CNI International News
ဘန်ကောက်၊ ဧပြီ ၂၀
ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဖြစ်သည့် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) က နာရာသီဝပ် (Narathiwat) ခရိုင်အတွင်း မှောင်ခိုကူးမှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် မငြိမ်သက်မှုများကို ထိန်းချုပ်ရန်အတွက် ဗဟိုဘတ်ဂျက်မှ ရန်ပုံငွေဖြင့် နယ်စပ်ခြံစည်းရိုး ကာရံမည့် စီမံကိန်းကို မူဝါဒပိုင်းအရ အတည်ပြုခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုစီမံကိန်းသည် တောင်ဘက်အစွန်ဆုံးရှိ တာ့ခ်ဘိုင် (Tak Bai) နှင့် ဝါအမ်း (Waeng) ခရိုင်တို့ကို လွှမ်းခြုံထားပြီး တောင်ဘက် နယ်စပ်တစ်လျှောက် လုံခြုံရေးကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း အနူတင်က ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများကို တားဆီးရန်၊ ဥပဒေစိုးမိုးရေး ထိရောက်မှု ရှိစေရန်၊ မငြိမ်သက်မှုများကို လျှော့ချရန်နှင့် ဒေသခံ လူထုအတွင်း ယုံကြည်မှု တည်ဆောက်ရန် ရည်ရွယ်ပြီး နယ်စပ်စည်းရိုး ကာရံမည့် အစီအစဉ်ကို အကောင်အထည် ဖော်နေခြင်းဖြစ်သည်။
လုပ်ငန်း မစတင်မီ အသေးစိတ် ဒီဇိုင်းနှင့် စည်းရိုးကာရံမည့် လမ်းကြောင်းကို အပြီးသတ် သတ်မှတ်သွားမည် ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ထိုင်းခြံစည်းရိုးခတ်နေစဉ်
ပထမအဆင့်အတွက် ရန်ပုံငွေကို ၂၀၂၆ ခုနှစ် ဗဟိုအစိုးရဘတ်ဂျက်မှ ရရှိရန် မျှော်လင့်ထားပြီး လုပ်ငန်းပြီးစီး သည်အထိ နောက်ထပ် အဆင့်များကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ပြည်တွင်းလုံခြုံရေး စစ်ဆင်ရေးကွပ်ကဲမှုဌာန (ISOC) ၏ ညွှန်ကြားရေးမှူး တာဝန်ကိုပါ ထမ်းဆောင်နေသည့် ဝန်ကြီးချုပ် အနူတင်က ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ကြိုးပမ်း အားထုတ်မှုများကို အတူတကွ ပူးပေါင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် ထောက်လှမ်းရေးကို ဦးတည်သည့် စစ်ဆင်ရေး များနှင့် အထောက်အထားများအပေါ် အခြေခံသည့် တရားဥပဒေစိုးမိုးရေး၏ အရေးပါမှုကို ၎င်းက အလေးပေး ပြောကြားခဲ့သည်။
အမှတ် ၄ စစ်ဒေသ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး နာရာသစ် ဖိုနော့ (Narathip Phoynok) ကလည်း လုပ်ငန်း ဆောင်ရွက်မှုများကို စောင့်ကြည့်ရန်နှင့် မူဝါဒဆိုင်ရာ လမ်းညွှန်ချက်များပေးရန် သက်ဆိုင်ရာ အာဏာပိုင်များနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် နာရာသစ်က ခက်ခဲကြမ်းတမ်းသော အခြေအနေများအောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများကို ချီးကျူးခဲ့ပြီး၊ ဒေသတွင်း စီးပွားရေးကို အထောက်အကူ ပြုစေရန်အတွက် နယ်စပ် ကုန်သွယ်ရေး တွင် ပွင့်လင်းမြင်သာမှုရှိပြီး တရားမျှတစေရေး ဆောင်ရွက်ရန်နှင့် ပြည်သူ့အကျိုးစီးပွားကို ဦးစားပေးရန် တိုက်တွန်းခဲ့သည်။
Source: ဘန်ကောက်ပို့စ်
