CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၈

၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော လူထုအရေးတော်ပုံ အတွေ့အကြုံကနေ ယခု မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော နိုင်ငံ ရေး အကျပ်အတည်းကို မည်ကဲ့သို့ ကျော်ဖြတ်ကြမလဲ နိုင်ငံရေးအသိုင်းအဝိုင်းကြား ဆွေးနွေး၍ နည်းလမ်းရှာနေ ကြသည်။

ယနေ့ (ဩဂုတ် ၈ ရက်)သည် ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း စစ်ဘက်နှင့် အရပ်ဘက်ကြား စည်းလုံးညီညွတ်မှုမှာ မရရှိသေးသလို လက်နက်ကိုင် ပဋိပက္ခများပါ ကျယ်ပြန့်လာခဲ့သည်။

၁၉၈၈ လူထုအုံကြွမှုမှတဆင့် လက်နက်ကိုင် ခုခံတော်လှန်ရေးကို စတင်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အနေဖြင့် တိုင်းပြည်၏ အပြောင်းအလဲကို တွေ့ဆုံဆွေးနွေးရေးဖြင့် ဖြေရှင်းရမည်ဆိုသည်ကို လက်ခံထားကြောင်း ABSDF မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်အေးလွင်က CNI သတင်းဌာန သို့  ပြောသည်။

၎င်းက “ကျနော်ပြောချင်တာကလေ ကျနော်တို့ စကားပြောတာကလည်း သူ့အခြေအနေ၊ အချိန်အခါအောက်မှာ ရှိတယ်။ ကျနော် အရင်တုန်းကလည်း ပြောခဲ့သလို ကျနော်တို့ ABSDF က တွေ့ဆုံဆွေးနွေးရေးကို ကျနော် တို့ Process တစ်ခု အနေနဲ့ လက်ခံထားတယ်၊ အရင်တုန်းကလည်း ကျနော်တို့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ခဲ့ တယ်၊ သို့သော်လည်း တွေ့ဆုံဆွေးနွေးရမယ့် အချိန်ဆိုတာတော့ အချိန်တစ်ချိန်ကြရင် ရှိလာမယ်လို့ ကျနော် အဲဒီ လို ယုံကြည်တယ်၊ တိုင်းပြည်ရဲ့ အပြောင်းအလဲမှာ ကျနော်တို့ တွေ့ဆုံဆွေးနွေးရေးဆိုတာလည်း Process တစ်ခု မှာ ရှိမယ်လို့ ကျနော်အဲဒီလို လက်ခံပါတယ်၊ ကျနော်တို့ ABSDF ကလည်း တွေ့ဆုံဆွေးနွေးရေးကို ပါဝင်သင့် ပါဝင် ထိုက်တဲ့သူတွေ အားလုံးပါဝင်တဲ့ အခင်းအကျင်းမျိုး ဖြစ်အောင် ဆောင်ရွက်ဖို့လည်း ကျနော်တို့ အမြဲတမ်းပြောနေ တာ ရှိပါတယ်။ အဲဒီတော့ တွေ့ဆုံဆွေး‌နွေးရေးကို ကျနော်တို့ ABSDF အနေနဲ့ ဘယ်တုန်းကမှ ငြင်းပယ်ခဲ့တာ မရှိ ဘူး။ လက်ရှိအခြေအနေမှာတော့ ကျနော်တို့ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဖြစ်စဉ်ဟာ တိုင်းပြည်မှာ ဘက်ကနေ အရမ်းကို ကြီးကြီးမားမား လုပ်လာတဲ့ အပေါ်မှာ ကျနော်တို့ လက်နက်ကိုင် တော်လှန်တဲ့ ကိစ္စတွေက ရှိတယ်၊ တိုင်းပြည်ရဲ့ အပြောင်းအလဲကိုတော့ ကျနော်တို့လည်း တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်တစ်ခုအနေနဲ့ ကျနော် တို့ ဖြတ်ရမယ်ဆိုတာလည်း လက်ခံထားပါတယ်” ဟု ပြောသည်။

ဒီမိုကရေစီအရေး တောင်းဆိုကြသူများနဲ့ ရဲတပ်ဖွဲ့ကိုတွေ့ရစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အခင်းအကျင်းများကြောင့် နိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခများမှာ ဆက်လက် ဖြစ်ပွားလျက်ရှိနေသည်။

ပြည်သူ့နိုင်ငံရေးကို မတည်ဆောက်နိုင်ဘဲ ဒီမိုကရေစီမရနိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စည်းမျဉ်းစည်းကမ်းနဲ့ စနစ်တကျနဲ့ စီမံဆောင်ရွက်အုပ်ချုပ်မှု အားနည်းတဲ့အတွက် ဒီလိုဖြစ်ခဲ့တယ်၊ အရေးယူမှု အားနည်းတဲ့အတွက် ဒီလိုဖြစ်ခဲ့တယ်၊ အခုလည်း ကျနော်တို့တတွေက ပြီးခဲ့တဲ့ဟာကို သင်ခန်းစာ ယူပြီးတော့ ကျနော်တို့အခု ဖြစ်နေတဲ့ အနေအထားအပေါ်မှာ ကျနော်တို့ကတော့ နည်းလမ်းနှစ်မျိုးနဲ့ တစ်မျိုး ကတော့ နွေဦးတော်လှန်ရေးဆိုပြီး တစ်ဖက်က လက်နက်ကိုင်ကိစ္စနဲ့ လုပ်နေတာပေါ့ဗျာ၊ ကျနော်တို့ကတော့ ကျနော်တို့ အသက်အရွယ်နဲ့ ကျနော်တို့ ဖြတ်သန်းလာခဲ့တဲ့အရလည်း ကျနော်တို့က ပြည်သူ့နိုင်ငံရေးကို မတည် ဆောက်ဘဲနဲ့ ဒီမိုကရေစီ နိုင်ငံရေးဆိုတာကို မရနိုင်ပါဘူး” ဟု ပြောသည်။

လက်ရှိ လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်တွင်းတွင် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရကြောင်း၊ ယခု အချိန်ထိလည်း ပြဿနာဖြေရှင်းနိုင်ရေး ကြိုးပမ်းမှုများ ရှိနေသည့်တိုင် မပြေလည်းသေးဘဲ ဖြစ်နေသည်။