CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၉

စိုက်ပျိုးစရိတ် မြင့်တက်လာမှုကြောင့် ကြံစိုက်တောင်သူများက ကြံတစ်တန်ဈေးနှုန်းကို ငွေကျပ် ၁ သိန်း ၇ သောင်းအထိပေးရန် သကြားစက်ရုံများကို တောင်းဆိုထားကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က ကြံတစ်တန်လျှင် ငွေကျပ် ၁ သိန်း ၃ သောင်းကျပ်သာ ရရှိသော်လည်း ယခုနှစ်တွင် ကြံဈေးနှုန်း တိုးမြှင့်ရန် လိုအပ်ကြောင်း၊ ယခုနှစ်တွင် အလုပ်သမားစရိတ်၊ စက်သုံးဆီ ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ ခြင်းကြောင့် ကြံတစ်ဧက ကုန်ကျစရိတ်သည် ယခင်က ငွေကျပ် ၈ သိန်းခန့်သာ ကုန်ကျသော်လည်း လက်ရှိတွင် ၁၅ သိန်းဝန်းကျင် ရှိနေခြင်းကြောင့် ကြံဈေးနှုန်းကို တိုးမြှင့်တောင်းဆိုရခြင်းဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး မှ ကြံစိုက်တောင်သူ ဦးမောင်ဆွေက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခု ဟိုတနေ့က သကြားစက်တွေနဲ့ တောင်သူတွေနဲ့ တွေ့ခဲ့တယ်။ ဈေးနှုန်းကတော့ မပြောသေးဘူး။ နောက်ပြီးမှပဲ သတ်မှတ်ပေးမယ်ပေါ့။ တောင်သူတွေကတော့ တောင်းဆိုနေတာပေါ့။ ၁ သိန်း ၇ သောင်း၊ ၈ သောင်းလောက်တော့ လိုချင်ကြတာပေါ့။ ကုန်ကျစရိတ်တွေက အများကြီး တက်သွားတယ်။ ဒီဇယ် ၁ ပေပါကို မနှစ်က ၈ သိန်း ပတ်ချာလည်ပေါ့နော်။ အခုဟာက ၁ သိန်း ၄ သောင်း။ မနှစ်က ၁ သိန်းခွဲ တောင်းဆိုတယ်။ သူတို့ သတ်မှတ်တဲ့ဈေး ၁ သိန်း ၃ သောင်းနဲ့ ပြီးသွားတယ်။ ဒီနှစ်ကျတော့ ကုန်ကျစရိတ်တွေက အလုပ်သမားကအစ ဒီဇယ်ဖိုးပေါ့နော်။ မနှစ်ကဆို ၈ သိန်းဝန်းကျင်ပဲ ရှိတာ။ အခုဟာက ဟိုရက်ပိုင်းဆို ၁၅ သိန်း။ အဲဒီအခါကျတော့ စိုက်ပျိုးဖို့ရာအတွက် ရာသီချိန်က ဒီအတိုင်းသာ သွားမယ်ဆိုရင် စိုက်ပျိုးစရိတ်တွေက တအား ကြီးမြင့်သွားမှာ လေ”ဟု ပြောသည်။

ကြံများရိတ်သိမ်းနေစဉ်

လက်ရှိတွင် ကြံခုတ်ရန်အတွက် သကြားစက်ရုံများက ကြိုတင်ငွေများအနေဖြင့် ကြံတစ်တန်လျှင် ၂ သောင်း ကျပ်နှုန်းဖြင့် ထုတ်ပေးလျက်ရှိနေသည်ဟု သိရသည်။

ထို့နောက် လက်ရှိဖြစ်ပေါ်နေသည့် သကြားဈေးနှုန်းနှင့် တွက်မည်ဆိုပါက တောင်သူများ တောင်းဆိုသည့် ကြံဈေးနှုန်း ရရှိနိုင်ကြောင်း၊ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ယခုနှစ်တွင် သကြားစက်ရုံများ တိုးလာ သည့်အတွက်လည်း ကြံလိုအပ်ချက် ရှိနေ၍ တောင်သူများ တောင်းဆိုသည့် ဈေးနှုန်းအတိုင်း ရရှိနိုင်ခြေရှိသည်ဟု မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သကြားဈေးအရဆိုရင်တော့ ပေးနိုင်တဲ့ အနေအထား ရှိပါတယ်။ အခုလက်ရှိ သကြားဈေးနဲ့ဆိုရင်ပေါ့ နော်။ လက်ရှိ ၄၆၀၀ နဲ့ တွက်ရင်တောင်မှ ပေးလို့ရပါတယ်။ ဘာလို့ဆို တောင်သူတွေကလည်း စရိတ်စက အရမ်း များတယ်။ ဒီဇယ်ဈေးက ဒီမှာသာ ၆ သိန်းကျော်ပေါ့။ အထက်မှာဆို ၁၀ သိန်းကျော် အဲဒီလောက် ဝန်းကျင်တွေ ရှိတာပေါ့။ ၁၃ သိန်း အဲဒါမျိုးတွေပေါ့။ သူတို့က သကြားက ၄၆၀၀ နဲ့ တွက်မယ်ဆိုရင်တော့ ကြံတစ်တန် ၁ သိန်း ၇ သောင်းက ပေးလို့ရတယ်။ စစ်ကိုင်းတိုင်းထဲမှာကိုက စက်က များတယ်။ သူ့ကြံနဲ့ သူ့ဟာဆိုရင် အခု ဒီနှစ်ဆိုရင် စက်တွေရဲ့ လိုအပ်ချက် ပြည့်မှီအောင် ကြံတွေ မရလောက်ဘူးထင်တယ်။ နည်းနည်းတော့ လုရမယ်ထင်တယ် စက်တွေက။ ကြံတွေ လုရမယ်ဆိုရင်တော့ သေချာပါတယ် ဈေးကတော့ တိုးပေးရမယ့် သဘောရှိပါတယ်။ သူတို့ ပြောတဲ့ဈေးကတော့ ပေးရမယ့်သဘော ရှိပါတယ်။ ဘာလို့လဲဆို ကြံရရှိရေးက စက်တွေကကြံရမှ ကိုက်တာကိုး။ ၁၈ လောက် မဖြစ်တောင်မှ ၁၇ လောက် ဖြစ်နိုင်ပါတယ်။ ဘာလို့ဆို ပေးရပါတယ်ပေါ့နော် ဒီဘက်က စက်သမား က ဘယ်လိုတွက်တွက် ပေးလို့ရပါတယ်” ဟု ပြောသည်။

ကြံများကိုတွေ့ရစဉ်

ထို့ပြင် ပြီးခဲ့သည့် ကြံခုတ်ရာသီတွင် ကြံခုတ်မှု နောက်ကျနေခြင်းနှင့် ပြန်လည်စိုက်ပျိုးရန် နောက်ကျခြင်းတို့ ကြောင့် ယခုနှစ် ကြံအထွက်နှုန်းသည် လျော့ကျနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကြံကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် စိုက်ပျိုးကြပြီး ကြံစိုက်ဧက ၅ သိန်းကျော် ရှိသည်။