CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၈

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၏ နယ်စပ်ဂိတ်ပေါက်ဖြစ်သည့် ကချင်ပြည်နယ်ရှိ ကန်ပိုက်တီနှင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းများသည် လက်ရှိ ပွင့်လင်းရာသီတွင် ပြန်လည်မစနိုင်သေးကြောင်း ကုန်ကားသမားများထံမှ သိရသည်။

ယခုကာလသည် တရုတ်နိုင်ငံသို့ ကချင်ပြည်နယ်မှ ထွက်ရှိသည့် သစ်သျှူးငှက်ပျောများ တင်ပို့ကြသောအချိန် ဖြစ်သော်လည်း လက်ရှိတွင် သစ်သျှူးငှက်ပျောများ မရှိသည့်အတွက် ကုန်ကားသမားများမှာလည်း တခြား မြို့နယ်များသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသည်။

ထို့အပြင် ကန်ပိုက်တီနှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးသို့ သွားရောက်ရာလမ်းကြောင်း တလျောက်တွင်လည်း မြန်မာ့တပ်မတော်နှင့် KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေကြောင်း လွယ်ဂျယ် ကုန်ကားသများတစ်ဦးဖြစ်သူ ကိုစစ်နိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဆင်မပြေဘူးနော်၊ ကျနော်တို့အသိတွေ အကုန်လုံး နားနေတာ များတယ်။ ကျနော်တို့ သစ်သျှူးငှက်ပျော မရှိတော့ မသွားဖြစ်တာ။ ကြားပြီ ကျနော်တို့ အလုပ်နာစ ကတည်းက ၄ လပိုင်း၊ ၅ လပိုင်းပြီးကတည်းက နားလိုက်ရတာ။ ၁၀ လပိုင်း၊ ၁၁ လပိုင်းဆိုရင် ပြန်စပြီ။ ဒါပေမယ့် အခုလောလောဆယ် အနေအထားအရတော့ သွားလို့ရမယ့် အနေအထားတော့ မရှိဘူး။ တိုက်ပွဲတွေလည်းဖြစ်၊ ကျနော်တို့ သွားနေတဲ့ ကျနော်တို့ အလုပ်လုပ်တဲ့ နေရာမှာရော တိုက်ပွဲတွေ အကုန်လုံး ပြင်းထန်နေတဲ့ နေရာတွေချည်းပဲ။ ကုန်သွယ်ရေးလမ်းတွေက တော်တော် များများ တိုက်ပွဲပြင်းထန် နေတာဆိုတော့ သွားလို့ မရတော့ဘူး” ဟု ပြောသည်။

KIA တပ်ဖွဲ့ကိုတွေ့ရစဉ်

ကချင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးသို့ သွားရာလမ်းကြောင်းဖြစ်သည့် မြစ်ကြီးနား - မန္တလေး လမ်းပိုင်းတွင် လည်း မကြာခဏ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်တင်ကားများ ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိနေပြီး ဝိုင်းမော်မြို့ နယ်တွင်လည်း တိုက်ပွဲများ ပြင်းထန်လျက် ရှိနေသည်။

ထို့အပြင် ကန်ပိုက်တီမြို့ကိုလည်း KIA က သိမ်းယူထားခြင်းကြောင့် ကုန်သွယ်ရေး ဖွင့်လှစ်နိုင်မည်မဟုတ်ကြောင်း ကုန်ကားသမားများက ပြောသည်။

ကချင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးတွင် မောင်းနှင်နေကြသည့် ကုန်တင်ကားသမားများသည် ယခုရာသီတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများသို့သာ သွားရောက်ကြသည်ဟု ကန်ပိုက်တီ ကုန်ကားသမား တစ်ဦးဖြစ်သူ ကိုသော်တာအောင်က CNI သတင်းဌာနသို့ ပြောသည်။

ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးနဲ့ ကုန်ကားများကို တွေ့ရစဉ်

၎င်းက “အခုလောလောဆယ် ကန်ပိုက်တီကလည်း အဝင်အထွက် ပိတ်ထားတယ်လေ။ ဒီနှစ်ရာသီကတော့ ငှက်ပျော သွားတိုက်ဖို့ကတော့ ကျနော်တို့ အောက်ပိုင်းက ကားတွေကတော့ မသေချာတော့ဘူး။ ဗန်းမော်က လည်း တစ်မြို့လုံး သိမ်းထားတယ်ဆိုတော့ မလွယ်တော့ဘူး။ ကန်ပိုက်တီကလည်း လောလောဆယ် ကျနော်တို့ စာအုပ်ရှိတဲ့ လူတွေတောင် စာအုပ် ပြန်လွှင့်ပစ်ရမလို ဖြစ်နေပြီ။ အခုလောလောဆယ်တော့ ကျနော်တို့ ရှမ်းပြည် မြောက်ပိုင်းတောင်မှ တောင်ပိုင်း ကလောတို့၊ ဘာတို့ အောင်ပန်းတို့၊ ပင်းတယတို့ကနေ ပတ်ပြီး တက်နေရတာ ရှမ်းပြည်မြောက်ပိုင်းကို”ဟု ပြောသည်။

ကချင်နယ်စပ်ကုန်သွယ်ရေး စခန်းများသည် တရုတ်နိုင်ငံသို့ ကချင်ပြည်နယ်တွင် စိုက်ပျိုးထားသည့် သစ်သျှူး ငှက်ပျောကို အဓိက တင်ပို့လျက်ရှိပြီး ဆန်၊ ပြောင်းနှင့် တခြားသီးနှံများကိုလည်း တင်ပို့ကြကြောင်း၊ ထို့နောက် တရုတ်နိုင်ငံမှ အိမ်ဆောက်ပစ္စည်းများ၊ လူသုံးကုန်များနှင့် လျှပ်စစ်ပစ္စည်းများကို ပြန်လည်တင်သွင်းသည့် ကုန်သွယ်ရေးစခန်းဖြစ်သည်။