CNI News

၂၀၂၅ ခုနှစ်၊ မေလ ၁၃

အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နှင့် ဆွေးနွေးသည့်အခါ အချက် ၃ ချက်အပေါ် ရပ်တည်၍ အဓိကဆွေးနွေးမည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီက ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်က ပြည်သူသို့မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့သည်။

မိမိတို့သည် ပါကစ္စတန်၏ အကြမ်းဖက်စခန်းများနှင့် စစ်ရေးစခန်းများကို ပြန်လည်တုံ့ပြန်မည့် လုပ်ရပ်ကို ယခု အချိန်တွင် ခဏတာ ရွှေ့ဆိုင်းထားခြင်းသာဖြစ်ပြီး လာမည့်ရက်များအတွင်း ပါကစ္စတန်၏ လှုပ်ရှားမှုတိုင်းအား သူတို့ ရှေ့ရေးသဘောထားအပေါ် အခြေခံ၍ တိုင်းတာသုံးသပ်သွားမည်ဟု ၎င်းက ပြောသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက “ ပထမဦးစွာ အိန္ဒိယနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်ခံရပါက သင့်လျော်သော အကြောင်းပြန်ချက် ပေးမည်ဖြစ်သည်။ ကျွနှ်ပ်တို့သည် ကျွနှ်ပ်တို့၏ သတ်မှတ်ထားချက်များ၌ သင့်လျော်သော တုံ့ပြန်မှုကို ပေးပါမည်။ အကြမ်းဖက်မှုတွေရဲ့ အမြစ်တွေ ပေါ်ပေါက်လာတဲ့ နေရာတိုင်းကို တင်းတင်းကျပ်ကျပ် အရေးယူသွားမယ်။ ဒုတိယအနေဖြင့် အိန္ဒိယသည် မည်သည့် နျူကလီးယား ခြိမ်းခြောက်မှုမျိုးကိုမျှ သည်းခံမည် မဟုတ်ပါ။ နျူကလီးယား ခြိမ်းခြောက်မှု လွှမ်းမိုးမှုအောက်တွင် ဖြစ်ပေါ်နေသော အကြမ်းဖက် ခိုအောင်းရာများကို အိန္ဒိယက တိတိကျကျ ပြတ်ပြတ်သားသား တိုက်ခိုက်မည်ဖြစ်သည်။ တတိယအနေနဲ့ အကြမ်းဖက်ဝါဒကို ပံ့ပိုးပေး နေတဲ့ အစိုးရနဲ့ အကြမ်းဖက်ဝါဒရဲ့ ချုပ်ကိုင်စီစဉ်သူတွေကြားကို ခွဲခြားမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

အိန္ဒိယနဲ့ ပါကစ္စတန် အခြေအနေကို ပြသထားစဉ်

ထို့နောက် Sindoor စစ်ဆင်ရေးအတွင်း ပါကစ္စတန်စစ်တပ်မှ ထိပ်တန်းအရာရှိများက သေဆုံးသွားသော အကြမ်း ဖက်သမားများကို နှုတ်ဆက်ရန် ရောက်လာသောအခါ ပါကစ္စတန်၏၏ အကျည်းတန်သော မျက်နှာကို ကမ္ဘာက ထပ်မံ မြင်တွေ့ခဲ့ရကြောင်း၊ ဤသည်မှာ နိုင်ငံက ကျောထောက်နောက်ခံပေးထားသော အကြမ်းဖက်မှု၏ ခိုင်မာ သော အထောက်အထားဖြစ်ကြောင်း၊ အိန္ဒိယနှင့် ကျွနှ်ပ်တို့၏ နိုင်ငံသားများကို မည်သည့် ခြိမ်းခြောက်မှုမျိုးမှမဆို ကာကွယ်ရန် ပြတ်သားသော ဆောင်ရွက်ချက်များကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။

အိန္ဒိယနိုင်ငံဘက်ခြမ်းက ကက်ရှ်မီးယားပြည်နယ်၊ ပါဟာဂမ်ဒေသတွင် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂ ရက်က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ခရီးသွား ၂၆ ဦး သေဆုံးခဲ့သည်။

အဆိုပါ အကြမ်းဖက်တိုက်ခိုက်သူများသည် ပါကစ္စတန်ဘက်မှ ထောက်ပံ့ပေးထားသော အကြမ်းဖက်အဖွဲ့အစည်း များဖြစ်ကြောင်း အိန္ဒိယဘက်က စွပ်စွဲ၍ ဆင်ဒူစစ်ဆင်ရေး(Operation Sindoor)ကို မေလ ၇ ရက်စတင်ကာ ပါကစ္စတန်ဘက်ရှိ နေရာ  ၉ နေရာကို အိန္ဒိယက တိုက်ခိုက်ခဲ့သည်။

အိန္ဒိယက ဆင်ဒူစစ်ဆင်ရေး အကြောင်းကို ရှင်းပြနေစဉ်

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမား ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောသည်။

 အိန္ဒိယ၏ ခိုင်မာတောင့်တင်းသော လေကြောင်းရန် ကာကွယ်ရေးစနစ်က ၎င်းတို့ကို ကောင်းကင်ယံတွင် ဖျက်ဆီး ပစ်ခဲ့ကြောင်း၊ ပါကစ္စတန်သည် နယ်စပ်ကို တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သော်လည်း အိန္ဒိယသည် ပါကစ္စတန် အလယ် ဗဟိုကို တိုက်ခိုက်ခဲ့ကြောင်း၊ အိန္ဒိယ၏ ဒရုန်းများနှင့် ဒုံးကျည်များက တိကျစွာ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြော သည်။

လက်ရှိတွင် အိန္ဒိယနှင့်ပါကစ္စတန်ကြား အပစ်ခတ်ရပ်စဲရေးအတွက် သဘောတူညီမှုရရှိထားပြီး အကြမ်းဖက်ဝါဒ ကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးရန် ပြင်ဆင်နေကြသည်။