CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀
တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးကို “ဝ” ကဲ့သို့ နိုင်ငံရေး အဆင့်အတန်းမျိုးပေးရန် အဆင်မပြေသေးကြောင်း၊ သို့သော် ပအိုဝ်းဒေသသည် ကျန်ဒေသများထက် အနည်းငယ် နီးစပ်သည်ဟု ထင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ပအိုဝ်းဒေသသည် မိုင်းလားနှင့် “ဝ” တို့ကဲ့သို့ ထင်ထင်ရှားရှား မဖြစ်နေကြောင်း၊ “ဝ” တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆိုသည့် အဖွဲ့မရှိသည့်အပြင် ဗဟိုကို ဆန့်ကျင်သည့် အတိုက်အခံများလည်း မရှိဘဲ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီနှင့် “ဝ” တပ်မတော်တို့က ထိန်းထားကြောင်း၊ ပအိုဝ်းတွင်မူ ထိုကဲ့သို့ ကျစ်လျစ်မှု မရှိကြောင်း၊ ထို့ကြောင့် ပအိုဝ်းဒေသ အနေဖြင့် “ဝ” ကဲ့သို့ နိုင်ငံရေး အဆင့်အတန်းမျိုးဖြစ်ရန် မလွယ်ကူသေး ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “နောက်ပြီးတော့ သူ့ဆီမှာက အစိုးရ institution တွေရှိတယ်။ စိုက်ပျိုးရေး ဝန်ကြီးဌာန က အဖွဲ့တွေ၊ ပညာရေးဌာနကအဖွဲ့တွေ အစိုးရက ချပေးထားတဲ့ သူ့ဒေသနဲ့သူ လူမှုရေး အဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့တွေက သူ့ထဲမှာ ရပ်တည်ခွင့်၊ လှုပ်ရှားခွင့် ပေးထားတယ်။ ကျန်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေ ဘာညာကိုတော့ သူ့နယ်ထဲမှာ သူကိုင်ထားတယ်။ အဲဒီလို ကိုင်ထားပြီးတော့မှ အစိုးရနဲ့လည်း ဆက်ဆံရေး မပျက် အောင်၊ ဗဟိုပေါ့လေ နေပြည်တော်နဲ့လည်း ဆက်ဆံရေး မပျက်အောင်၊ ဆူးညှောင့်ခလုတ် မဖြစ်အောင် သူက နေတတ်၊ ထိုင်တတ်တာကို။ ဆူးညှောင့်ခလုတ် ဖြစ်မယ့်လူကိုလည်း သူ့ထဲမှာ လက်ခံထားတာ မရှိဘူး။ ကျနော်တို့ ဆီမှာက ပအိုဝ်းမှာက ဆူးညှောင့်ခလုတ် ဖြစ်တဲ့ဟာတွေက အသံတွေက ရှိနေတယ်။ တစ်စုတစ်စည်းတည်း မဖြစ် တာ တွေ့ရတယ်။ နောက်ပြီးတော့ အခုရှိနေတဲ့ အစုအဖွဲ့ပေါ့လေ။ ဦးဆောင်ပါတီနဲ့ လက်နက်ကိုင်ကလည်း “ဝ” လောက် ကျစ်လျစ်တာ မဟုတ်ဘူး။ နောက် “ဝ” လောက် ဘဏ္ဍာရေးခိုင်တာ မဟုတ်ဘူး။ အခုအချိန်အထိ နိုင်ငံတော်ရဲ့ အထောက်အပံ့ကို ရယူနေရတယ် လက်နက်ကိုင်တပ်တွေက။ အဲဒါကြောင့် နိုင်ငံတော် အထောက် အပံ့ကို မယူဘဲနဲ့ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်တယ်ဆိုရင်တော့ မပြောတတ်ဘူးပေါ့။ အခုအချိန်ထိတော့ အသွင်ပြောင်းထားတဲ့ ပြည်သူ့စစ်တွေအားလုံးက အထောက်အပံ့ ရယူပြီးတော့ ရပ်တည်ရတာ တွေ့ရပါတယ်။ အဲဒါကြောင့် “ဝ”အဆင့်ကို ရောက်ဖို့က ၅၀ ရာခိုင်နှုန်းတော့ မရောက်သေးဘူးလို့ ပြောလို့ရတာပေါ့လေ” ဟု ပြောသည်။

UWSA “ဝ”ခေါင်းဆောင်များကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ၅ ခု စုစုပေါင်း (၆) ခု သတ်မှတ်ထားကာ “ဝ” သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဖြစ်သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် ကိုးကန့်သည် ရှမ်းပြည်နယ်အတွင်းရှိ ကုန်းကြမ်းနှင့် လောက်ကိုင် မြို့နယ် များ၊ ပလောင်သည် ရှမ်းပြည်နယ်အတွင်းရှိ နမ့်ဆန်နှင့် မန်တုံ မြို့နယ်များ၊ ဓနုသည် ရှမ်းပြည်နယ်အတွင်းရှိ ရွာငံ နှင့် ပင်းတယ မြို့နယ်များ၊ ပအိုဝ်းသည် ရှမ်းပြည်နယ်အတွင်းရှိ ဟိုပုန်း၊ ဆီဆိုင်နှင့် ပင်လောင်း မြို့နယ်များ၊ နာဂ သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လဟယ်၊ လေရှီးနှင့် နန်းယွန်း မြို့နယ်များတို့ကို ရရှိထားကြသည်။
မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၈၀ နီးပါးကြာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ဗမာမဟုတ်သော တိုင်းရင်းသားများအားလုံးကို “ဝ” ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးသင့်သလား ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား ထောက်ပြလာကြသည်။
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ခွဲပေးရုံဖြင့် မပြီးပြတ်သေး ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
အချို့ လူမျိုးများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ပေးရန် လိုအပ်သော်လည်း အချို့ကိုမူ ပေးရန်မလိုကြောင်း၊ ထိုသို့ ပေးရာတွင်လည်း အခြေခံဥပဒေအရ လုံးဝ လွှတ်ပေး ထား၍ မရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ဆီမှာဆိုရင် ဘာလုပ်လို့ရလဲဆိုတော့ selfautonomous region သို့မဟုတ် national area ပေါ့နော်။ အဲဒီလို အကောင်အထည် ဖော်ပေးလို့ရတယ်။ ကျနော်တို့က လူမျိုးတိုင်း၊ တချို့တိုင်းကို selfautonomy state သော်လည်းကောင်း၊ region သော်လည်းကောင်း ပေးဖို့လိုတာလည်းရှိသလို တချို့ ကြတော့ ပေးဖို့မလိုဘူး။ national area နဲ့ ကျနော်တို့က ဘာလဲဆိုတော့ သူ့ရဲ့ နိုင်ငံရေးအရ ရပိုင်ခွင့်တွေ ဖက်ဒရယ် ကျင့်သုံးမယ်ဆိုရင် ပေးမယ်ဆိုရင်လည်း ဒါ ပြေတယ်။ ကျနော်တို့ မြင်တာတော့ အဲဒီလို မြင်တာပေါ့။ အဲဒါကတော့ ရွေးကောက်ပွဲကို ချဉ်းကပ်ပုံစနစ်တွေ၊ အုပ်ချုပ်ရေးဆိုင်ရာ ချဉ်းကပ်ပုံ စနစ်တွေ၊ နောက်တစ်ခါ သူ့ယဉ်ကျေးမှုကိုသူ အကောင် အထည်ဖော်တဲ့ နေရာမှာ ချဉ်းကပ်ပုံ စနစ်တွေ။ အဲဒီတွေအပေါ်မှာ မူတည်တယ်။ အဲဒီတော့ အားလုံးကို ပေးလို့ ရလား၊ ပေးသင့်လားဆိုတော့ တချို့ ပေးသင့်တယ်။ အခုလက်ရှိ တိုင်း ၇ တိုင်း၊ ပြည်နယ် ၇ ခုအပြင် အထူးဒေသ တွေ ရှိမယ်။ နောက်ထပ် အထူးဒေသတွေ ပေးမယ်ဆိုရင် ပေးလို့ရတာပေါ့။ ကျနော် ပြောလိုတာက။ ဒါပေမယ့် အဲဒီဟာက ဥပဒေအရ တချို့တွေကိုတော့ binding တော့ လုပ်ထားရမယ်။ ဥပဒေအရ ကျနော်တို့က လုံးဝကြီး လွှတ်ပေးလို့တော့ မရဘူး” ဟု ပြောသည်။

ပအိုဝ်း PNO ရဲဘော်များကို တွေ့ရစဉ်
၁၉၅၈ ခုနှစ် မတိုင်ခင်က ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရှမ်း၊ ကချင်၊ ကယား (ကရင်နီ) ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် သီးခြားပြည်နယ် အဆင့်အတန်း ရရှိထားကြပြီး ပြည်နယ်အစိုးရအဖွဲ့များအား သက်ဆိုင် ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပြီး အုပ်ချုပ်ရေး အာဏာအချို့ကို ကိုယ်တိုင်ကျင့်သုံးခွင့် ရှိခဲ့သည်။
ထိုခေတ်က လွှတ်တော်နှစ်ရပ် စနစ်ကို ကျင့်သုံးခြင်းဖြစ်ကာ ဗမာမဟုတ်သော တိုင်းရင်းသားများ အတွက် လူမျိုးစု လွှတ်တော်ဆို၍ရှိခဲ့ပြီး ထိုလွှတ်တော်၌ ဗမာမဟုတ်သော တိုင်းရင်းသား ကိုယ်စားလှယ်များသည် လူဦးရေ အချိုးအစားအလိုက် မဟုတ်ဘဲ ပြည်နယ်အလိုက် သတ်မှတ်ထားသည့် အခွင့်အရေးများအရ နေရာ ရရှိကြခြင်းဖြစ်ကာ ဗမာလူမျိုးစုနှင့် တန်းတူနီးပါး အာဏာချိန်ခွင်လျှာ ညှိနှိုင်းခွင့် ရခဲ့ကြကြောင်း သိရသည်။
၁၉၅၈ ခုနှစ်မှာ တိုင်းရင်းသားများသည် ပြည်ထောင်စုထဲတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ခွဲထွက်ခွင့် ပါရှိသည့် အဆင့်မြင့် နိုင်ငံရေး အဆင့်အတန်း တစ်ခုကို ဥပဒေကြောင်းအရ ပိုင်ဆိုင်ထားသည့် ကာလလည်း ဖြစ်ခဲ့သည်။
လက်ရှိမှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် “ဝ”ကဲ့သို့ အဆင့်အတန်းမျိုး သို့မဟုတ် ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းမျိုး ပေးရန် တောင်းဆိုနေကြသလို ရရှိရေးအတွက်လည်း လက်နက်ကိုင် တိုက်ခိုက်လျက်ရှိသည်။
