CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၃
ပါကစ္စတန်နိုင်ငံအတွင်းက အကြမ်းဖက်မှုကို နှိမ်နင်းသည့် စစ်ဆင်ရေးအတွင်း “Made in India- အိန္ဒိယထုတ်” လက်နက်များ၏ ယုံကြည်စိတ်ချရမှုကို သက်သေထူပြခဲ့ပြီးဖြစ်၍ ၂၁ ရာစု စစ်ပွဲများမှာ “Made in India” ကာကွယ်ရေးပစ္စည်းများ၏ အချိန်ကာလ ရောက်ရှိလာပြီဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောသည်။
၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်က အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ပြည်သူသို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် မိုဒီက “ စစ်မြေပြင်တိုင်းမှာ ပါကစ္စတန်ကို ကျနော်တို့ အကြိမ်ကြိမ် အနိုင်ယူခဲ့ပါတယ်။ ယခုတစ်ကြိမ် တွင် Operation Sindoor သည် အတိုင်းအတာအသစ်တစ်မျိုး ထပ်မံဖြည့်ဆည်းပေးလိုက်ပါတယ်။ ကျနော်တို့ရဲ့ စွမ်းရည်တွေကို သဲကန္တာရတွေ၊ တောင်တန်းတွေမှာရော ခေတ်သစ်စစ်ရေးမှာပါ ကျနော်တို့ရဲ့ သာလွန်မှုကို သက် သေပြခဲ့ပါတယ်။ ဤစစ်ဆင်ရေးအတွင်း “Made in India- အိန္ဒိယထုတ်” လက်နက်တွေရဲ့ ယုံကြည်စိတ်ချရမှုကို လည်း သက်သေထူပြခဲ့ပါတယ်။ ၂၁ ရာစု စစ်ပွဲတွေမှာ “Made in India”ကာကွယ်ရေးပစ္စည်းတွေရဲ့ အချိန်ကာလ ရောက်ရှိလာပြီဆိုတာ ယနေ့ကမ္ဘာက မြင်တွေ့နေရပါပြီ”ဟု ပြောသည်။
အိန္ဒိယနိုင်ငံဘက်ခြမ်းက ကက်ရှ်မီးယားပြည်နယ်၊ ပါဟာဂမ်ဒေသတွင် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂ ရက်က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ခရီးသွား ၂၆ ဦး သေဆုံးခဲ့သည်။
အဆိုပါ အကြမ်းဖက်တိုက်ခိုက်သူများသည် ပါကစ္စတန်ဘက်မှ ထောက်ပံ့ပေးထားသော အကြမ်းဖက်အဖွဲ့အစည်း များဖြစ်ကြောင်း အိန္ဒိယဘက်က စွပ်စွဲ၍ ဆင်ဒူစစ်ဆင်ရေး(Operation Sindoor)ကို မေလ ၇ ရက်စတင်ကာ ပါကစ္စတန်ဘက်ရှိ နေရာ ၉ နေရာကို အိန္ဒိယက တိုက်ခိုက်ခဲ့သည်။
အိန္ဒိယစစ်တပ်က ဆင်ဒူစစ်ဆင်ရေးကို ရှင်းပြနေစဉ်
အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမား ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြော သည်။
၎င်းက “အိန္ဒိယတပ်ဖွဲ့များသည် ပါကစ္စတန်ရှိ အကြမ်းဖက် ခိုအောင်းရာနေရာများနှင့် ၎င်းတို့၏ လေ့ကျင့်ရေး စင်တာများကို တိကျစွာ တိုက်ခိုက်ခဲ့သည်။ ပါကစ္စတန်ရှိ အကြမ်းဖက်အဖွဲ့များ၏ အဆောက်အအုံများကို အိန္ဒိယ ၏ ဒုံးကျည်များနှင့် မောင်းသူမဲ့လေယာဉ်များက တိုက်ခိုက်သောအခါတွင် အကြမ်းဖက်အဖွဲ့များ၏ အဆောက် အအုံများသာမက ၎င်းတို့၏သတ္တိကိုလည်း ဆိုးရွားစွာ ယိမ်းယိုင်စေခဲ့သည်။ Bahawalpur နှင့် Muridke ကဲ့သို့ သော အကြမ်းဖက်အခြေစိုက်စခန်းများသည် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှု၏ တက္ကသိုလ်များဖြစ်သည်။ အကြမ်းဖက်ခေါင်းဆောင် အများအပြားသည် ပါကစ္စတန်တွင် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုခွဲမှ ဆယ်စုနှစ် သုံးခု အထိ လွတ်လပ်စွာ လှည့်လည်သွားလာကာ အိန္ဒိယကို ဆန့်ကျင်ရန် ပူးပေါင်းကြံစည်ခဲ့ကြသည်။ အိန္ဒိယက သူတို့ကို တစ်ချက်ထဲဖြင့် သတ်လိုက်ပါသည်”ဟု ပြောသည်။
အိန္ဒိယက ပါကစ္စတန်ဘက်ခြမ်းကို တိုက်ခိုက်ခဲ့တဲ့ နေရာ ၉ နေရာကို တွေ့ရစဉ်
အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် အိန္ဒိယ၏ လုပ်ဆောင်ချက်ကို ပံ့ပိုးမပေးဘဲ ပါကစ္စတန်သည် အိန္ဒိယကို ကိုယ်တိုင် တိုက်ခိုက်ရန် စတင်ခဲ့ကြောင်း၊ ပါကစ္စတန်သည် မိမိတို့၏ ကျောင်းများ၊ ကောလိပ်များ၊ ဂူရူဒွါရ်များ (ဆစ်ခ်ဘုရားကျောင်းများ)၊ ဘုရားကျောင်းများနှင့် အရပ်သားများ၏ အိမ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ ပါကစ္စတန်သည် မိမိတို့၏ စစ်အခြေစိုက် စခန်းကိုလည်း ပစ်မှတ်ထားခဲ့ကြောင်း၊ ပါကစ္စတန်၏ ဒရုန်းများနှင့် ဒုံးကျည်များသည် အိန္ဒိယရှေ့တွင် ကောက်ရိုးကဲ့သို့ ပြုတ်ကျသည်ကို ကမ္ဘာက မြင်တွေ့ခဲ့ရကြောင်း အိန္ဒိယဝန်ကြီး ချုပ် မိုဒီက ပြောသည်။
ထို့နောက် အိန္ဒိယ၏ ခိုင်မာတောင့်တင်းသော လေကြောင်းရန် ကာကွယ်ရေးစနစ်က ၎င်းတို့ကို ကောင်းကင်ယံ တွင် ဖျက်ဆီး ပစ်ခဲ့ကြောင်း၊ ပါကစ္စတန်သည် နယ်စပ်ကို တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သော်လည်း အိန္ဒိယသည် ပါကစ္စတန် အလယ်ဗဟိုကို တိုက်ခိုက်ခဲ့ကြောင်း၊ အိန္ဒိယ၏ ဒရုန်းများနှင့် ဒုံးကျည်များက တိကျစွာ တိုက်ခိုက်ခဲ့ ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် အိန္ဒိယနှင့်ပါကစ္စတန်ကြား အပစ်ခတ်ရပ်စဲရေးအတွက် သဘောတူညီမှုရရှိထားပြီး အကြမ်းဖက်ဝါဒ ကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးရန် ပြင်ဆင်နေကြသည်။