CNI International News

ဒူဘိုင်း၊ ဇန်နဝါရီ ၅

အီရန်နိုင်ငံတွင် ကွယ်လွန်သွားသည့် တပ်မှူး ကက်ဆမ် ဆိုလီမာနီ (Qasem Soleimani) အတွက် ဇန်နဝါရီ ၃ ရက်က ဝမ်းနည်းအောင့်မေ့ဖွယ် အခမ်းအနား ပြုလုပ်နေချိန်အတွင်း ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့သဖြင့် လူ ၁၀၀ နီးပါး သေဆုံးခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဆိုလီမာနီသည် ၂၀၂၀ ပြည့်နှစ်က အီရတ်နိုင်ငံတွင် အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့် သေဆုံးခဲ့ သူဖြစ်သည်။ 

ယခုဖြစ်ပွားသည့် ပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး အီရန် အာဏာပိုင်များက အကြမ်းဖက်သမားများ၏ လုပ်ရပ် ဖြစ်သည်ဟု ဝေဖန်ရှုတ်ချခဲ့သည်။

အီရန်နိုင်ငံပိုင် ရုပ်သံတွင်မူ ပထမတစ်ကြိမ် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မိနစ် ၂၀ အကြာတွင် ဒုတိယပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ 

ဆိုလီမာနီကို ထောက်ခံကြတဲ့ အီရန်လူထုကိုတွေ့ရစဉ်

အီရန် အရှေ့တောင်ပိုင်း ကာမန် (Kerman) မြို့ရှိ ဆိုလီမာနီအား မြေမြှုပ်သဂြိုဟ်ထားသည့် သချိုံင်းတွင် လေးနှစ် ပြည့် ဝမ်းနည်းအောင့်မေ့ဖွယ် အခမ်းအနား ပြုလုပ်နေချိန်တွင် ထိုပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ကမှ တာဝန်ခံ ထွက်ဆိုခဲ့ခြင်း မရှိပေ။ အမေရိကန် ထိပ်သီး အရာရှိတစ်ဦးကမူ ထိုတိုက်ခိုက်မှုသည် အတိတ်ကာလက အိုင်အက်စ်(IS)အဖွဲ့၏ စစ်သွေးကြွများက အကြမ်းဖက် တိုက်ခိုက်သည့် ပုံစံမျိုးဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

အီရန်သမ္မတ အီဘရာဟင် ရာအီစီ (Ebrahim Raisi) ကမူ ထိုတိုက်ခိုက်မှုကို လူမဆန်သည့် ရာဇဝတ်မှုဖြစ် ကြောင်း ရှုတ်ချခဲ့ပြီး အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ ခါမေနီကလည်း လက်စားချေသွားမည်ဟု ပြောကြားခဲ့သည်။

အီရန်သမ္မတ အီဘရာဟင် ရာအီစီကို တွေ့ရစဉ်

"ရက်စက်တဲ့ ရာဇဝတ်သားတွေအနေနဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှုနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သိအောင်လုပ်ပြရပါမယ်" ဟု ခါမေနီက ထုတ်ပြန်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ရုရှားနှင့် တူရကီ အပါအဝင် နိုင်ငံအများအပြားက ထိုတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) ကမူ ထိုတိုက်ခိုက်မှုအား လုပ်ဆောင်ခဲ့သူများအနေနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၉၅ ဦးရှိပြီး  ဒဏ်ရာရသူ ၂၁၁ ဦးရှိခဲ့ကာ အီရန်နိုင်ငံသမိုင်းတွင် လူသေဆုံးမှု အများဆုံး တိုက်ခိုက်မှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း အီရန်ကျန်းမာရေးဝန်ကြီး ဘာရမ် အိုင်နိုလာဟီ (Bahram Eynollahi) က နိုင်ငံပိုင် မီဒီယာတွင် ပြောကြားခဲ့သည်။

အီရန်တွင် အတိတ်ကာလကလည်း အိုင်အက်စ်အဖွဲ့ အပါအဝင် အခြား စစ်သွေးကြွအဖွဲ့များ၏ အလားတူ တိုက်ခိုက်မှုများကို ခံခဲ့ရသည်။

Source: ရိုက်တာ