CNI International News

ဘန်ကောက်၊ ဩဂုတ် ၁၉

ထိုင်းနိုင်ငံတွင် ဖြူးထိုင်းပါတီခေါင်းဆောင် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ကို ဝန်ကြီးချုပ် သစ်အဖြစ် တင်မြှောက်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) အနေဖြင့် ဖျက်သိမ်း ခံခဲ့ရသည့် Move Forward Party (MFP)၏ အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် ပြည်သူ့ပါတီ 
(PP) နှင့် ဆက်လက် ယှဉ်ပြိုင်ရန် အစွမ်းကုန် လုပ်ဆောင်သွားမည့်သဘော သက်ရောက်သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

နိုင်ငံရေး အတွေ့အကြုံမရှိသည့် ပေတုန်တန် (၃၇ နှစ်) သည် ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဝန်ကြီးချုပ်ဆရီသာ သာဗီဆင် (Srettha Thavisin) ၏ နေရာတွင် အစားထိုး တာဝန်ထမ်းဆောင်ရန် ဩဂုတ် ၁၆ ရက်က အောက်လွှတ်တော်တွင် မဲပေးရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ညွန့်ပေါင်းအစိုးရဖွဲ့ရန် ကွန်ဆာဗေးတစ်ပါတီများနှင့် မဟာမိတ်ဖွဲ့ခဲ့သည့် ဖြူးထိုင်းပါတီသည် လက်ရှိတွင် PP နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိရန်အတွက် ကွန်ဆာဗေးတစ် အင်အားစု အသစ်တစ်ခုဖြစ်လာသည်ဟု ယူဆရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

 MFP ပါတီခေါင်းဆောင်နဲ့ ထောက်ခံသူများကို တွေ့ရစဉ်

ကွန်ဆာဗေးတစ် အင်အားစုများကလည်း ထိုင်း၏ အင်အားအကြီးဆုံး အတိုက်အခံပါတီဖြစ်သည့် PP နှင့် ယှဉ်ပြိုင်ရန် ၎င်းတို့၏ မဟာဗျူဟာများအတိုင်း ဆက်လက် လုပ်ဆောင်ခဲ့သည်။

ယခုအချိန်တွင် ဖြူးထိုင်းကို ကွန်ဆာဗေးတစ် အင်အားစုအတွင်းသို့ ဆွဲသွင်းလာခဲ့ခြင်းဖြစ်သည်ဟု King Prajadhipok's Institute မှ ဒီမိုကရေစီ ဆန်းသစ်ပြောင်းလဲရေးရုံး၏ ညွှန်ကြားရေးမှူး စတီသွန်း သန်နာနီသီချော့ (Stithorn Thananithichot) က ပြောကြားခဲ့သည်။

ဩဂုတ် ၁၄ ရက် ညပိုင်းကလည်း ညွန့်ပေါင်းအစိုးရအဖွဲ့ထဲမှ ထိပ်သီးခေါင်းဆောင်များသည် ဘန်ကောက် မြို့တော်ရှိ သက်ဆင်၏ နေအိမ်တွင် တွေ့ဆုံခဲ့ကြပြီး ဝန်ကြီးချုပ်နေရာအတွက် တရားရေးဝန်ကြီးဟောင်း လည်းဖြစ် အစိုးရရှေ့နေချုပ်လည်းဖြစ်သည့် ချိုင်ကာဆမ် နီတိသီရိ (Chaikasem Nitisiri) ကိုရွေးချယ်ရန် သဘောတူခဲ့ကြသည်။

မည်သို့ပင်ဆိုစေ ဩဂုတ် ၁၅ ရက်တွင်မူ ဖြူးထိုင်းပါတီ အလုပ်အမှုဆောင်ဘုတ်အဖွဲ့က ပေတုန်တန်ကို ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ကြသည်။

 ပေတုန်တန်ကို တွေ့ရစဉ်

ထိုသို့ လုပ်ဆောင်ခြင်းသည် ဖြူးထိုင်းပါတီ အနေဖြင့် ယခင်က အရေးနိမ့်ခဲ့သည့် မဲဆန္ဒနယ်များတွင် မဲဆန္ဒရှင် များ၏ ထောက်ခံမှုကို ပြန်လည်ရရှိစေရန် နောက်ဆုံး ရွှေ့ကွက်တစ်ခုဖြစ်ကြောင်း၊  ထိုအစီအစဉ်သည် အလုပ် မဖြစ်ပါက PP ကို ယှဉ်ပြိုင်ရန် မဟာဗျူဟာအသစ်တစ်ခု လိုအပ်လိမ့်မည်ဖြစ်ကြောင်း မစ္စတာ စတီသွန်းက ပြောကြားခဲ့သည်။

"ဒီအစီအစဉ်က အောင်မြင်လိမ့်ပါမယ်။ အစိုးရအဖွဲ့အနေနဲ့ ဂရုတစိုက် ချဉ်းကပ်ဆောင်ရွက် ရပါလိမ့်မယ်။ အထူးသဖြင့် မမျှော်လင့်ဘဲ ကြုံတွေ့လာရနိုင်တဲ့ တရားရေးဆိုင်ရာ ဘေးအန္တရာယ်တွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ ဂရုစိုက်ရမှာပါ။ ကွန်ဆာဗေးတစ် အင်အားစုတွေကို စိတ်ဆိုးအောင်မလုပ်တာ ပိုကောင်းပါလိမ့်မယ်"ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ရှင်နာဝပ် မိသားစု၏ ဝန်ကြီးချုပ်ဖြစ်လာသည့် ပေတုန်တန်အပေါ် လူထု၏ မျှော်လင့်ချက်များ ကြီးမားနေ သည့်အတွက် နိုင်ငံရေးအခြေအနေသည် ပိုမိုပြင်းထန်လာလိမ့်မည်ဟုလည်း စတီသွန်းက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်