CNI International News 

ဒါကာ၊ ဇူလိုင် ၁၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရအလုပ်အကိုင်များကို ခွဲတမ်းချပေးသည့် စနစ်အား ဆန့်ကျင်သည့် ကျောင်းသားများ ၏ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံအတွင်းရှိ အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် တက္ကသိုလ်များအားလုံးကို ရက် အကန့်အသတ်မရှိ ပိတ်မည်ဟု အာဏာပိုင်များက ကြေညာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အစိုးရ၏ အလုပ်အကိုင်များ ခွဲတမ်းချသည့် စနစ်အရ ၁၉၇၁ ခုနှစ်တွင် ပါကစ္စတန်လက်အောက်မှ လွတ်လပ်ရေး ရယူသည့် စစ်ပွဲအတွင်း သေဆုံးခဲ့သည့် လွတ်လပ်ရေး သမားများ၏ မိသားစုများအတွက် အလုပ်အကိုင် စုစုပေါင်း ၏ ၃၀ ရာခိုင်နှုန်း ခွဲတမ်းချမှု အပါအဝင် အစိုးရအလုပ်အကိုင်များ ခွဲတမ်းချသည့် စနစ်ကို ဖျက်သိမ်းရန် ကျောင်းသားများက ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ယခုသီတင်းပတ်အတွင်း ဆန္ဒပြမှုများသည် ပိုမိုပြင်းထန်လာကာ လူ  ၆ ဦးသေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာ ရခဲ့ပြီးနောက် အစိုးရက စာသင်ကျောင်းများနှင့် တက္ကသိုလ်များကို ပိတ်မည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့နဲ့ ဆန္ဒပြလူအုပ်ကြီးကိုတွေ့ရစဉ်

လူပေါင်း သန်း ၁၇၀ ရှိသည့် ဘင်္ဂလားဒေ့ရှ်တွင် လူငယ် ၃၂ သန်းနီးပါးသည် အလုပ်အကိုင်မရှိခြင်း သို့မဟုတ် ပညာသင်ကြားခွင့် မရခြင်းတို့နှင့်အတူ လူငယ် အလုပ်လက်မဲ့နှုန်း မြင့်တက်လာမှုအပေါ် ကျောင်းသားများက ဒေါသထွက်နေကြခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) က ဆန္ဒပြသူများ၏ တောင်းဆိုချက်ကို လိုက်လျောရန် ငြင်းဆိုခဲ့သဖြင့် ဆန္ဒပြမှုများသည် ပိုမိုအရှိန်ပြင်းထန်လာခဲ့သည်။

ယခုသီတင်းပတ်အတွင်း အလုပ်အကိုင် ခွဲတမ်းချသည့် စနစ်ကို ဆန့်ကျင်သော ကျောင်းသားများနှင့် ဆန္ဒပြသူများ သည် အာဏာရ Awami League ပါတီမှ ကျောင်းသားလူငယ်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ရာဘာ ကျည်များ၊ မျက်ရည်ယို ဓာတ်ငွေ့များ အသုံးပြုပြီး လူစုခွဲခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်မှာ လူငယ်တွေ ဆန္ဒပြနေကြစဉ်

ဇူလိုင် ၁၆ ရက်က အစိုးရဆန့်ကျင်သည့် ကျောင်းသားများ၊ ဆန္ဒပြသူများနှင့် အစိုးရကို ထောက်ခံသည့် ကျောင်းသားများအကြား ခိုက်ရန်ဖြစ်ပွားမှုကြောင့် ကျောင်းသား ၃ ဦး အပါအဝင် လူ ၆ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အာဏာပိုင်များသည် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်ဝင်များတွင် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ နယ်စပ်လုံခြုံရေး အရံတပ်ဖွဲ့များကို ဖြန့်ကြက်ချထားခဲ့သည်။

ဇူလိုင် ၁၆ ရက် နှောင်းပိုင်းတွင် တက္ကသိုလ် ထောက်ပံ့ရေးကော်မရှင်က လုံခြုံရေး အခြေအနေကြောင့် နိုင်ငံ အတွင်းရှိ အထက်တမ်းကျောင်းများ၊ ကောလိပ်များနှင့် အခြား ပညာရေးဌာနများ အပါအဝင် တက္ကသိုလ်အားလုံး ကို ရက်အကန့်အသတ်မရှိ ပိတ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။

Source: ရိုက်တာ