CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅

လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများအကြားမှာ အရပ်သားများ ထိခိုက် သေဆုံးမှုများ ရှိနေခြင်းကြောင့် ဘယ်လိုဖြေရှင်းသင့်လဲဆိုပြီး နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးလာ နေကြသည်။

မြန်မာ့တပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့အကြား လည်းကောင်း၊ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား လည်းကောင်း တိုက်ပွဲများဖြစ်ပွားနေပြီး အပြန်အလှန်စွပ်စွဲ သတ်ဖြတ်မှု၊ ဖမ်းဆီးမှုများမှ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုများပြားလာခဲ့သည်။

အရပ်သားများ သေဆုံးနေသည့် ပြဿနာကို ဖြေရှင်းနိုင်ဖို့မှာ ဘက်မလိုက် အဖွဲ့အစည်းမှ ကြားဝင်ဖြေရှင်းသင့် ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

မြိုင်တောင်ပိုင်းမှာ PDF ၅ ဦးနဲ့ အရပ်သား ၁ ဦး သတ်ဖြတ်ခံရစဉ်

၎င်းက “ဒီဟာကို ကျနော်တို့က ဘယ်လိုဖြေရှင်းမလဲဆိုတော့ ကျ‌နော်ကတော့ ဒါကို ရည်ရွယ်ချက်လေး၊ ဆန္ဒလေး ရှိတဲ့အတွက် ကျနော် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေကို Alarm လုပ်ထားတယ်ဗျ၊ Alarm လုပ်ပြီးတော့ ကျ‌နော်တို့ ဖွဲ့၊ ဖွဲ့ပြီးတော့ စီမံချက်ဆွဲ ဆွဲပြီးတော့ နစကနဲ့ တွေ့ခွင့်တောင်း တောင်းပြီးတော့ ကျနော်တို့ ကျနော် တို့ရဲ့ Plan ကို ချပြလို့ သူတို့လည်း ဒီဟာကိုလက်ခံတယ်၊ ပြုတယ်ဆိုရင် ကျနော်တို့က ဟိုဖက်လည်း လှမ်းဆက် သွယ်မှာပေါ့ဗျာ၊ ဆက်သွယ်ပြီးတော့ တစ်ဖက်နဲ့ တစ်ဖက် ညှိနှိုင်းအောင် ကြားထဲက ဆောင်ရွက်ချင်တဲ့စိတ်တော့ ကျနော်မှာ ရှိတယ်ဗျ၊ သို့သော်လည်း အခြေအနေတွေက ပြည်တွင်းမှာက စဖို့တောင် ခက်နေတဲ့ အနေအထားမှာ ရှိနေတာ” ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက် ညပိုင်းက အဆိုတော် လီလီနိုင်ကျော်သည် ၎င်း၏ နေအိမ်တိုက်ခန်းရှေ့တွင် လုပ်ကြံခံရပြီးနောက် ဇွန်လ ၆ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။

ထို့နောက် လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သူ ကောင်းဇာနည်ဟိန်း(ခ)လပြည့်နှင့် ကျော်သူရ(ခ)အီးတီ တို့နှစ်ဦးထဲမှ ကောင်းဇာနည်ဟိန်း၏ မိခင်ဖြစ်သူနှင့် အစ်မဖြစ်သူတို့ သတ်ဖြတ်ခံခဲ့ရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ပြောင်းလဲခဲ့သည့် နိုင်ငံရေး အခင်းအကျင်းနှင့် အတူ လက်နက်ကိုင် ပဋိပက္ခများ ပိုမို ပြင်းထန်လာခဲ့သလို နိုင်ငံတစ်ဝှမ်းမှာလည်း သူလျှို ဒလန်စွပ်စွဲမှုများဖြင့် အရပ်သားများ သတ် ဖြတ် ခံနေရသလို အကြမ်းဖက်မှု အားပေအားမြောက်သူဟု စွပ်စွဲမှုများဖြင့်လည်း အရပ်သားများ သတ်ဖြတ်ခံနေရ သည်။

အဆိုပါ ပဋိပက္ခများအကြား အရပ်သားများမှာ မြေစာပင် ဖြစ်ပွားရကြောင်း၊ ပင်လုံစာချုပ်ကို အကောင်အထည် မဖော်သည့် နောက်ဆက်တွဲ ပြဿနာများဖြစ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တောတွင်းတစ်နေရာ၌ တွေ့ရစဉ်(အင်းတော် PDF)

၎င်းက “စစ်ဖြစ်ပြီဆိုတော့ ကမ္ဘောဒီးယားပဲ ကြည့်ကြည့်၊ ယူဂိုဆလားဗီးယားပဲ ကြည့်ကြည့်၊ စစ်ဖြစ်ပြီဆို‌တော့ နှစ်ဖက်ကြားမှာတော့ ပြည်သူလူထုတွေကတော့ မြေစာပင် ဖြစ်တာတော့ သဘာဝဖြစ်တယ်၊ ဘာကြောင့်လဲ ဆို‌‌တော့ စစ်ကိုကြတော့ ဒါမျိုးကြတော့ မဖြစ်စေချင်ဘူး။ ဒါကြောင့်လဲ စစ်ကို ဘယ်သူက စတင်သလဲ၊ ဘယ်သူက လုပ်သလဲ၊ အဲဒီအပေါ်မှာပဲ မူတည်ပါတယ်၊ စစ်မဖြစ်ရင်တော့ ပိုကောင်းတာပေါ့၊ ကျနော်တို့ နိုင်ငံကတော့ စစ်ဖြစ် တာတော့ ကြာပြီပေါ့၊ နှစ်ပေါင်း ၇၀ ကျော်သွားပြီပေါ့၊ အဓိက-ကတော့ ပင်လုံစာချုပ် အကောင်အထည် မဖော်တဲ့ ‌နောက်ဆက်တွဲ ပြဿနာ၊ ပင်လုံစာချုပ်ကို အကောင်အထည် ဖော်လိုက်ရင်တော့ စစ်တွေက သူ့ဟာနဲ့သူ ရပ်နား သွားပါလိမ့်မယ်၊ ပထမဦးဆုံး ပင်လုံစာချုပ်ကို အကောင်အထည်ဖော်၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်‌ ဆောက်သွားမယ်ဆိုရင်တော့ ဒီစစ်တွေက ငြိမ်းချမ်းသွားမယ်လို့ ကျနော်က ဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြောင်းလဲခဲ့သည့် နိုင်ငံရေး အခင်းအကျင်း နှစ်နှစ်ကျော်အတွင်းမှာ သေဆုံးခဲ့သည့် အရပ်သား ၈,၆၄၀ ဦးထက် မနည်းရှိခဲ့ကြောင်း၊ ယခု ၂၀၂၃ ခုနှစ် ပထမ ငါးလတာအတွင်း လက်နက်ကိုင် ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် အရပ်သား ၇၄၈ ဦးထက်မနည်း စံချိန်တင် သေဆုံးခဲ့ကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။