CNI International News
ဘန်ကောက်၊ မေလ ၁၃
ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် တရားမဝင် လက်နက်မှောင်ခိုဂိုဏ်းနှင့် ဆက်နွှယ်သည်ဟု သံသယရှိသော တရုတ် နိုင်ငံသား တစ်ဦးကို ဖမ်းဆီးရမိပြီးနောက် ထိုင်းနိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့် မူဝါဒအား ပြန်လည်သုံးသပ်သွား မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) က မေလ ၁၁ ရက်၌ အရိပ်အမြွက် ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
စီးပွားရေးနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများအကြား ဟန်ချက်ညီ စေရန်အတွက် သက်ဆိုင်ရာဌာနပေါင်းစုံနှင့် တိုင်ပင်ဆွေးနွေးကာ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို ပြန်လည် သုံးသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း အနူတင်က ဆိုသည်။
“ဗီဇာကင်းလွတ်ခွင့်ဆိုတာ လူတွေကို ဘာစည်းကမ်း သတ်မှတ်ချက်မှ မရှိဘဲ ဝင်ခွင့်ပေးလိုက်တာမျိုး မဟုတ်ပါ ဘူး။ ဒီမူဝါဒကို မချမှတ်ခင်တုန်းက ထိုင်းနိုင်ငံက ဘာလို့ ဗီဇာကင်းလွတ်ခွင့် မပေးတာလဲဆိုပြီး လူအများက မေးခွန်း ထုတ်ခဲ့ကြတယ်။ အခုတော့ ကျနော်တို့ အနေနဲ့ အသင့်တော်ဆုံးဖြစ်မယ့် အနေအထားတစ်ခုကို ရှာဖွေ ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် အနူတင်ကို တွေ့ရစဉ်
ပြစ်မှုအချို့ကြောင့် စနစ်တစ်ခုလုံး အထိခိုက် မခံနိုင်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း နိုင်ငံခြားသား ဧည့်သည်များ သန်းပေါင်းများစွာ ထိုင်းနိုင်ငံအတွင်းသို့ ပြဿနာ တစ်စုံတစ်ရာ မရှိဘဲ ဥပဒေနှင့်အညီ ဝင်ရောက်နေကြကြောင်း အနူတင်က ထည့်သွင်းပြောကြားခဲ့သည်။
ချွန်ဘူရီ (Chon Buri) ခရိုင်ရှိ တရုတ်လူမျိုး သံသယရှိသူ၏ နေအိမ်တွင် လက်နက်များ ရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်၍ တာဝန်ထမ်းဆောင်ဆဲ ရေတပ်အရာရှိ နှစ်ဦးနှင့် စစ်မှုထမ်းဟောင်း တစ်ဦး အပါအဝင် သံသယရှိသူ ထိုင်းနိုင်ငံသား ငါးဦးကို ရဲတပ်ဖွဲ့က စွဲချက်တင်လိုက်ပြီးနောက် အနူတင်၏ ပြောကြားချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်ရပ် ဖြစ်ပွားပြီးနောက် အစိုးရအနေဖြင့် နိုးနိုးကြားကြား ရှိနေပြီး နိုင်ငံခြားသားများအား စစ်ဆေး ကြပ်မတ်ခြင်း၊ နိုင်ငံသား ပြောင်းလဲ လျှောက်ထားခြင်းနှင့် သန်းခေါင်စာရင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို တင်းကျပ်ထားကြောင်း အနူတင်က ပြောကြားခဲ့သည်။
ထို့ပြင် ယခုအမှုနှင့် ဆက်နွှယ်သူများကို နိုင်ငံသားဖြစ်ခွင့် ပေးထားသည်ဟူသော ခန့်မှန်းချက်များကိုလည်း ၎င်းက ပယ်ချခဲ့ပြီး ထိုစွပ်စွဲချက်များနှင့်ပတ်သက်သည့် သက်သေ အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိရကြောင်း ဆိုသည်။

အမျိုးသားရဲချုပ် ကစ်သာရတ် ပွန်ပက်ကို တွေ့ရစဉ်
ထိုလက်နက်များ မည်သည့်နေရာမှ ရောက်ရှိလာခြင်းနှင့် ပတ်သက် ဆက်နွှယ်နေသည့် အခြားကွန်ရက်များကို အမြန်ဆုံး ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးမှုများ တိုးမြှင့် လုပ်ဆောင်သွားရန် အမျိုးသားရဲချုပ် ကစ်သာရတ် ပွန်ပက် (Pol Gen Kittharath Punpetch) ကို ညွှန်ကြားထားကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။
ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား သံသယရှိသူ ငါးဦးကိုမူ တရားဝင် လိုင်စင် ထုတ်ပေး၍ မရသော လက်နက် ခဲယမ်းများ လက်ဝယ်ထားရှိမှု၊ ရောင်းချမှုတို့ဖြင့် စွဲချက်တင်ထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
သံသယရှိသူ အားလုံးက စွပ်စွဲချက်များကို ငြင်းဆိုထားကြပြီး အမှုတွဲ တည်ဆောက်နေစဉ်အတွင်း ပြန်လွှတ် ပေးထားကြောင်း သတင်းတွင် ဖော်ပြထားသည်။
Source: ဘန်ကောက်
