CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇

လက်ရှိ မြန်မာနိုင်ငံတွင် ဒေါ်လာ လဲလှယ်သည့် နှုန်းထားသည် ယခု အောက်တိုဘာလမှ စတင်၍ ကျဆင်းလျက် ရှိနေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းလည်း လိုက်ပါကျဆင်းလာနိုင်သလားဆိုကာ သုံးသပ်မှုများရှိနေကြသည်။ 

ပြည်တွင်းရွှေဈေးသည် ဒေါ်လာဈေး ကျဆင်းမှုနှင့်အတူ လိုက်ပါကျဆင်းလေ့ရှိသော်လည်း လက်ရှိတွင် ဗဟိုဘဏ် မှ အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေ စသည့် နိုင်ငံခြားငွေများကို ထုတ်ရောင်းပေးနေမှုနှင့် ပြည်တွင်း ရွှေဝယ် လိုအား အထိုက်အလျောက် ရှိနေခြင်းကြောင့် ရွှေဈေးနှုန်း မကျရခြင်းဖြစ်သည်ဟု ရွှေဈေးကွက် လေ့လာသုံးသပ် သူ ကိုနေခန့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရွှေဈေးက ဘာလို့ လောလောဆယ် ဘာလို့မကျလဲဆိုတော့ အခြေအနေက လောလောဆယ် balance ဖြစ်နေတယ်လို့ ပြောရမှာပေါ့။ ဒီအချိန်မှာ အခုက အရောင်းအဝယ် သမားတွေလည်း နည်းနည်း စိတ်ဝင်စားတဲ့ အချိန် ဖြစ်နေတာပေါ့လေ။ ဈေးက တက်လိုက်ကျလိုက်ဆိုတော့ ရေတို အရမ်းကစားလို့ ကောင်းနေတဲ့အချိန်။ နောက်တစ်ခုက ဗဟိုဘဏ်ကလည်း တောက်လျောက် ဒေါ်လာထုတ်ရောင်းပေးလိုက်၊ ဘတ်ရောင်းပေးလိုက်၊ ယွမ်ရောင်းပေးလိုက်နဲ့ သူတို့ကတော့ ရွှေဈေးကျအောင်တော့ တတ်နိုင်သလောက် လုပ်တော့ လုပ်နေတာပေါ့။ ဒါပေမယ့် တစ်ဖက်က ကစားတဲ့သူကလည်း ဒီအပေါ်မှာ လိုက်ပြီးတော့ ကစားတဲ့အတွက် ဈေးက တင်းခံနေတာ ပေါ့။ အမှန်ဆိုရင်တော့ ဈေးက ကျရမှာပေါ့။ ဒါပေမယ့် ဈေးက မကျတော့ဘူး။ ဘာလို့လဲဆိုတော့ ဝင်ကစားတာ တွေ နည်းနည်းများနေလို့ပေါ့” ဟု ပြောသည်။

ဒေါ်လာနဲ့ ကျပ်ငွေကိုတွေ့ရစဉ်

ပြည်တွင်းရွှေဈေးနှုန်းသည် ယခုနှစ်၌ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၈၀ အထိ ရောက်ရှိခဲ့ခြင်းကြောင့် လက်ရှိ ဖြစ်ပေါ်နေသည့် တစ်ကျပ်သား သိန်း ၆၀ ကျော်သည် ဝယ်ယူသူ များနေသည့် အခြေအနေ ဖြစ်သည်။

ထို့နောက် လက်ရှိတွင် အစ္စရေးနှင့် အီရန် စစ်ပွဲကြောင့် ကမ္ဘာ့ရွှေဈေးနှင့် ရေနံဈေးများ မြင့်တက်လာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်နေကြ၍ ပြည်တွင်းရွှေဈေးနှုန်းသည် ကျဆင်းသွားနိုင်သည့် အနေအထား နည်းပါးသည်ဟု ခန့်မှန်းနေကြသည်။

သို့သော်လည်း ရွှေဝယ်ယူရာတွင် ယခင်က ကုန်သွယ်ခွန် ၁ ရာခိုင်နှုန်းသာ ကောက်ခံသော်လည်း လက်ရှိ၌ ၃ ရာခိုင်နှုန်း ကောက်ခံခြင်းကြောင့် ဝယ်လိုအားအပိုင်းမှာ သက်ရောက်မှု ရှိနိုင်သည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင် များအသင်း အတွင်းရေးမှူး ဦးအုန်းမြိုင်က CNI သတင်းဌာနသို့ ပြောသည်။

ရွှေအတုံးကို တွေ့ရစဉ်

၎င်းက “အခုက ကုန်သွယ်ခွန်က ၃ ရာခိုင်နှုန်း ကောက်တယ်။ ကုန်သွယ်ခွန်ကောက်တော့ အရောင်းအဝယ်တွေက ပိုတောင်မှ ဟသွားသေးတယ်။ အရောင်းအဝယ်လေးတော့ ကောင်းနိုင်တာပေါ့။ ဒါပေမယ့် ကုန်သွယ်ခွန် ၃ ရာခိုင်နှုန်းနဲ့ကျတော့ လူတွေ တော်တော်များများတော့ နည်းနည်းတော့ တွန့်ဆုတ်မှုတွေတော့ ရှိနိုင်တာပေါ့။ အရင်တုန်းက လက်ဝတ်ရတနာက ၁ ရာခိုင်နှုန်း၊ အခုက ၃ ရာခိုင်နှုန်း ဖြစ်သွားတာပေါ့။ နောက် အရင်တုန်းက ခုနှိမ်ခွင့် ရှိတယ်။ အခုက ခုနှိမ်ခွင့် မပါဘူး။ အရင်တုန်းက ခုနှိမ်ခွင့်ဆိုတာက အရင်တုန်းက ဝယ်ထားတယ် ကုန်သွယ်ခွန် ဆောင်ထားပြီးသား ၁ ရာခိုင်နှုန်း၊ သိန်း ၃၀ ဖိုးကို အရင်တုန်းက ၁၀ သိန်းဖိုး ဝယ်ထားလို့ရှိရင် သိန်း ၂၀ ဖိုးပဲ ဆောင်ရတာပေါ့။ အခုကတော့ ခုနှိမ်ခွင့် မပေးဘူး။ သိန်း ၃၀ ဖိုးဝယ်ရင် သိန်း ၃၀ ဖိုးစလုံး ဆောင်ရတာ” ဟု ပြောသည်။

အမေရိကန်ဒေါ်လာ ဈေးနှုန်း ကျဆင်းလာခြင်းကြောင့် မြန်မာကျပ်ငွေတန်ဖိုး ပြန်လည်မြင့်တက်လာခြင်းနှင့် အစ္စရေးနှင့်အီရန် စစ်ပွဲကြောင့် ကမ္ဘာ့ရွှေဈေး မြင့်တက်ခဲ့သည့်အတွက် ပြည်တွင်း ရွှေဈေးနှုန်းသည် ကျဆင်းနိုင် ခြေ နည်းပါးကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် နှုန်းထား ဝန်းကျင်တွင်သာ ရှိနေမည်ဟု ရွှေလုပ်ငန်းရှင် များနှင့် ဈေးကွက်လေ့လာသူများက သုံးသပ်ကြသည်။

အောက်တိုဘာ ၇ ရက်နေ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းနှင့် ရွှေဈေးကွက် နှုန်းထားသည် အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၅၅၀ ကျပ်နှင့် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၆,၃၅၀,၀၀၀(သိန်း ၆၀ ကျော်) ကျပ်တွင် ရှိနေသည်။