CNI International News

ဝါရှင်တန်၊ ဇွန်လ ၁၇

အမေရိကန်နှင့် အီရန်ကြား ငြိမ်းချမ်းရေးအတွက် မူဘောင် သဘောတူညီချက်ရရှိကြောင်း ကြေညာချက်သည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Netanyahu huddled) အတွက် စိုးရိမ်စရာဖြစ်ကြောင်း CNN မှ ဖော်ပြခဲ့ သည်။

နေတန်ယာဟုသည် ဇွန်လ ၁၄ ရက် ညပိုင်းက အီရန်၏ ဒုံးကျည်များ ကျရောက်လာနိုင်ခြေအတွက် အသင့် ပြင်ဆင်ထားရင်း ၎င်း၏ လုံခြုံရေးအဖွဲ့နှင့်အတူ မြေအောက် ဘန်ကာတစ်ခုအတွင်း စုဝေးနေစဉ် ဖုန်းသံ မြည်လာခဲ့သည်။

၎င်းအား ဖုန်းခေါ်ဆိုသူမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)ဖြစ်ပြီး ထရမ့်က အမေရိကန်နှင့် အီရန်ကြား နားလည်မှုစာချွန်လွှာ (MOU) ရရှိခဲ့သည့် သတင်းကို ဆက်သွယ် ပြောကြားလာခြင်းဖြစ်သည်။

အမေရိကန်နှင့် အီရန်ကြား သဘောတူညီချက်သည် အစ္စရေး တာဝန်ရှိသူများ သီတင်းပတ်များစွာကြာ စိုးရိမ်ခဲ့ ရသည့် အခြေအနေမျိုး ဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော် ထိုသဘောတူညီချက်သည် ဟော်မုဇ်ရေလက်ကြားကို ပြန်ပွင့်သွားစေသော်လည်း အစ္စရေး၏ စစ်ပွဲရည်မှန်းချက်များကို အောင်မြင်စေမည့်အရေးမှ ဟန့်တားရာ ရောက်နေခြင်းကြောင့် ဖြစ်သည်။

အစ္စရေးရဲ့ စစ်ရေးပစ်မှတ်ကို နေတန်ယာဟု ရှင်းပြနေစဉ်

ထို့ပြင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်အစိုးရအဖွဲ့ကို ဖြုတ်ချချင်သော်လည်း လက်ရှိ သဘောတူညီ ချက်အရ အီရန်အစိုးရအဖွဲ့သည် အမေရိကန်၏ ပိတ်ဆို့မှုများ ဖြေလျှော့ပေးမည့် အခြေအနေနှင့် စီးပွားရေးအရ အသက်ရှုပေါက် ရရှိသွားခြင်းကြောင့်ဖြစ်သည်။

အစ္စရေး ထောက်လှမ်းရေးအရာရှိဟောင်း ဒန်နီ စီထရိုနိုဝစ် (Danny Citrinowicz) ကလည်း အမေရိကန်နှင့် အီရန် ကြား သဘောတူညီချက်သည် အစ္စရေးအတွက် နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ကပ်ဘေးကြီး တစ်ခုဖြစ်နေကြောင်း ပြောကြားခဲ့သည်။

နေတန်ယာဟုသည် အောက်တိုဘာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ဟားမာ့စ်၊ ဟစ်ဇ်ဘိုလာ၊ အီရန်တို့နှင့် ဖြစ်ပွားနေသည့် စစ်ပွဲကို အနိုင်တိုက်ခိုက်နိုင်သူအဖြစ် ကြိုးပမ်းနေသော်လည်း ထိုရည်မှန်းချက်များ မအောင်မြင် နိုင်သဖြင့် ဝေဖန်ခံနေရသည်။

“နောက်ဆုံးမှာတော့ အီရန်ဟာ အင်အား ပိုမိုကြီးမားလာပါတယ်။ အစ္စရေးကတော့ အမေရိကန်သမ္မတရဲ့ ဆုံးဖြတ် ချက်တွေကို ဩဇာလွှမ်းနိုင်စွမ်း မရှိတော့ပါဘူး”ဟု စီထရိုနိုဝစ်က ပြောကြားခဲ့သည်။

Source: CNN