CNI International News

မွန်ဘိုင်း၊ အောက်တိုဘာ ၉

အိန္ဒိယနိုင်ငံတွင် ဆန္ဒပြမှုများ လုပ်ဆောင်နေသည့် Samsung ကုမ္ပဏီ၏ အလုပ်သမားများနှင့် အစိုးရအရာရှိ များအကြား အောက်တိုဘာ ၈ ရက်က ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိသဖြင့် Samsung အလုပ်သမားများက ဆန္ဒပြမှုများကို ဆက်လက် လုပ်ဆောင်ခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

Samsung ကုမ္ပဏီ အလုပ်သမားများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များကမူ ၎င်းတို့သည် လုပ်ခလစာနှင့် လုပ်ငန်းခွင် အခြေအနေများအတွက်သာမက Samsung ကုမ္ပဏီနှင့် အိန္ဒိယအစိုးရတို့က ဆမ်ဆောင်း အိန္ဒိယ အလုပ်သမားများ သမဂ္ဂ (SIWU) ကို အသိအမှတ်ပြုရန်အတွက်ပါ ဆန္ဒပြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချန်နိုင်း (Chennai) မြို့အနီး သီရိပါရွမ်ဘူဒါ (Sriperumbudur) မြို့ရှိ Samsung စက်ရုံတွင် ကုမ္ပဏီ၏ စီမံခန့်ခွဲမှုဆိုင်ရာ ထိပ်သီးအရာရှိများနှင့် ဆန္ဒပြ အလုပ်သမားများအကြား ဆွေးနွေးညှိနှိုင်းမှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီးနောက် ကျေလည်မှု ရရှိခဲ့သည်ဟု Economic Times မှ ဖော်ပြခဲ့သည်။

အိန္ဒိယရှိ Samsung ကုမ္ပဏီရုံးကို တွေ့ရစဉ်

သို့သော် ဆန္ဒပြသူများဘက်မှ အဓိကတောင်းဆိုချက်ဖြစ်သည့် အသစ်ဖွဲ့စည်းထားသော (SIWU) သမဂ္ဂကို အသိအမှတ်ပြုရန် ငြင်းဆိုခဲ့သဖြင့် ဆန္ဒပြမှုကို ဆက်လက် လုပ်ဆောင်သွားမည်ဟု အိန္ဒိယ ကုန်သွယ်ရေး သမဂ္ဂစင်တာ (CITU) က ပြောကြားခဲ့သည်။

တမီလ်နာဒူး (Tamil Nadu) ပြည်နယ်အစိုးရကမူ Samsung India Electronics မှ ဝန်ထမ်းများအနေဖြင့် ဆန္ဒပြမှုကို ရပ်နားပြီး လုပ်ငန်းခွင်ကို ချက်ချင်းပြန်ဝင်ကြရန်၊ အခြားဝန်ထမ်းများနှင့် ၎င်းတို့အား မှီခိုနေသည့် မိသားစုများကို ထည့်သွင်းစဉ်းစားကြရန် တိုက်တွန်းခဲ့သည်။

စက်မှုရေးရာဝန်ကြီး တီအာဘီ ရာဂျား (TRB Rajaa) ကမူ ဆန္ဒပြသူများ တောင်းဆိုသည့် အချက်အချို့ကို လိုက်လျောလိုသော်လည်း ၎င်းတို့ဖွဲ့စည်းထားသည့် အလုပ်သမားသမဂ္ဂကို အသိအမှတ် မပြုနိုင်သဖြင့် ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အိန္ဒိယရှိ Samsung ကုမ္ပဏီမှ အလုပ်သမားများ ဆန္ဒပြနေကြစဉ်

"သမဂ္ဂကို အသိအမှတ်ပြုဖို့ ကိစ္စဆိုတာ တရားရေးအရ တားမြစ်ထားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ အဲဒီကိစ္စကို မဆွေးနွေးနိုင်ပါဘူး။ အစိုးရနဲ့ ပြည်နယ်ဝန်ကြီးချုပ် အမ်ကေ စတာလင် (M K Stalin) ဟာ သင်တို့ဘက်ကရှိနေပြီး သင်တို့ရဲ့ အခြေအနေအားလုံးကို စဉ်းစားသုံးသပ်နေပါတယ်။ အဲဒါကြောင့် လုပ်ငန်းခွင်ကို ချက်ချင်းပြန်ဝင်သင့်ပါတယ်" ဟု ရာဂျားက ပြောကြားခဲ့သည်။

Samsung ကုမ္ပဏီ ဝန်ထမ်းများဘက်မှ တောင်းဆိုသည့် အချက်များတွင် လုပ်ခလစာငွေ ပြန်လည်စိစစ်ပေးရေး၊ လုပ်ငန်းခွင် အခြေအနေကို တိုးမြှင့်ပေးရေး၊ CITU က ထောက်ခံထားသည့် (SIWU) သမဂ္ဂကို အသိအမှတ်ပြုရေး အစရှိသည့် အချက်များ ပါဝင်သည်။

တမီလ်နာဒူးပြည်နယ်ရှိ Samsung ကုမ္ပဏီ ဝန်ထမ်း စုစုပေါင်း ၁၇၅၀ အနက် ၁၁၀၀ ခန့်သည် စက်တင်ဘာ ၉ ရက်မှ စတင်ပြီး လုပ်ငန်းခွင်မဝင်ဘဲ သပိတ်မှောက် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

Source: Nikkei Asia