CNI International News
ဟောင်ကောင်၊ မေလ ၁၅
အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန်ကြား တိုက်ခိုက်မှုများ ရက်အနည်းငယ် ဖြစ်ပွားခဲ့ချိန်တွင် ပါကစ္စတန်သည် တရုတ်နိုင်ငံလုပ် လေယာဉ်နှင့် လက်နက်များကို အသုံးပြုခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုပဋိပက္ခအတွင်း ရုရှားနှင့် အနောက်နိုင်ငံတို့က ထုတ်လုပ်ထားသည့် လက်နက်များကို အသုံးပြုခဲ့သည့် အိန္ဒိယစစ်တပ်၏ တိုက်ခိုက်မှုကို ပါကစ္စတန်က တရုတ်နိုင်ငံလုပ် လက်နက်များဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။
တရုတ်သည် ပါကစ္စတန်အား လက်နက်အများဆုံး ရောင်းချပေးနေသည့် နိုင်ငံဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်ကြား ပါကစ္စတန်၏ လက်နက်ဝယ်ယူမှု စုစုပေါင်း၏ ၈၁ ရာခိုင်နှုန်းသည် တရုတ်ထံမှ ဝယ်ယူခဲ့ခြင်းဖြစ် ကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအင်စတီကျုက ဖော်ပြခဲ့သည်။
အိန္ဒိယနှင့် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများတွင် ပါကစ္စတန် အသုံးပြုခဲ့သည့် လက်နက်များအနက် တရုတ်နိုင်ငံလုပ် J-10 တိုက်လေယာဉ်များနှင့် PL-15 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ ပါဝင်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီး အစ်ဟက် ဒါး (Ishaq Dar) က ပြောကြားခဲ့သည်။
ပါကစ္စတန်သည် ထိုလေယာဉ်များ ထိုဒုံးကျည်များဖြင့် အိန္ဒိယ၏ ပြင်သစ်နိုင်ငံထုတ် Rafale တိုက်လေယာဉ်များ ကို ပစ်ချခဲ့သည်ဟု ပြောကြားခဲ့ပြီး အိန္ဒိယကမူ အတည်ပြုခဲ့ခြင်းမရှိပေ။
ပါကစ္စတန်အသုံးပြုနေတဲ့ တိုက်လေယာဉ်ကိုတွေ့ရစဉ်
ထို့ပြင် ပါကစ္စတန်စစ်တပ်သည် တရုတ်နှင့် ပူးတွဲထုတ်လုပ်ခဲ့သည့် JF-17 Thunder တိုက်လေယာဉ်ကိုလည်း အိန္ဒိယနှင့် လေကြောင်းတိုက်ပွဲနှင့် နယ်စပ်ဒေသတစ်လျှောက် လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုခဲ့ သည်ဟု စစ်ရေးလေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။
အိန္ဒိယနှင့် နယ်စပ် ထိန်းချုပ်ရေးစည်း (LoC) တစ်လျှောက် ဖြစ်ပွားခဲ့သည့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ တွင်လည်း ပါကစ္စတန်သည် တရုတ်နိုင်ငံလုပ် SH-15 ဟောင်ဝဇ္ဇာ အမြောက်များကို အသုံးပြုခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ပါကစ္စတန်သည် တရုတ်နိုင်ငံလုပ် Wing Loong II နှင့် CH-4 ဒရုန်းများဖြင့်လည်း နယ်စပ်ဒေသ တစ်လျှောက် ကင်းထောက်လှမ်းမှုများနှင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြား ခဲ့သည်။
အိန္ဒိယ၏ တိုက်ခိုက်မှုများကို ကာကွယ်ရာတွင်လည်း ပါကစ္စတန်သည် JY နှင့် HGR ကဲ့သို့ တရုတ်နိုင်ငံလုပ် ရေဒါစနစ်များကို အသုံးပြုခဲ့ပြီး တရုတ်က ထောက်ပံ့ပေးခဲ့သည့် ဆက်သွယ်ရေးစနစ်များကိုလည်း အသုံးပြုခဲ့သည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။
Source: South China Morning Post