CNI International News

ဘန်ကောက်၊ ဧပြီ ၂၈

ထိုင်းအစိုးရအနေဖြင့် ရက်ပေါင်း ၆၀ ကြိုတင်ဗီဇာ ကင်းလွတ်ခွင့် မူဝါဒကို ပြန်လည်သုံးသပ်နေကြောင်း ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီး ဆူရာဆက် ဖန်ချာရိုဝါရာကူးလ် (Surasak Phancharoenworakul) က ပြောကြားခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

ထိုသို့ ပြန်လည် သုံးသပ်ရခြင်းမှာ လုံခြုံရေးဆိုင်ရာ အားနည်းချက်များနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် ခရီးသွားအချို့၏ အပြုအမူများနှင့် ပတ်သက်သော သတင်းများကြောင့် ဖြစ်သည်။

လက်ရှိတွင် နိုင်ငံနှင့် နယ်မြေပေါင်း ၉၃ ခုမှ နိုင်ငံသားများအား ခွင့်ပြုပေးထားသော ခရီးမသွားမီ ကောင်စစ်ဝန်ရုံး ၌  လျှောက်ထားစရာမလိုဘဲ ရောက်ရှိချိန်၌ ဗီဇာရရှိနိုင်သည့် မူဝါဒကို အစိုးရအနေဖြင့် ပယ်ဖျက်ဖွယ်ရှိကြောင်း ဆူရာဆက်က ပြောကြားခဲ့သည်။

ယခုကဲ့သို့ ပြန်လည်ပြင်ဆင်ရန် အဆိုပြုရခြင်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လုံခြုံရေးအေဂျင်စီများ၊ ခရီးသွားလာ ရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း အကဲဖြတ်ခဲ့ပြီးနောက် နိုင်ငံတော်လုံခြုံရေးနှင့် ခရီးသွားလာရေး စံနှုန်း များအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုများ ရှိနေသည်ကို တွေ့ရှိခဲ့ရခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

 ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီး ဆူရာဆက် ဖန်ချာရိုဝါရာကူးလ်ကို တွေ့ရစဉ်

နိုင်ငံခြားသားများသည် တိုးမြှင့်ပေးထားသည့် နေထိုင်ခွင့် ကာလကို အခွင့်ကောင်းယူပြီး တရားမဝင် လုပ်ငန်းများ တွင် ပါဝင်လုပ်ကိုင်နေမှုများ မြင့်တက်လာသည်ကို တာဝန်ရှိသူများက တွေ့ရှိခဲ့သည်။

အဓိက စိုးရိမ်ရသည့် အချက်များမှာ စတိုးဆိုင်များတွင် အနှောင့်အယှက်ပေးခြင်းနှင့် ယာဉ်မဆင်မခြင် မောင်းနှင် ခြင်း စသည့် ပြည်သူများအား အနှောင့်အယှက် ဖြစ်စေသော လုပ်ရပ်များအပြင် နိုင်ငံဖြတ်ကျော် ရာဇဝတ်သမား များက ရက် ၆၀ ကာလကို အသုံးပြုပြီး ထိုင်းနိုင်ငံအတွင်း ပုန်းခိုနေထိုင်ခြင်း စသည့် ခြိမ်းခြောက်မှုများ ပါဝင် သည်။

ထို့ပြင် နိုင်ငံခြားသားများက တရားမဝင် အလုပ်လုပ်ကိုင်ခြင်း၊ ဒေသခံများ၏ အလုပ်အကိုင်များကို ဝင်ရောက် ယှဉ်ပြိုင်ခြင်းနှင့် ပိုင်ရှင်အတု အမည်ခံပြီး စီးပွားရေးလုပ်ငန်း ပုံစံများဖြင့် လုပ်ကိုင်ခြင်း အပါအဝင် စီးပွားရေး ဆိုင်ရာ အပျက်သဘောဆောင်သော သက်ရောက်မှု အချို့ကိုလည်း တာဝန်ရှိသူများက ထောက်ပြခဲ့သည်။

စစ်မှန်သော ခရီးသွားများအတွက် လက်ရှိ ခွင့်ပြုထားသည့် ရက် ၆၀ နေထိုင်ခွင့် ကာလသည် လိုအပ်သည်ထက် ပိုများနေနိုင်ကြောင်း စာရင်းအင်း အချက်အလက်များက ဖော်ပြနေသည်ဟုလည်း ဆူရာဆက်က ထောက်ပြ ပြောကြားခဲ့သည်။

ထိုင်းလေဆိပ်မှာ ခရီးသွားတွေကို တွေ့ရစဉ်

“အဆင့်အတန်းမြင့်မားတဲ့ ခရီးသွား ၉၀ ရာခိုင်နှုန်းကျော်ဟာ ထိုင်းနိုင်ငံမှာ ၁ ရက်ကနေ ရက် ၃၀ ကြားသာ နေထိုင်ကြတယ်ဆိုတာကို အချက်အလက်တွေက ဖော်ပြနေပါတယ်။ ၁၀ ရာခိုင်နှုန်းလောက်သာ ရက် ၃၀ ကျော် နေထိုင်ကြပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ ဒါမှမဟုတ် တရားမဝင်တဲ့ လုပ်ငန်းတွေမှာ လျှို့ဝှက်ပါဝင် နေသူကို အဲဒီ ၁၀ ရာခိုင်နှုန်းထဲမှာ တွေ့ရပါတယ်”ဟု ၎င်းက ဆိုသည်။

အစိုးရအနေဖြင့် နေထိုင်ခွင့် ကာလကို ရက် ၃၀ စံနှုန်းသို့ ပြန်လည် ပြောင်းလဲရန် ဖြစ်နိုင်ချေရှိသည်ဟု လေ့လာ သူများက ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် အစိုးရအဖွဲ့ထံသို့ တရားဝင် အဆိုပြုချက် မတင်သွင်းမီ အသေးစိတ် အချက် အလက်များကို အပြီးသတ် ညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

Source: Thai PBS World