CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၃
တရုတ်အနေဖြင့် နစကနှင့် တအာင်းတပ်ဖွဲ့(TNLA)တို့ ညှိနှိုင်းမှုအဆင်ပြေပါက အာရက္ခတပ်တော်(AA)ထက် ကချင် တပ်ဖွဲ့(KIA)ကို ဆက်လက် ညှိနှိုင်းသွားမည့်သဘောရှိကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်သည် တရုတ်နယ်စပ်နှင့် ဝေးသည့်အတွက် တရုတ်နိုင်ငံ၏ ဆွေးနွေးညှိနှိုင်းရေး ဦးစားပေးစာရင်း ထဲတွင် ပါချင်မှပါနိုင်ကြောင်း၊ KIA နှင့် တရုတ်မှာ နီးစပ်သည့်အပြင် အခြားကိစ္စများလည်း ရှိသည့်အတွက် TNLA ပြီးပါက ၎င်းတို့နှင့် ညှိနှိုင်းဆွေးနွေးနိုင်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “လားရှိုးသဘောတူချက်ပေါ့။ လားရှိုးပြန်ပေးရေး သဘောတူချက် ၇ ချက် သတင်းထွက်ပါ တယ်။ အဲဒီထဲမှာတော့ MNDAA ကတော့ ပြေလည်ပြီ။ သူ့နေရာ သူပြန်သွားဆုတ်ပြီ။ ဒါပေမယ့် ကျန်တဲ့ TNLA တို့ ဘာတို့ကိစ္စကြတော့ တရုတ်ဖိအားဆိုတာက နိုင်ငံရေးအရ သံတမန်ရေးအရဖြစ်တာပါ။ လက်တွေ့ကတော့ fear pressure ပေါ့။ လုပ်ဖော်ကိုင်ဖက် ဖိအား။ “ဝ”က TNLA ကိစ္စဝိစ္စအပေါ်မှာ အဆင်ပြေအောင် ဆောင်ရွက်ဖို့ တာဝန်ယူထားတယ်ဆိုတာ ကြားရပါတယ်။ ဒါကြောင့် “ဝ”အနေနဲ့ TNLA နဲ့ ညှိနှိုင်းပြီးတော့ သူမနာ၊ ကိုယ်မနာ ဘယ်ဖက်ကမှ မနစ်နာအောင် လုပ်သွားလိမ့်မယ်လို့ ယူဆပါတယ်။ ULA/AA ကတော့ နောက်တဆင့်။ ဖြေးဖြေး ချင်း သွားမယ့်သဘောရှိတယ်။ သို့သော်လည်းပဲ ULA/AA က တရုတ်နယ်စပ်နဲ့ ဝေးနေတဲ့အခါကြတော့ တရုတ် ဦးစားပေးထဲမှာတော့ ပါချင်မှပါမယ်။ သူနဲ့မတိုင်ခင်မှာ ကိစ္စပြီးချင်တာက ကျနော်တို့ကြားတာက KIA ဖြစ်တယ်။ KIO/KIA ကတော့ တရုတ်နဲ့လည်း နီးစပ်တယ်။ နယ်စပ်ကုန်သွယ်ရေးလည်းရှိတယ်။ တခြားကိစ္စတွေလည်းရှိတော့ ပြဿနာကို TNLA ပြီးရင်တော့ KIA ကတော့ ညှိနှိုင်းဆွေးနွေးသွားမယ့် သဘောလို့ ထင်ပါတယ်” ဟု ပြောသည်။
KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးအင်ဘန်လကို တွေ့ရစဉ်
တရုတ်၏ ဖိအားပေး ကြားဝင်စေ့စပ်ပေးမှုကြောင့် ကိုးကန့်တပ်ဖွဲ့(MNDAA)သည် သိမ်းပိုက်ရရှိထားသော လားရှိုးမြို့နှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကို မြန်မာ့တပ်မတော်ထံ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။
သို့သော် MNDAA သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆(င)တွင် ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကို စုစည်းပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ် ပြဋ္ဌာန်းပေးထား သော ဧရိယာထက် ကျော်လွန်၍ ထိန်းချုပ်ခွင့် ရရှိထားသည်။
ထို့နောက် တရုတ်သည် TNLA နှင့် မြန်မာ့တပ်မတော်ကြား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅-၁၆ ရက်က တစ်ကြိမ်၊ ဧပြီ ၂၈-၂၉ ရက်က တစ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သော အခြေအနေကို ဖန်တီးပေးထားပြီးဖြစ်သည်။
ထိုဆွေးနွေးပွဲများတွင် မြန်မာ့တပ်မတော်က မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်ခမ်းကနေ TNLA တပ်ဖွဲ့ များ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ ဆုတ်ခွာရန် တောင်းဆိုခဲ့ခြင်းကြောင့် သဘောတူညီမှု မရဘဲ ဩဂုတ်လမှာ ပြန်လည်တွေ့ဆုံ ဆွေးနွေးရန် သဘောတူညီ၍ အဆုံးသတ်ခဲ့ကြသည်။
