CNI International News
ဝါရှင်တန်၊ ဧပြီ ၂၅
အီရန်စစ်ပွဲနောက်ပိုင်း ရုပ်ကြွင်းလောင်စာ ဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာခြင်းသည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် တစ်ဝန်းရှိ ပေါ်လီအက်စတာ (ဓာတုနည်းဖြင့် ပြုလုပ်သော အမျှင်များဖြင့် ရက်လုပ်သော အထည်) ကုန်ကြမ်းပေးသွင်းသူများနှင့် အထည်ချုပ် လုပ်ငန်းရှင်များအပေါ် ဖိအားများ ကျရောက်လာစေခဲ့သည်ဟု ရိုက်တာ မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ကမ္ဘာကျော် အမှတ်တံဆိပ်များဖြစ်သည့် Zara နှင့် H&M ကဲ့သို့သော ဖက်ရှင် အဝတ်အထည် လက်လီ ရောင်းချသူများအတွက် ကုန်ကျစရိတ်များ မြင့်တက်လာနိုင်သည့် အခြေအနေကို ဖြစ်ပေါ်လာစေခဲ့သည်။
တရုတ်နိုင်ငံ၏ ကုန်ကြမ်း ပေးသွင်းသူများက ဈေးနှုန်းမြှင့်တင်နေသလို အရှေ့အလယ်ပိုင်းမှ ကုန်စည်ရရှိမှု ပြတ်တောက်မှုများ ကြုံတွေ့နေကြရသည်။
ထို့ကြောင့် ချည်ထုတ်လုပ်ရန် လိုအပ်သည့် ရေနံမှရရှိသော ကုန်ကြမ်းများဖြစ်သည့် Purified terephthalic acid (PTA) နှင့် Monoethylene glycol (MEG) တို့အတွက် ၃၀ ရာခိုင်နှုန်းနီးပါး ပိုမိုပေးချေနေရကြောင်း အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ပိုလီအက်စတာ ချည်ထည် ထုတ်လုပ်သူများထဲမှ တစ်ခုဖြစ်သော Filatex (FLTX.NS) ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ မက်ဒူ ဆူဒန် ဘာဂျီရီယာ (Madhu Sudhan Bhageria)က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ယခုကဲ့သို့ အခက်အခဲများကို အာရှဒေသက အဓိက ကြီးစိုးထားသည့် အဝတ်အထည် ထောက်ပံ့ရေး ကွင်းဆက် တစ်ခုလုံးတွင် ခံစားနေကြရသည်။

အထည်ချုပ်လုပ်ငန်းကို တွေ့ရစဉ်
H&M၊ Zara၊ Target၊ Walmart နှင့် IKEA အပါအဝင် လက်လီ ရောင်းချသူများထံ ဆေးဆိုးပန်းရိုက်ထားသည့် ပိုလီအက်စတာ အထည်များကို ပံ့ပိုးပေးနေသော Bindal Silk Mills ကုမ္ပဏီ၏ စီအီးအို အဗီချယ် အာယာ (Avichal Arya) က စွမ်းအင် အကျပ်အတည်းကြောင့် ဓာတုဗေဒပစ္စည်းများနှင့် ဆိုးဆေးများ၏ ကုန်ကျစရိတ်မှာ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။
အခက်အခဲများကို ပိုမိုဆိုးရွားစေသည့် အချက်မှာ စစ်ပွဲကြောင့် ချက်ပြုတ်ရာတွင် အသုံးပြုသော ဂက်စ်ရှားပါးမှု ကြောင့် အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ အထည်အလိပ်လုပ်ငန်း အချက်အချာဖြစ်သော ဆူရတ် (Surat) မြို့မှ ရွှေ့ပြောင်း လုပ်သား အများအပြား ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
“ဒီရက်ပိုင်းမှာတော့ ကမ္ဘာလုံးဆိုင်ရာ အော်ဒါ မှာယူမှုတွေကို လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတော့ပါဘူး”ဟု ၎င်းက ဆိုသည်။
ရေနံထွက်ပစ္စည်းများမှ ပြုလုပ်ထားသော ပိုလီအက်စတာသည် ကမ္ဘာ့ချည်မျှင် ထုတ်လုပ်မှု စုစုပေါင်း၏ ၅၉ ရာခိုင်နှုန်းရှိပြီး အားကစား ဘောင်းဘီတိုမှအစ ဂါဝန်များအထိ အရာအားလုံးတွင် အသုံးပြုကြသဖြင့် အထည် အလိပ် လုပ်ငန်းကို လွှမ်းမိုးထားသည်။
သို့သော် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသည့် ရေနံချက်လုပ်ငန်း ထွက်ကုန်များ ရှားပါးမှု များအနက် ပိုလီအက်စတာလည်း ပါဝင်လာခဲ့သည်။
Source: ရိုက်တာ
