CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇

တရုတ်နယ်စပ် ကုန်သွယ်ရေးသည် အခြားနယ်စပ် ကုန်သွယ်ရေးများထက် ပြန်လည်ဖွင့်လှစ်ရန် လွယ်ကူမှု ရှိ/မရှိ ဆိုသည့်အပေါ် စီးပွားရေးလုပ်ငန်းရှင်များနှင့် လေ့လာသုံးသပ်သူများအကြား ဆွေးနွေးမှုများရှိနေကြသည်။

လက်ရှိတွင် တရုတ်နှင့် တရားဝင် နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်ရန်မှာ လမ်းပန်းဆက်သွယ်ရေး စိတ်မချရသည့် အခြေအနေဖြစ်သဖြင့် အချိန်ကာလတစ်ခု ယူရမည်ဖြစ်‌ကြောင်း၊ ပင်လယ်ရေကြောင်း ကုန်သွယ် မှုကိုသာ အဓိကထားရဦးမည်ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးမှာ စောင့်ကြည့်ရမည့် အခြေအနေဖြစ်ကြောင်း ၎င်းတို့ က ထောက်ပြကြသည်။

တရုတ်နှင့် ကုန်သွယ်၍ မရပါက အခြားနိုင်ငံများဖြင့် ကုန်သွယ်နိုင်ကြောင်း၊ တရုတ်သည် မြန်မာကုန်စည်များ ကိုသာ အဓိကမှီခိုနေရခြင်းဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးသည် မြန်မာထက် တရုတ်အတွက် ထွက်ပေါက် တစ်ခုဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

ကိုးကန့်တပ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “ဒီအဖွဲ့အစည်းတွေကို ဖိအားပေးခြင်းဆိုတာထက် diplomatic နည်းအရ စကားပြောမယ်ဆိုရင် ညှိနှိုင်း ဆွေးနွေးပြီး အဖြေရှာရင် သူ့ယူနန်ပြည်နယ်အတွက်လည်း ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်စရာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆို ကျနော်တို့နိုင်ငံက တရုတ်ကို ကုန်ပစ္စည်း မရောင်းရလည်း ထိုင်းကိုရောင်းလို့ရတယ်။ နောက် တစ်ခုက ကျနော်တို့က ပင်လယ်ရေကြောင်းကနေ တခြားဈေးကွက်တွေ ထပ်ရှာလို့ရတယ်။ ကျနော်တို့နိုင်ငံရဲ့ တရုတ်ကို ကုန်ပစ္စည်းတင်ပို့မှုက တရားဝင်လမ်းကြောင်း၊ တရားမဝင် လမ်းကြောင်းတွေကနေ တင်ပို့နေတာ တွေက တရုတ်အကျိုးစီးပွား ဖြစ်ထွန်းဖို့အတွက် ပိုများပါတယ်။ ဘာကြောင့်လဲဆိုတော့ ယူနန်ပြည်နယ်ဆို ကုန်းတွင်း ပိတ်လိုဖြစ်နေတာပေါ့။ ကျနော်တို့ပြည်မကြီးနဲ့ဆို မိုင်တွေအများကြီးဝေးတယ်။ ကျနော်တို့နိုင်ငံကနေပဲ အဓိကမှီခိုပြီးတော့ ဆန်စပါးတို့၊ နွားတို့ အစရှိတာတွေကို သုံးစွဲနေရတဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ အခါကြတော့ အခု ဆိုရင် ပင်လယ်ရေကြောင်းကတဆင့် ပြည်မကြီးကနေ ယူနန်ထဲကို ပြန်လည်တင်ပို့နေတာတွေရှိတယ်။ သူတို့ ပြည်နယ်မှာလည်း ထိခိုက်မှုတွေဖြစ်တယ်” ဟု ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံဘက်မှ နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းနေပြီး အိန္ဒိယဘက်မှ လည်း ကုန်သွယ်ရေးများ ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းနေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌ လားရှိုးမြို့တွင် နယ်မြေပြဿနာရှိနေသေးကြောင်း၊ လားရှိုးမြို့သည် စီးပွားရေးနှင့် စစ်ရေးအရ အဓိကအရေးပါသည့် ကုန်းလမ်းကြောင်း ဖြစ်သည့်အတွက် နှစ်ဖက်အင်အားစုများမှ အဆုံးရှုံးခံမည် မဟုတ်ကြောင်းလည်း သုံးသပ်ကြသည်။

သို့သော် တရုတ်အနေဖြင့် နယ်စပ်ကုန်သွယ်ရေး လုပ်ဆောင်ရာတွင် အစိုးရချင်းသာ အဆင်ပြေသည့်အတွက်  မည်ကဲ့သို့ ဖိအားပေးလာမည်ကို မသိနိုင်သော်လည်း ဖိအားများများပေးမှသာ ပြန်ဖွင့်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်

၎င်းက “အဓိကကတော့ တရုတ်အပေါ် မူတည်တာပဲ။ တရုတ်က သူဖိအားများများ‌ ပေးနိုင်တယ်ဆိုရင်တော့ အဲဒီ လမ်းကြောင်းက ပြန်ပွင့်နိုင်ပါတယ်။ ဒါပေမယ့် infrastructure တွေ ဘာတွေကတော့ အတော်များများ လုပ်ယူရ မှာပေါ့။ နောက်တစ်ခုကတော့ ပြည်တွင်းရေးကိစ္စပေါ့လေ။ ဖြတ်သန်းလာတဲ့ ကုန်တွေအပေါ်မှာ အခွန်အကောက် ဘယ်လိုတွေ ခွဲဝေယူကြမလဲ။ အဲဒီဟာတွေ သဘောတူညီမှု ရသွားရင်တော့လည်း ယူနန်နဲ့ ကုန်သွယ်ရေးက ပြန်ပြီးတော့ ဖြစ်မှာပါ။ အခုလည်း တရုတ်နဲ့ကုန်သွယ်ရေးက ဒီဘက် ကျိုင်းတုံဘက်ကတော့ ပြန်တော့လုပ်နေ တယ်။ ဒါပေမယ့် မူဆယ်လမ်းကြောင်းလောက်တော့ active မဖြစ်ဘူးပေါ့” ဟု ပြောသည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်ထားရသော်လည်း တရားမဝင် ကုန်သွယ်မှုများကြောင့် ကုန်ဈေးနှုန်းအပြင် နိုင်ငံခြားငွေဈေးများပါ နှုန်းထားမြင့်တက်နေခြင်းဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်နိုင်ပါက နိုင်ငံခြားငွေဈေးများလည်း ပြန်လည် ကျဆင်းလာနိုင်သကဲ့သို့ ကုန်ဈေးနှုန်းများလည်း ကျဆင်းသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နယ်စပ်ကုန်သွယ်ရေးများ ပြန်လည် စတင်နိုင် ရန် အကောင်အထည်ဖော် ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် လေ့လာသုံးသပ်သူများက အကြံပြုသည်။