CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅
ဘိုင်ယန်မြူးနစ်အသင်းဟာ ရီးရယ်လ်အသင်းရဲ့ ကာလရှည်ကြာ ပစ်မှတ်ဖြစ်နေတဲ့ ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ အသက် ၂၄ နှစ်အရွယ်ရှိ အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို ၂၀၃၀ ခုနှစ် ရာသီအကုန်ထိ စာချုပ် သက်တမ်းတိုးခဲ့တာပါ။
အယ်လ်ဖွန်ဆိုဒေးဗီးစ်အနေနဲ့ စာချုပ်ကုန်ဆုံးတဲ့အထိ ဆက်ရှိမယ်ဆိုရင် ဂျာမနီကလပ်မှာ ကစားတာ ၁၁ နှစ်ကြာ ရှိသွားမှာဖြစ်ပါတယ်။
ကနေဒါနောက်ခံလူဟာ ၂၀၁၈ ခုနှစ်ကတည်းက ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိလာခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရရှိခဲ့တာပါ။
အယ်လ်ဖွန်ဆိုဒေးဗီးစ်က “ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း တိုးခွင့်ရလို့ ကျနော် အလွန်ပျော်ပါတယ်။ ကျနော်ဟာ အသက် ၁၈ နှစ်အရွယ်မှာ ဘိုင်ယန်မြူးနစ်ကို ရောက်ရှိလာခဲ့ပြီး ကျနော်ကစားတဲ့ နေရာမှာ အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်လာဖို့ နေ့တိုင်း သင်ယူချင်ခဲ့ပါတယ်။ အခုနောက်ထပ် ၅ နှစ် အတူရှိရတော့မှာ ဖြစ်ပြီး အောင်မြင်မှု အများကြီး ရယူထားပေမယ့် နောက်ထပ်ရယူချင်သေးတယ်”လို့ ပြောခဲ့ပါတယ်။
အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို ပြီးခဲ့တဲ့ နွေရာသီကတည်းက ခေါ်ယူချင်ခဲ့ပေမယ့် အဆင်မပြေခဲ့ တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဒီနွေရာသီမှာ အလွတ်နဲ့ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့တာပါ။
ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ စာချုပ်သက်တမ်းတိုးမှုကြောင့် အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို ခေါ်ယူချင်တဲ့ ရီးရယ်လ်အသင်းရဲ့ မျှော်လင့်ချက်တွေ ထိခိုက်ခဲ့တာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ နွေရာသီမှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် အာနိုးလ်ကို အလွတ်နဲ့ခေါ်ယူနိုင် ဖို့လည်း ထပ်ပြီးပစ်မှတ်ထားနေတာပါ။
အယ်လ်ဖွန်ဆိုဒေးဗီးစ်ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း ၂၂၀ ပါဝင်ကစားထားပြီး ၁၂ ဂိုးသွင်းယူကာ ဘွန်ဒက်လီဂါဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၃ လုံး ရယူထားတာ ဖြစ်ပါတယ်။
Source: ESPN