နိုင်ငံကို ကာကွယ်ရန် စည်းလုံးညီညွတ်ကြဖို့ ထိုင်းတော်ဝင်စစ်တပ်၏ စစ်ဦးစီးချုပ် ပါန ကလွတ်ဘလူတော့ (Pana Klaewblaudtuk)က တိုက်တွန်း ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထိုင်းတော်ဝင် စစ်တပ်၏ စစ်ဦးစီးချုပ် ပါနသည် ထိုင်း၏ လက်ရှိ နိုင်ငံရေး အခြေအနေကို စိုးရိမ်နေသည်ဟု ထိုင်းတော်ဝင်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်း ဆူဗာရီ (Winthai Suvaree) က ဇွန်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ထိုင်းစစ်တပ်သည် ဘုရင်ကို နိုင်ငံခေါင်းဆောင်အဖြစ် ကြည်ညိုထားပြီး ဒီမိုကရေစီစနစ်ကို ကာကွယ်ရာတွင် ဖောက်ပြန်ခြင်းမရှိဘဲ ခိုင်မာတည်ကြည်စွာ ရှိနေမည်ဆိုသည့် အချက်ကို ပြည်သူများအနေဖြင့် ယုံကြည်ကြ ရန်လည်း ပါနက တိုက်တွန်းခဲ့သည်။
ထိုင်းတော်ဝင်စစ်တပ်၏ စစ်ဦးစီးချုပ် ပါန ကလွတ်ဘလူတော့ကို တွေ့ရစဉ်
လက်ရှိ အခြေအနေကို ပြည့်စုံကျယ်ပြန့်စွာ စဉ်းစားသုံးသပ်နေပြီး အမျိုးသားအချုပ်အခြာကို ရည်ရွယ်ချက် မကောင်းသည့် ပါတီများ၏ ရန်မှကာကွယ်ရန် နိုင်ငံ၏ အကျိုးစီးပွားများအား ဦးစားပေး လုပ်ဆောင်နေချိန်တွင် ထိုင်းပြည်သူများ စည်းလုံးညီညွတ်မှုရှိခြင်းသည် အရေးအကြီးဆုံး အချက်ဖြစ်သည်ဟု လည်း ဝင်ထိုင်းက ပြောကြားခဲ့သည်။
ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်သည် ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်စပ်ဒေသ အငြင်းပွားမှု မြင့်တက်နေပြီး ထိုင်းအစိုးရအဖွဲ့အတွင်း နိုင်ငံရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် စစ်အာဏာသိမ်းမည့် အလားအလာ ကို ပိုမိုပေါ်လွင်စေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: The Nation