တရုတ်သည် တစ်ပါတီတည်းမှ အာဏာဆုပ်ကိုင်ထားခြင်း ဖြစ်သောကြောင့် မည့်သည့်ကိစ္စရပ်မဆို အလျှင်အမြန် မလုပ်ဆောင်ဘဲ စိတ်ရှည်စွာဖြင့်သာ လုပ်ဆောင်တတ်၍ နယ်စပ်ဒေသရှိ အခြားအဖွဲ့များအပေါ်လည်း ညှိနှိုင်းမှု ရောက်လာနိုင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
နစကဥက္ကဋ္ဌနဲ့ သမ္မတရှီကျင့်ဖျင်ကို တွေ့ရစဉ်
၎င်းက “တစ်ခုပြီးတစ်ခု လာမှာပါ။ ဒါပေမယ့် ဒါက ဖြေးဖြေးချင်း လုပ်ရမယ့်ကိစ္စလေ။ တရုတ်က ဒီလိုကိစ္စမျိုးမှာ သိပ်စိတ်ရှည်တယ်။ သူ့ ထိုင်ဝမ်ကိစ္စတောင် အနှစ် ၇၀ သူဆွဲပြီးလုပ်ခဲ့တာပဲ။ အဲဒီတော့ ငြိမ်းငြိမ်းချမ်းချမ်း စကားပဲ ပြောကြပေါ့။ အခု MNDAA လုပ်သလိုပေါ့။ MNDAA အနေနဲ့က လားရှိုးကို ဆုတ်ပေးရတယ်ဆိုတာ သူရထားတာ နည်းတာမဟုတ်တာ။ ခါတိုင်း လောက်ကိုင်ထက် အများကြီးပိုတဲ့ မြို့တွေလည်းပါတာပဲ။ အဲဒီမြို့တွေကို ကိုယ့် ဘာသာ တည်ဆောက်၊ ကိုယ့်ဘာသာ ဖွံ့ဖြိုးတိုက်တက်အောင်လုပ်။ အဲဒါကိုကြည့်ပြီးမှ TNLA ကလည်း တစ်စုံ တစ်ရာ လိုက်လျောတာတွေဘာတွေ ဖြစ်လာနိုင်တာပေါ့။ TNLA ပြီးရင် တခြားအဖွဲ့တွေကိုလည်း သူ့နယ်စပ်မှာ ရှိတာတွေကို တဖြေးဖြေး လုပ်လိမ့်မယ်နဲ့တူတယ် ကြည့်ရတာ။ ဒါပေမယ့် သူ့မှာအကျင့်ရှိတယ်။ တရုတ် ကွန်မြူနစ်ပါတီက တခြားနိုင်ငံနဲ့မတူဘူး။ တစ်ပါတီထဲက အာဏာဆုပ်ကိုင်ထားတဲ့ အခါကြတော့ သူ့မှာပေါ်လစီ တွေက ရေရှည်ပေါ်လစီတွေ ချလို့ရတယ်။ ရေရှည်မူတွေ ချလို့ရတယ်။ ဒါကြောင့် ဖြေးဖြေးချင်း လုပ်မှာပါ။ တစ်ခု ပြီးတစ်ခုလာမှာပါ” ဟု ပြောသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းများကို ဆက်လက် ကူညီ ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။’
မြန်မာနိုင်ငံ တစ်ဝန်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး အဆိုပါ တိုက်ပွဲများနက် AA-TNLA-MNDAA တို့ ပူးပေါင်း၍ ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖော်ဆောင်ခဲ့သည်။
ထိုစစ်ဆင်ရေးအတွင်း AA-TNLA-MNDAA တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတစ်ခုလုံး နီးပါးနှင့် အရှေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ သိမ်းပိုက်ခဲ့သည်။
တခြားတစ်ဖက်မှာလည်း KIA သည် PDF များနှင့်ပူးပေါင်း၍ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မှာ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည်။
အလားတူ AA သည် ရခိုင်ပြည်နယ်အတွင်းက ၁၇ မြို့နယ်အနက် ၁၄ မြို့နယ် အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝ မြို့ကိုလည်း ထိန်းချုပ်ထားသလို ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှာလည်း ဒေသတွင်း လက်နက် ကိုင်များဖြင့် ပူးပေါင်း၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။
ထို့ကြောင့် တရုတ်နိုင်ငံသည် KIA-AA-TNLA-MNDAA တို့နှင့် မြန်မာ့တပ်မတော်ကြား ကြားဝင်စေ့စပ်ပေး၍ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ကြိုးပမ်းပေးလျက်ရှိသည်။