CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၉

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာခြင်းနှင့်အတူ ဖြစ်ပေါ်လာခဲ့သော နိုင်ငံရေး အကျပ်အတည်းကို မည်ကဲ့သို့ ဖြေရှင်းကြမလဲဆိုသည့်အပေါ် ပြည်တွင်းရှိ နိုင်ငံရေးနှင့် စစ်ရေး အသိုင်းအဝိုင်းကြား ဆွေးနွေးလျက်ရှိနေသည်။

တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေး အများအပြား ရပ်တန့်နေသလို သယ်ယူပို့ဆောင်ရေး၊ ကူးသန်း ရောင်း/ဝယ်ရေး လုပ်ငန်းများလည်း အနည်းအကျဉ်းသာ လုပ်ဆောင်နိုင်ကြောင်း သိရသည်။

ပဋိပက္ခကို မလျှော့ချနိုင်ပါက ပြည်သူလူထုမှာ လက်ရှိ ကြုံတွေ့နေရသည့် အကျပ်အတည်းထက် ပို၍ကြုံတွေ့ ရမှာဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးများလည်း ခက်ခဲလာမှာဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင် အဖွဲ့များကို တွေ့ရစဉ်

၎င်းက “နိုင်ငံရေး ကောင်းဖို့ဆိုတာက နိုင်ငံရေး ဆွေးနွေးမှပဲ နိုင်ငံရေးကောင်းကိုရရှိမှာ ဒါကြောင့် နိုင်ငံရေးအရ တိုက်နေတဲ့ လူတွေက ပါဝင်ဆွေးနွေးကြဖို့လိုတယ်၊ ပြီးတော့ နိုင်ငံရေး သဘောတူညီချက်ပေါ့လေ၊ အဲဒါတွေ လည်း ရထားဖို့လိုတယ်၊ အဲဒါတွေရထားမှ ပဋိပက္ခလည်း လျော့မယ်၊ တိုက်ပွဲလည်း ရပ်မယ်၊ ပြန်လည်ထူထောင် ရေးကိုလည်း စလုပ်လို့ရမယ်။ အခုချိန်ကတော့ ဘာမှလုပ်လို့ မရသေးတဲ့သဘော ဖြစ်တာကို၊ ပိုဆိုးမယ့် အနေအထားရှိပါတယ်။ ဘာမှ အကွက်မပြောင်းရင်ပေါ့လေ၊ ဒီအတိုင်းပဲ တစ်ဖက်ကလည်းတိုက်၊ တစ်ဖက် ကလည်း ခြိမ်းခြောက်၊ တစ်ဖက်ကလည်း ဗုံးကြဲ အဲဒီလိုပဲ ရင်ဆိုင်နေရင်တော့ ပြည်သူလူထု ထပ်မံ ဒုက္ခရောက်ဖို့ ရှိပါတယ်။ အခု ဒုက္ခထက်ကို ပိုဆိုးတဲ့ ဒုက္ခရောက်ဖို့ပဲ ရှိပါတယ်။ ဒါကြောင့် အဲဒီလို နက်ရှိုင်းတဲ့ ဒုက္ခကြီးတွေများ လာလို့ရှိရင်တော့ ပြန်လည်ထူထောင်ရေးကလည်း ပိုခက်ခဲလာမှာပေါ့ဗျာ၊ အားလုံးက ဆက်စပ်နေတာကို အဲဒါကြောင့်ပါ” ဟု ပြောသည်။

တိုင်းပြည်တည်ငြိမ်ပြီး ပုံမှန်ပြန်ဖြစ်ရန် လက်နက်ကိုင် အဖွဲ့အစည်းများ၏ လိုလားချက်အပေါ် မူတည်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခု အခြေနေမျိုးတော့ ဘယ်လိုမျိုး အဆင်ပြေမလဲဆိုတာကိုတော့ သုံးသပ်ရတာ ခက်ခဲတယ်ဗျ၊ တကယ် တော့ ဒီဗမာပြည် ပုံမှန်ဖြစ်လာမှပဲ ဒီဟာတွေကို ကုန်ဈေးနှုန်းတို့ တခြားဟာတွေ တည်ငြိမ်မှာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ပုံမှန် Stable (တည်ငြိမ်သော) ဖြစ်ဖို့ဆိုတာက အခုက ဘက်နှစ်ဖက်က ဖြစ်နေတာ၊ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေက ဘက်နှစ်ဖက်ဖြစ်နေတော့ ဒီဘက်နှစ်ဖက်ကို သူတို့ရဲ့ လိုလားချက်တွေက ဘယ်လိုမျိုး ဖြစ်သလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါလိမ့်မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ပြီး နှစ်ပေါင်း ၇၀ ကျော်ကြာသည်အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

လက်နက်ကိုင်၊ စစ်တပ်နဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်များကိုတွေ့ရစဉ်

ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် တိုင်းပြည်အနှံ့ တိုက်ပွဲများ ဖြစ်ပွားလာကာ နယ်စပ်ဒေသတွင် သာမက ယခင်က တိုက်ပွဲများ မရှိခဲ့သော ပြည်မဒေသများအထိ ရောက်ရှိလာခဲ့သည်။

တိုက်ပွဲများကြောင့် တိုင်းပြည်၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေးများမှာ အဖက်ဖက်က ယိုယွင်းကျဆင်းလျက်ရှိနေပြီး ပြည်သူလူထုများမှာလည်း ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ငွေကြေး ဖောင်းပွမှု၊ နယ်မြေမလုံခြုံမှု၊ အလုပ်အကိုင် ရှားပါးမှုများဖြင့် ရင်ဆိုင်နေကြရသည် ။

ပြည်တွင်းပဋိပက္ခ ဖြေရှင်းနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့၊ နိုင်ငံရေးပါတီအချို့၊ အာဆီယံ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းအချို့က ကြိုးပမ်းလျက်ရှိနေသော်လည်း ယနေ့ချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိ သေးသည်ကို တွေ့ရသည်။

အခြားတစ်ဖက်တွင် ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေကြသော လက်နက်ကိုင် အဖွဲ့အစည်းများမှာ တွေ့ဆုံ ဆွေးနွေး၍ ဖြေရှင်းရေးထက် တစ်ဖက်နှင့်တစ်ဖက် အပြုတ်တိုက်ရေးကိုသာ ဦးတည်နေကြကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်မှုများ ရှိနေသည်။