CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅

လာမည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ၆ လ သက်တမ်းတိုးကာလ ကုန်ဆုံးပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းရန် နစကကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)က အကြံပြုထားဟု တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

မိမိတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် အကြံပြုခဲ့ခြင်း မဟုတ်ကြောင်း၊ အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းရန် အကြံပြုထားခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အဲဒါက မှားနေတယ်ဗျ၊ အဓိပ္ပာယ်ကောက်တာ၊ မှားနေတယ်၊ ကျနော်တို့ အကြံပေး ပုဂ္ဂိုလ် ပြောတဲ့ဟာက ခင်ဗျားတို့ လုပ်တဲ့အဓိပ္ပာယ်နဲ့ တခြားစီ ဖြစ်နေတယ်။ ညွန့်ပေါင်းအစိုးရ မဟုတ်ဘူးဗျ၊ ကျနော် သိသလောက်ပေါ့လေ၊ ညွန့်ပေါင်းအစိုးရဆိုတာလည်း မရှိဘူးဗျ၊ ဘာရှိလဲဆိုတော့ Transitional Authority လို့ ခေါ်တယ်၊ ကူးပြောင်းရေးကာလမှာ ကူးပြောင်းရေးကာလကို ကွပ်ကဲဖို့ အစိုးရတောင် မခေါ်ဘူး တချို့ကြတော့ Authority ပဲ ခေါ်တယ်။ Transitional Authority ဆိုတဲ့ ချဉ်းကပ်မှုမျိုးပေါ့ဗျာ၊ East Timor (အရှေ့တီမော) မှာဖြစ်တယ်။ နိုင်ငံတော်တော်များများမှာ ဖြစ်ပါတယ်။ Transitional Authority ဆိုတာ ရှိရ တယ်။ အဲဒါ နီပေါမှာလည်း ရှိတယ်။ အဲဒီပုံစံမျိုးများ ဖြစ်မလား။ ဒါကြောင့် Transitional Authority ဆိုတဲ့ အဓိပ္ပာယ်နဲ့ ညွန့်ပေါင်းအစိုးရအဓိပ္ပာယ်က လုံးဝမတူပါဘူးခင်ဗျာ၊ ဒါကြောင့် EAO တွေက Transitional Authority ကိုက ကျနော်တို့ရဲ့ EAO လမ်းပြမြေပုံမှာ ပါတယ်။ ညွန့်ပေါင်းအစိုးရတောင် မပါဘူးဗျ၊ ညွန့်ပေါင်း အစိုးရနဲ့ Transitional Authority က မတူဘူးဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကို တွေ့ရစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံတော်ကို အရေးပေါ်ကြေညာကာ မြန်မာ့တပ်မတော်က အာဏာရ ယူခဲ့သည်မှာ လာမည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ၃ နှစ်ပြည့်မည် ဖြစ်သည်။

ထို့နောက် ဇန်နဝါရီ ၃၁ ရက်နောက်ပိုင်း အသွင်ကူးပြောင်းရေးအစိုးရ သို့မဟုတ် ညွန့်ပေါင်းအစိုးရ ပေါ်လာနိုင် သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းကြား ပြောဆိုမှုများလည်း ရှိနေသည်။

လက်ရှိ နစကအနေဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့ခဲ့သည် ဆိုပါက ၎င်းတို့ အလိုကျ ညွန့်ပေါင်းအစိုးရပဲ ဖြစ်မည်ဟု စည်းလုံးညီွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အကယ်၍ ညွန့်ပေါင်းအစိုးရ ပေါ်လာခဲ့သည်ရှိသော် ရှိရင်တောင်မှ သူတို့ကတော့ အဲဒါဟာ ရုပ်ပြအစိုးရ တစ်ခုပဲ ဖြစ်လိမ့်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားတွေ အပါအဝင်ပေါ့ဗျာ သူတို့ရဲ့ အလို တော်ကျ ခန့်ထားတဲ့ဟာမျိုးနဲ့ပဲ ညွန့်ပေါင်းလုပ်လိမ့်မယ်လို့ ကျနော်ကတော့ အဲဒီလိုပဲ မြင်တယ်။ ကျနော်တို့ နိုင်ငံ မှာ အစိုးရအဆက်ဆက်က ဘယ်လိုမှ အဲဒီလို power level ပေးပြီးတော့ပေါ့ ဖွဲ့ခဲ့တဲ့အစိုးရဆိုတဲ့ဟာမျိုး မရှိခဲ့လို့ပါ သမိုင်းမှာလေ။ အဲဒါကြောင့် အခုလည်း အကယ်၍သာ ညွန့်ပေါင်းသာဖွဲ့မည်ဆိုရင်တောင်မှ စိတ်တော်သိ ခေါင်းတော်ညိတ် ဆိုတဲ့ဟာမျိုးပေါ့ဗျာ၊ သူတို့ အလိုအကျ အတိုင်း ခေါင်းညိတ်မယ့် ညွန့်ပေါင်းအစိုးရမျိုးပဲ ဖွဲ့ဖြစ် လိမ့်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များကို တွေ့ရစဉ်

တိုင်းရင်းသားလက်နက်ကိုင်(EAOs)များက အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းရန် အကြံပြုမှုများ ရှိနေခြင်းနှင့်အ တူ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီ ၅ ရက်နေ့တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ၍ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် ဆွေးနွေးကြမည်ဖြစ်သည်။

အလားတူ တရုတ်ကိုယ်စားလှယ်အဖွဲ့သည်လည်း ဇန်နဝါရီ  ၅-၆ ရက်များတွင် မြန်မာနိုင်ငံသို့ ရောက်ရှိ၍ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် နစကမှ တာဝန်ရှိသူများကို တွေ့ဆုံ၍ ဆွေးနွေးရန်လည်း ရှိနေသည်။

ထို့နောက် နစကသည် ၆ လ သက်တမ်းတိုး ကာလမှာ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပြည့်ပြီးဖြစ်၍ မည်ကဲ့သို့ အပြောင်းအလဲများ လုပ်လာမလဲဆိုသည့်အပေါ် ပြည်တွင်း/ပြည်ပမှ စောင့်ကြည့်နေကြသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာကာ တာဝန်ယူလျက်ရှိနေသည်။