CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် ယခုထက် ပိုမိုပါဝင်လာနိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်သည် အနောက်နိုင်ငံများ မပါဝင်လာနိုင်သေးချိန်တွင် အာဆီယံနိုင်ငံများဖြင့်ပူးပေါင်းပြီး စီးပွားရေး ဈေးကွက်ကြီး တစ်ခုဖြစ်ရန် လုပ်ဆောင်နေသကဲ့သို့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တရုတ်မှ အတတ်နိုင်ဆုံး လုပ်ဆောင်နေသည့် ပုံရိပ်ရရေးကို ကြိုးစားနေသဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးမှာလည်း ယခုထက်ပိုမို ပါဝင်လာနိုင်ဖွယ်ရှိသည်ဟု ၎င်းက ပြောသည်။
ဒေါက်တာလှကျော်ဇောက “တရုတ်က ဒီကာလမှာ စိတ်လွတ်လက်လွတ်ပေါ့။ အနောက်နိုင်ငံတွေ ဝင်ပြီးမပါဝင် လာနိုင်တဲ့ ကာလမှာ အာရှမှာ အာဆီယံနိုင်ငံတွေနဲ့ ပေါင်းပြီးတော့ စီးပွားရေးဈေးကွက်ကြီး တစ်ခုဖြစ်အောင် အပြေးအလွှား လုပ်နေတာလေ။ တော်တော်ဖိဖိစည်းစည်း လုပ်နေတာ။ အဲဒါကြောင့် ဗမာပြည်ရဲ့ ပြည်တွင်းစစ် ကြီးကိုလည်း မြန်မြန်ပြီးစေချင်တာ။ အဲဒီထဲကို ဗမာပြည် ပါဝင်လာအောင် ကြိုးစားနေတာဖြစ်တယ်။ တရုတ် အနေနဲ့က စိတ်လွတ်လက်လွတ် ရှေ့လျှောက်လည်း လုပ်လို့ရမယ့်ပုံပဲ ကြည့်ရတာ။ အဲဒီအဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီရဲ့ ဆွေးနွေးမှုအပေါ်မှာ မူတည်တယ်လေ။ တရုတ်ကတော့ အကုန်လုံးကို အဲဒီလို စေ့စပ်ပေးနေတာပဲ။ ဗမာပြည်တင်မဟုတ်ဘူး။ အရှေ့အလယ်ပိုင်း ကိစ္စတွေလည်း သူဝင်ပါနေတာပဲ။ ယူကရိန်းကိစ္စတွေလည်း ဝင်ပါနေတာပဲ။ ကမ္ဘာကြီးမှာ အခန့်မသင့်ရင် တတိယကမ္ဘာစစ်ကြီး ဖြစ်ကောင်းဖြစ်နိုင်တယ်။ တတိယကမ္ဘာစစ် ဖြစ်ရင် အဏုမြူစစ်ပွဲကြီး ပေါက်ကွဲနိုင်တယ်။ တစ်ကမ္ဘာလုံး ဒုက္ခရောက်နိုင်တာပေါ့။ သူက ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် အတတ်နိုင်ဆုံး လုပ်နေပါတယ်ဆိုတဲ့ ပုံရိပ်ရရေးအတွက် ကြိုးစားနေတာပဲ။ အဲဒီတော့ ဗမာပြည်ရဲ့ ပြည်တွင်းရေးမှာလည်း ဒီထက်ပိုပြီး ပါဝင်လာနိုင်ဖို့ရှိပါတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)ကို တွေ့ရစဉ်
တရုတ်အတွက် မြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ်အော် ထွက်ပေါက်ရှိသဖြင့် အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိသောကြောင့် ပြည်တွင်းရေးကို စွက်ဖက်၍ရသလောက် စွက်ဖက်မည်ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ထောက်ပြကြသည်။
ထို့ကြောင့် ရွေးကောက်ပွဲ အမြန်ကျင်းပကာ တည်ငြိမ်အေးချမ်းရေးဖြစ်စေရန် တွေ့ဆုံဆွေးနွေးမှုများကိုလည်း အားသွန်ခွန်စိုက် ကြားဝင်စေ့စပ်ပေးနေခြင်းဖြစ်သည်။
တွေ့ဆုံဆွေးနွေးရေးများ ပြုလုပ်ပါက အချိန်ကာလ ထပ်မံကြာနိုင်သဖြင့် ရွေးကောက်ပွဲ ပြုလုပ်ကာ စွန့်စားကြည့် ရန် အကြံပြုခြင်းများရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးခွန်းဆိုင်က “စစ်အရေးပေါ် အခြေအနေ ကြေညာတာ ဒီအောက်မှာ အလူးအလဲခံရတာ ၄ နှစ်ရှိတော့မယ်။ နောက်ထပ် ဆွေးနွေးရင် နောက်ထပ် အကြာကြီးခံရဦးမယ်။ ဒါကြောင့် ရွေးကောက်ပွဲနဲ့ပဲ စွန့်စားသင့်ပါတယ်လို့ အကြံပြုတဲ့ ဟာတွေရှိတယ်။ ရွေးကောက်ပွဲနဲ့ ဖြစ်လာပြီဆိုရင်တော့ အနည်းဆုံး အာဏာ ၃ ရပ်က သူတစ်ယောက် တည်း ကိုင်တာမဟုတ်ဘဲနဲ့ ဖြန့်ပြီးကိုင်တာ ဖြစ်သွားပြီ။ ဒီလိုဆိုရင် အခြေအနေက ကိုယ့်ဘက် လိုတာကို ဖန်တီးဖို့ အခွင့်အလမ်းတွေ ပိုများလာနိုင်တယ်လို့ တိုက်တွန်းနေတာတွေရှိတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လက်ရှိတွင် နစကအနေဖြင့် ရွေးကောက်ပွဲအတွက် အချိန်လိုအပ်သဖြင့် သက်တမ်းကို ၆ လ ထပ်မံတိုးထားသည်။
ထို့ကြောင့် ၎င်း ၆ လတာ ကာလအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ထူးခြားချက်များအပေါ် နိုင်ငံတကာဘက်မှ စောင့်ကြည့်နေကြသကဲ့သို့ စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကလည်း စောင့်ကြည့်နေကြသည်။
ထိုအခင်းအကျင်းတွင် တရုတ်နိုင်ငံမှ ရွေးကောက်ပွဲဖြစ်မြောက်ရေး မည်ကဲ့သို့ ကြားဝင်လုပ်ဆောင်ပေးဦးမည်ကို လည်း စောင့်ကြည့်နေကြခြင်းဖြစ်သည်။
လက်ရှိတွင် တရုတ်သည် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(TNLA-AA-MNDAA)တို့ကြား တိုက်ပွဲ များရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အထမြောက်ရေး ကြိုးပမ်းပေးလျက်ရှိသည်။