CNI International News
အော့တဝါ ၊ ဖေဖော်ဝါရီ ၃
ကနေဒါနိုင်ငံမှ အမေရိကန်သို့ တင်သွင်းသည့် ကုန်ပစ္စည်းများကို အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)၏ အစီအစဉ်ကို တုန့်ပြန်သွားမည်ဟု ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒိုး (Justin Trudeau) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ပြင် ထရမ့်၏ လုပ်ဆောင်ချက်သည် အမေရိကန်ပြည်သူများအတွက် နောက်ဆက်တွဲ အကျိုးဆက်များကို ခံစားရလိမ့်မည်ဟုလည်း ထရူဒိုးက သတိပေးလိုက်သည်။
ကာလကြာရှည် မဟာမိတ်များဖြစ်ပြီး ကမ္ဘာ့ အရှည်လျားဆုံး ကုန်းမြေနယ်စပ်ချင်း ထိစပ်နေသည့် ကနေဒါနှင့် အမေရိကန်အကြား ဆက်ဆံရေးများ အနိမ့်ဆုံးအဆင့်အထိ ကျဆင်းနေချိန်တွင် ထရူဒိုးက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထရူဒိုးက အမေရိကန်မှ ကနေဒါသို့ တင်သွင်းသည့် ဒေါ်လာ ၁၀၇ ဘီလျံတန်ဖိုးရှိ သွင်းကုန်များအပေါ် အခွန်များ စည်းကြပ်ကောက်ခံခဲ့ခဲ့ပြီး ထိုအခွန်ကောက်ခံမှုသည် ဖေဖော်ဝါရီ ၄ ရက်တွင် စတင် အသက်ဝင် လာလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထရူဒိုးက အခွန်များ တိုးမြှင့်ကောက်ခံမည့် အမေရိကန်ကုန်စည်များထဲတွင် အမေရိကန်ဘီယာ၊ ဝိုင်၊ ဘာဘွန်း ဝီစကီ၊ သစ်သီးဝလံများ၊ သစ်သီးဖျော်ရည်များ ပါဝင်ပြီး အဝတ်အထည်များ၊ အားကစားပစ္စည်းများနှင့် အိမ်တွင်းသုံး ပစ္စည်းကိရိယာများ ပါဝင်ကြောင်း ပြောကြားခဲ့သည်။
ထိုသို့ အပြန်အလှန် သွင်းကုန်၊ ပို့ကုန်များ အခွန်တိုးမြှင့် ကောက်ခံခြင်းကြောင့် လာမည့် သီတင်းပတ်အတွင်း ကနေဒါနိုင်ငံသားများသာမက အမေရိကန်နိုင်ငံသားများပါ အခက်အခဲများနှင့် ကြုံတွေ့ရလိမ့်မည်ဟု ပြောကြားခဲ့သည်။
“ကနေဒါကို ပစ်မှတ်ထားတဲ့ အခွန်တိုးကောက်မှုဟာ သင်တို့ရဲ့ အလုပ်အကိုင်တွေကို ထိခိုက်စေနိုင်ပြီး ကနေဒါ နိုင်ငံထဲမှာရှိတဲ့ အမေရိကန် မော်တော်ကားပစ္စည်း တပ်ဆင်ရေးစက်ရုံတွေနဲ့ အခြားကုန်ထုတ်လုပ်ငန်းတွေ ပိတ်သွားမယ့် အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်” ဟု ထရူဒိုးက ပြေကြားခဲ့သည်။
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒိုးကို တွေ့ရစဉ်
ကနေဒါသည် အခွန်ကင်းလွတ်ခွင့်ပေးသည့် အစီအစဉ်များကိုလည်း စဉ်းစားနေပြီး အရေးကြီးသည့် သတ္တုများ၊ စွမ်းအင်ကဏ္ဍနှင့် အခြားမိတ်ဖက် ဆက်ဆံမှုများနှင့် ဆက်နွှယ်သည့် ကုန်စည်များကို အခွန်ကင်းလွတ်ခွင့် ပေးမည်ဟု ထရူဒိုးက ပြောသည်။
ကီလိုမီတာ ၉၀၀၀ (မိုင် ၅၆၀၀) ရှည်လျားသည့် အမေရိကန်-ကနေဒါ နယ်စပ်ဒေသတစ်လျှောက် တစ်ရက်လျှင် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၂ ဒသမ ၅ ဘီလျံရှိပြီး စွမ်းအင်နှင့်ကုန်ထုတ်လုပ်ရေးကဏ္ဍမှ ကုန်စည်များ အဓိက ကုန်သွယ်မှုပြုလုပ်နေကြောင်း ၂၀၂၃ ခုနှစ်က ကနေဒါအစိုးရ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
Source: ရိုက်တာ