CNI International News
ဒါကာ၊ ဇွန်လ ၁၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အခက်အခဲ ကြုံတွေ့နေရသော ဘဏ်များကို ကူညီထောက်ပံ့ရန်အတွက် နောက်လာမည့် ဘတ်ဂျက်တွင် တာကာ ၄၀၀ ဘီလျံ (ဒေါ်လာ ၃ ဒသမ ၂ ဘီလျံ) ကို လျာထားသတ်မှတ်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
နိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍတွင် နှစ်ပေါင်းများစွာကြာ ဒုက္ခပေးနေသည့် စီမံခန့်ခွဲမှု အားနည်းချက်များကို ငွေကြေး စိုက်ထုတ်ရုံမျှဖြင့် မဖြေရှင်းနိုင်ကြောင်း စီးပွားရေးပညာရှင်များက သတိပေးနေကြသော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရသည် အရေးပေါ် ငွေကြေးကူညီပံ့ပိုးမှုဖြင့် ဘဏ္ဍာရေး အကျပ်အတည်းကို တားဆီးပေး နိုင်လိမ့်မည်ဟု ယုံကြည်ကာ စွန့်စားလုပ်ဆောင်လိုက်ခြင်းဖြစ်သည်။
စီးပွားရေးပညာရှင်များနှင့် လေ့လာဆန်းစစ်သူများကမူ ဘင်္ဂလားဒေ့ရှ် ဘဏ်များ၏ ပြဿနာသည် ငွေကြေး မလုံလောက်မှုထက် စီမံခန့်ခွဲမှုစနစ် ပျက်ပြားခြင်းကြောင့် ဖြစ်သည်ဟု ထောက်ပြခဲ့ပြီး အဓိကအချက် ၃ ချက်ကို သုံးသပ်ပြခဲ့သည်။

ဘဏ်တစ်ခုမှာ ငွေထုတ်နေကြစဉ်
ပထမအချက်မှာ အစိုးရဘဏ်များနှင့် ပုဂ္ဂလိကဘဏ် အချို့တွင် ပြန်လည်ကောက်ခံ၍ မရတော့သည့် အကြွေး ပမာဏမှာ စံချိန်တင် မြင့်မားနေပြီး ဩဇာအာဏာရှိသူများနှင့် လုပ်ငန်းရှင်ကြီး အချို့သည် လုံလောက်သော အာမခံချက် မရှိဘဲ ချေးငွေများ ရယူခဲ့ကြပြီး ပြန်လည်ပေးဆပ်ခြင်း မရှိခြင်းဖြစ်သည်။
ဒုတိယအချက်မှာ ဘဏ်များ၏ ဒါရိုက်တာဘုတ် အဖွဲ့များတွင် နိုင်ငံရေးနှင့် နီးစပ်သူများကို ခန့်အပ်ခြင်း၊ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပြီး ချေးငွေများ ထုတ်ပေးခြင်းနှင့် ငွေကြေး ခဝါချမှုများကြောင့် ဘဏ်များ အတွင်းရှိ ရန်ပုံငွေများ ခမ်းခြောက်လာခဲ့ရခြင်းဖြစ်သည်။
တတိယအချက်မှာ ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်အနေဖြင့် စည်းကမ်းဖောက်ဖျက်သည့် ဘဏ်များကို ထိရောက်စွာ အရေးယူရန် ပျက်ကွက်ခဲ့ပြီး၊ ပြုပြင်ပြောင်းလဲမှုများကို ပြတ်ပြတ်သားသား မလုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ပြဿနာမှာ ပိုမိုနက်ရှိုင်းလာခဲ့ခြင်းဖြစ်သည်။

ဘဏ်လုပ်ငန်း လည်ပတ်ပုံကို သရုပ်ပြထားစဉ်
အစိုးရကမူ ဘဏ်အချို့ ပြိုလဲသွားပါက တစ်နိုင်ငံလုံးရှိ ဘဏ္ဍာရေးစနစ် တစ်ခုလုံး ကွင်းဆက်လိုက် ပျက်စီးသွား မည့် ဘေးအန္တရာယ်မှ ကာကွယ်ရန်နှင့် ဘဏ်များအပေါ် လူထု၏ ယုံကြည်မှု ပျက်စီးမသွားစေရန် အရေးပေါ် ငွေကြေး စိုက်ထုတ်ပေးခြင်း ဖြစ်သည်။
လက်ရှိ အခြေအနေအရ ဘဏ်အတော်များများတွင် ငွေကြေးလည်ပတ်မှု ပြတ်လပ်နေပြီး အပ်နှံသူများက ၎င်းတို့၏ ငွေများကို ပြန်လည်ထုတ်ယူရန် ခက်ခဲနေသည့် အခြေအနေများနှင့် ရင်ဆိုင်နေရသဖြင့် အစိုးရ၏ ငွေကြေး စိုက်ထုတ်ကူညီမှုသည် ပြဿနာကို ဖြေရှင်းနိုင်စွမ်း ရှိ/မရှိ စောင့်ကြည့်ရမည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ ထောက်ပံ့မှုသည် လတ်တလောတွင် ဘဏ်များ ပြိုလဲမသွား အောင် ထိန်းထားနိုင်သော်လည်း အဂတိလိုက်စားမှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်များကို အမြစ်ပြတ် မဖယ် ရှားနိုင်ပါက ဘဏ္ဍာရေး အကျပ်အတည်း ဆိုးကြီးနှင့် ဆက်လက် ရင်ဆိုင်ရဦးမည် ဖြစ်ကြောင်း ကျွမ်းကျင်သူများ က ပြောကြားခဲ့သည်။
Source: Nikkei Asia
