CNI News 

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၉

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွက်ကဲမှုအဖွဲ့ကို သြဂုတ် ၁၆ ရက်နေ့က ဖွဲ့စည်း လိုက်ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အဖွဲ့ကို အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် နယ်စပ်ရေးရာဝန်ကြီးက တာဝန်ယူမည် ဖြစ်ပြီး ဒုဥက္ကဋ္ဌ(၁)အဖြစ် ဒုတိယကာကွယ်ရေးဝန်ကြီး၊ ဒုဥက္ကဋ္ဌ(၂) ဒုတိယပြည်ထဲရေးဝန်ကြီးတို့က တာဝန်ယူမည် ဖြစ်သည်။

ထို့နောက်  တွဲဖက်စစ်ရေးချုပ်၊ တွဲဖက်စစ်ထောက်ချုပ်၊ တိုင်းစစ်ဌာနချုပ်အားလုံးမှ ဒုတိယတိုင်းမှူးများ၊ တိုင်းဒေ သကြီးနှင့် ပြည်နယ်အားလုံးမှ နယ်လုံဝန်ကြီးများ၊ ရဲချုပ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဌာနချုပ်မှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စီမံရေးနှင့်တာဝန်ဌာနမှ စစ်ဦးစီးဗိုလ်မှူးကြီး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မီးသတ်ဦးစီးဌာန ဒဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အဖွဲ့ဝင်များဖြစ်ပြီး အတွင်းရေးမှူးကတော့ ဥက္ကဋ္ဌမှ တာဝန်ပေးသူအပ်သူ ၁ ဦးက တာဝန်ယူမည်ဖြစ်သည်။

ထိုအဖွဲ့သည် တပ်ဖွဲ့ဝင်များအား နောက်ပိုင်းနယ်မြေလုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်၊ စစ်မြေပြင်တာဝန်၊ ရှေ့တန်းစစ်ဆင်ရေး နယ်မြေများအတွက် ထောက်ပံ့ရေး၊ ဆက်သွယ်ရေးနှင့် ဒဏ်ရာရလူနာများ ရွှေ့ဆုတ်ရေး၊ ကယ်ဆယ်ရေး တာဝန်များ ထမ်းဆောင်နိုင်ရန် လေ့ကျင့်ပေးခြင်းများ လုပ်ဆောင်ရမည်ဖြစ်သည်။

ထို့အပြင် အခြေအနေနှင့် အချိန်အခါပေါ်မူတည်၍ ပြုန်းတီးသွားသော အင်အားများ ဖြည့်တင်းပေးခြင်းနှင့် တိုးချဲ့ ဖွဲ့စည်းခြင်း၊ ခေတ်ကာလနှင့်လိုက်လျောညီထွေသော အရည်အချင်းဖြည့်တင်းမှု၊ တိုးတက်ပြင်ဆင် ဖွဲ့စည်းမှု၊ စိတ်ဓာတ်ပိုင်းဖြည့်ဆည်းမှုများ အဆက်မပြတ် ဆောင်ရွက်ပေးခြင်း၊ နည်းပညာမြင့် စစ်လက်နက် ပစ္စည်းများ ကိုင်တွယ်အသုံးပြုနိုင်ရန် အတတ်ပညာရှင်များ ထည့်သွင်းဖွဲ့စည်းခြင်းတို့လည်း လုပ်ဆောင်ရမည် ဖြစ်သည်။

အလားတူ တပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်မှု ကာလပေါ်မူတည်၍ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီ ရွှေ့ဆိုင်း ခွင့်၊ လျှော့ပေါ့ခွင့်၊ ကင်းလွတ်ခွင့်များ ဆောင်ရွက်ပေးပေးခြင်း၊ တာဝန်ထမ်းဆောင်မည့် နယ်မြေဒေသနှင့်သက် ဆိုင်သည့် တိုင်းစစ်ဌာနချုပ်များ၊ တပ်နယ်များနှင့်ညှိနှိုင်း၍ နယ်မြေပိုင်းခြားပေးခြင်းနှင့် တာဝန်အမျိုးအစား သတ်မှတ်ပေးခြင်း၊ ဒဏ်ရာနှင့် တိုက်ပွဲကျဆုံးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ကူညီမှုများ ရရှိအောင် ဆောင်ရွက် ပေးခြင်းများကို ကြီးကြပ်စီမံရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။