CNI International News
နယူးဒေလီ၊ ဧပြီ ၂၅
အိန္ဒိယနိုင်ငံရှိ Venture Capital ကုမ္ပဏီများသည် ဥရောပနှင့် အာရှဒေသအချို့မှ ရင်းနှီးမြှုပ်နှံသူများကို ပိုမို ဆွဲဆောင်လျက်ရှိကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အီရန်စစ်ပွဲကြောင့် အိန္ဒိယအတွက် အဓိကကျသော ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ် တစ်ခုဖြစ်သည့် အရှေ့အလယ် ပိုင်းဒေသမှ ငွေကြေးစီးဆင်းမှုများ လျော့နည်း ကျဆင်းလာခြင်းကြောင့် ဥရောပနှင့် အာရှဒေသမှ ရင်းနှီးမြှုပ်နှံ မှုများကို ပိုမိုအာရုံစိုက်လာခဲ့ခြင်းဖြစ်သည်။
Venture Capital (VC) ကုမ္ပဏီဆိုသည်မှာ ပေါ်ထွန်းစ လုပ်ငန်းများ (Startup) သို့မဟုတ် လျင်မြန်စွာ ကြီးထွားနိုင် မည့် အလားအလာရှိသော လုပ်ငန်းငယ်များတွင် ရင်းနှီးမြှုပ်နှံပေးသော အဖွဲ့အစည်းများ ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသသည် အိန္ဒိယနိုင်ငံ၏ နည်းပညာနှင့် ပေါ်ထွန်းစ လုပ်ငန်းကဏ္ဍအတွက် ရန်ပုံငွေ အဓိက ဝင်ရောက်ရာ ဒေသတစ်ခု ဖြစ်ခဲ့သော်လည်း စစ်ပွဲဖြစ်ပွားလာချိန်တွင် ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ငွေကြေး များကို ဘေးကင်းလုံခြုံသည့် နေရာသို့ ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု အသစ်များကို ရပ်ဆိုင်း ထားခြင်းတို့ ပြုလုပ်လာခဲ့ကြသည်။

Venture Capital ကို တွေ့ရစဉ်
ထို့ကြောင့် အိန္ဒိယ VC ကုမ္ပဏီများသည် ရန်ပုံငွေအတွက် အရှေ့အလယ်ပိုင်း တစ်ခုတည်းကိုသာ အားကိုးမည့် အစား ဥရောပနှင့် အာရှ (ဥပမာ- စင်္ကာပူ၊ ဂျပန်၊ သို့မဟုတ် အရှေ့တောင်အာရှ) မှ ရင်းနှီးမြှုပ်နှံသူများကို ပိုမို ပစ်မှတ်ထားလာခဲ့သည်။
လက်ရှိတွင် ဥရောပနှင့် အာရှဒေသအချို့သည် ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် အနည်းငယ် ကင်းလွတ်နေ သည့်အတွက် ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုယုံကြည် စိတ်ချရသည့် နေရာများအဖြစ် သတ်မှတ်ခံထားရသည်။
ရေရှည်တွင် အိန္ဒိယ၏ VC ကုမ္ပဏီများအတွက် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုရင်းမြစ်ကို ကမ္ဘာ့အနှံ့ ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး တစ်နေရာတည်းအပေါ် မှီခိုမှု လျော့နည်းသွားသည့်အတွက် စီးပွားရေးအရ ပိုမိုကြံ့ခိုင် လာနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံသူများ ပြောင်းလဲလာသည်နှင့်အမျှ အိန္ဒိယ၏ ပေါ်ထွန်းစ လုပ်ငန်းများသည်လည်း ဥရောပနှင့် အာရှ ဈေးကွက်များသို့ ချဲ့ထွင်ရန်အတွက် အခွင့်အလမ်း ပိုမိုရရှိစေလိမ့်မည်ဟု ဆိုသည်။
ယခင်က အရှေ့အလယ်ပိုင်း ရင်းနှီးမြှုပ်နှံမှုများသည် များသောအားဖြင့် ငွေကြေးပမာဏကို အသားပေးခဲ့သော် လည်း ယခုအခါတွင် ဥရောပနဲ့ အာရှဘက်ကို ပြောင်းလဲလိုက်ချိန်တွင် နည်းပညာ၊ ရေရှည်တည်တံ့မှု၊ သဘာဝ ပတ်ဝန်းကျင်၊ လူမှုအသိုင်းအဝိုင်း၊ အုပ်ချုပ်ပုံစနစ် (ESG) ဟုခေါ်သည့် စံနှုန်းများနှင့် ဥပဒေရေးရာ လိုက်နာမှုများ ကို အလွန်အလေးထားတတ်ကြသည်။
ထို့ကြောင့် အိန္ဒိယ၏ ပေါ်ထွန်းစ လုပ်ငန်းများသည် ယခင်ကထက် ပိုမိုစနစ်ကျသော စီမံခန့်ခွဲမှုပုံစံကို ပြောင်းလဲ ကျင့်သုံးရန် လိုအပ်လာလိမ့်မည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Nikkei Asia
