CNI International News

ကွာလာလမ်ပူ၊ အောက်တိုဘာ ၅

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်(Anwar Ibrahim)က အလုပ်သမားပြဿနာများကို အဓိကဆွေးနွေးရန် အတွက် အောက်တိုဘာ ၄ ရက်တွင် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ရန် စီစဉ်ထားကြောင်း ဒါကာတာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုခရီးစဉ်သည်  ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ရာထူးမှ နုတ်ထွက်ပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မူဟာမက်ယူနွတ် (Muhammad Yunus) ဦးဆောင်သည့် ကြားဖြတ်အစိုးရတစ်ရပ် စတင်ဦးဆောင်ပြီးနောက် ပြည်ပအစိုးရ အကြီးအကဲတစ်ဦး၏ ပထမဆုံးအကြိမ် နိုင်ငံတော်အဆင့် ခရီးစဉ် ဖြစ်လာလိမ့်မည်ဖြစ်သည်။

ဝန်ကြီးချုပ်အန်ဝါသည် ယူနွတ်နှင့် တွေ့ဆုံကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေး များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ ပညာရေး၊ နည်းပညာ၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် အကြောင်းအရာများ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားရန် မျှော်မှန်းထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နှစ်နိုင်ငံလုံးက အလုပ်သမားရေးရာ ကိစ္စရပ်ကို ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် ကြိုးပမ်းနေချိန် ဖြစ်သောကြောင့် အလုပ်သမား ရွှေ့ပြောင်းမှုသည် ဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာ ဖြစ်လာလိမ့်မည်ဟုဆို သည်။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် မူဟာမက်ယူနွတ်ကို တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်သည် မလေးရှားအတွက် အဓိကလုပ်သား အရင်းအမြစ်တစ်ခုဖြစ်ကာ အထူးသဖြင့် ဆောက်လုပ် ရေး၊ ထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေးကဲ့သို့ ကဏ္ဍများတွင် အဓိက အားထားရာ ဖြစ်သည်။

မလေးရှားတွင် ဘင်္ဂလားဒေ့ရှ်လုပ်သား ၁ သန်းကျော် အလုပ်လုပ်ကိုင်နေခြင်းနှင့်အတူ ထိုဆွေးနွေးမှုများသည် လုပ်ခလစာ၊ အလုပ်အကိုင် အခြေအနေများနှင့် အထောက်အထားမဲ့ အလုပ်သမားစည်းမျဉ်းများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ထားသည်ဟု နောက်ထပ် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နှစ်နိုင်ငံလုံးက လူသစ်စုဆောင်းရေး လုပ်ငန်းစဉ်များ ချောမွေ့မှုရှိစေရန်နှင့် အလုပ်သမား အခွင့်အရေး ကာကွယ် ရေးများ မြှင့်တင်ရန် နည်းလမ်းများကို ဆွေးနွေးသွားဖွယ်ရှိသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများအသင်း  (BAIRA) က လတ်တလော နှစ်များ အတွင်း ရွှေ့ပြောင်းလုပ်သားများကို ပို့ဆောင်ပေးနေသည့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများကို ဖျက်သိမ်းပေး ရန် ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှား ခေါင်းဆောင်များထံ တောင်းဆိုခဲ့သည်။

၂၀၂၂ ခုနှစ်၊ သြဂုတ်လနောက်ပိုင်း နှစ်နိုင်ငံလုံးမှ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ ၁၀၁ ခုအောက်တွင် ပျမ်းမျှ ဘင်္ဂလားဒေ့ရှ်လုပ်သား ၄၅၀,၀၀၀ သည် မလေးရှားသို့ သွားရောက် လုပ်ကိုင်ခဲ့သဖြင့် ထိုအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ၏ ပွင့်လင်းမြင်သာမှုနှင့် မျှတမှုများအပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

Source: ရိုက်တာ