CNI International News

နယူးဒေလီ၊ ဇူလိုင် ၁၇

ဇူလိုင် ၁၃ ရက်က အမေရိကန်တွင် ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးပွဲ၌ သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ် လောင်း ဒေါ်နယ်ထရမ့် (Donald Trump) ပစ်ခတ်ခံခဲ့ရသည့် ဖြစ်စဉ်သည် ကမ္ဘာပေါ်ရှိ နိုင်ငံရေး ခေါင်းဆောင်များ အတွက် သတိပေးခေါင်းလောင်းသံဖြစ်သည်ဟု Khalsa Vox သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ထိုဖြစ်စဉ်သည် ကနေဒါနိုင်ငံရေးသမားများအတွက် ပြည်တွင်းရှိ စိတ်မချမ်းမြေ့ဖွယ် အရှိတရားအချို့ကို တင်းကျပ်စွာ ကိုယ်တွယ်ဖြေရှင်းရမည့် အခြေအနေသို့ တွန်းပို့ရာရောက်သည့် စေ့ဆော်မှုတစ်ခု ဖြစ်သင့်ကြောင်း အိန္ဒိယနိုင်ငံရေး ဆောင်းပါးရှင် ပါမင်ဒါ ဆင်း ဆိုဒီ (Parminder Singh Sodhi) က ရေးသားခဲ့သည်။

အထူးသဖြင့် ကနေဒါနိုင်ငံအတွင်း ခါလစ္စတန်ခွဲထွက်ရေး ထောက်ခံသူများနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များမှ ဖြစ်ပေါ်လာသည့် ပြဿနာများကို အရေးတယူ ဖြေရှင်းရမည့် အချိန်သို့ ကျရောက်လာပြီ ဖြစ်ကြောင်းလည်း ဆိုဒီက ပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် အင်ဒီယာ ဂန္ဒီ (Indira Gandhi) အား ၎င်း၏ ဆစ်ခ်ဘာသာဝင် သက်တော်စောင့်များက လုပ်ကြံသတ်ဖြတ်မှုကို လူသိရှင်ကြား အောင်ပွဲခံနေခြင်းသည် မနှစ်မြို့ဖွယ်ကောင်းရုံသာမက ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းအတွင်း နေရာမရှိသော အကြမ်းဖက်မှုကို ဂုဏ်တင်ရာ ရောက်နေသည်ဟု ၎င်းက ဆိုသည်။

အင်ဒီယာ ဂန္ဒီ လုပ်ကြံသတ်ဖြတ်ခံရမှုသည် သမိုင်းတွင် ဝမ်းနည်းစရာကောင်းသည့် အခိုက်အတန့်ဖြစ်ပြီး ထိုဖြစ်စဉ်ကို အောင်ပွဲခံနေခြင်းသည် လူ့အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုများကို နက်ရှိုင်းစေသလို အမုန်းတရားများကိုလည်း ပျံ့နှံ့စေကြောင်း ဆိုဒီက ပြောကြားခဲ့သည်။

အကြမ်းဖက်မှု သရုပ်ပြကိုတွေ့ရစဉ်

ထို့ကြောင့် ကနေဒါ ခေါင်းဆောင်များအနေဖြင့် ထိုကဲ့သို့ အောင်ပွဲခံမှုများကို တညီတညွတ်တည်း ရှုတ်ချရမည် ဖြစ်ကာ အကြမ်းဖက်မှုကို အောင်ပွဲခံနေမှုအပေါ် လက်မခံနိုင်ကြောင်း ပြတ်သားစွာ အရေးယူဆောင်ရွက်ရမည် ဟုလည်း ဆိုဒီက တိုက်တွန်းခဲ့သည်။

မကြာသေးမီက ကနေဒါနိုင်ငံ ဗန်ကူးဗား (Vancouver) မြို့တွင် ခါလစ္စတန်ခွဲထွက်ရေး ထောက်ခံသူများသည် အိန္ဒိယဝန်ကြီးချုပ် အင်ဒီယာဂန္ဒီ၏ ရုပ်ပုံကို ကျည်ဆန်ရာများ မှန်ထားသည့်ပုံစံဖြင့် အပေါက်များ ဖောက်ထား သည့် ပိုစတာများကို ကိုင်ဆောင်ကာ အောင်ပွဲခံမှုများ ပြုလုပ်ခဲ့သဖြင့် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

ထို့ပြင် ကနေဒါနိုင်ငံသမိုင်းတွင် လူသေဆုံးမှုအများဆုံး လေကြောင်း အကြမ်းဖက်မှုဖြစ်သည့် Air India လေကြောင်းလိုင်း ဗုံးခွဲခံခဲ့ရသော ဖြစ်စဉ်သည် အကြမ်းဖက်မှု၏ ဆိုးရွားသော သက်ရောက်မှုကို အမှတ်ရစေသည့် ဖြစ်စဉ်တစ်ခု ဖြစ်သင့်ကြောင်း ဆိုဒီက ပြောကြားခဲ့သည်။

၁၉၈၉ ခုနှစ်၊ ဇွန်လ ၂၃ ရက်က မွန်ထရီယယ်-လန်ဒန်-ဒေလီ-မွမ်ဘိုင်း ( Montreal-London-Delhi-Mumbai) သို့ ပြေးဆွဲသည့် Air India လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် အတ္တလန္တိတ်သမုဒ္ဒရာပေါ်တွင် ဆစ်ခ် အကြမ်းဖက်သမားများ၏ ဗုံးခွဲတိုက်ခိုက်ခြင်း ခံခဲ့ရသဖြင့် ကနေဒါ နိုင်ငံသား ၂၆၈ ဦး အပါအဝင် လေယာဉ်ပေါ် လိုက်ပါသွားသည့် လူပေါင်း ၃၂၉ ဦးစလုံး သေဆုံးခဲ့သည်။

Source: Khalsa Vox