CNI Local News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈
မြန်မာ့အရေးတွင် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သည် ယခင်ထက် ပိုမို ဆောင်ရွက်လာကြသည်။
တရုတ်သည် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပပြီး အရပ်သား အစိုးရသစ်တစ်ရပ် ပေါ်ထွန်းရေးအတွက် နစကနှင့် တွေ့ဆုံဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်လျက်ရှိသည်။
ထို့အတူ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကလည်း တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြုလုပ်သည့် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးမှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သီးသန့်တွေ့ဆုံခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေး ကို ကူညီရန် ကမ်းလှမ်းခဲ့သည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာကို CNI သတင်းဌာနမှ မေးမြန်းထားသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တရုတ်ဝန်ကြီးချုပ်နဲ့အတူ တွေ့ရစဉ်
CNI သတင်းဌာန ။ ။ နစကဥက္ကဋ္ဌ တရုတ်ခရီးစဉ်ကနေ ပြန်လာပြီးနောက်မှာ နိုင်ငံရေးအပြင် တခြား စစ်ရေး၊ စီးပွားရေး ဘာတွေ ပြောင်းလဲသွားနိုင်ဖွယ်ရှိသလဲ။
ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ အများကြီးတော့လည်း မျှော်လင့်လို့မရဘူး။ ကျနော်ထင်တာတော့ နိုင်ငံရေးနဲ့ စစ်ရေးပြဿနာက အရင် ရှင်းရမယ့်ကိစ္စနဲ့ တူပါတယ်။ စစ်ဘောင်ကို ချုံ့ချင်ရင်တော့ နိုင်ငံရေးဘောင်ကို ချဲ့ပေးရမယ့်သဘော ရှိပါတယ်။
အကယ်၍ တရုတ်ဘက်က တွေ့ဆုံဆွေးနွေးရေးတို့၊ နိုင်ငံရေးဘောင်ကို ချဲ့ဖို့တို့ ပါလာတယ်ဆိုရင်တော့ စစ်ဘောင် ကို ကျုံ့ဖို့အတွက် နည်းနာရှာရမယ့်သဘော ဖြစ်ပါတယ်။ အဲဒီဟာကို ဒီနှစ်မကုန်ခင် စစ်ဘောင် ဘယ်လိုချုံ့မလဲ၊ ပဋိပက္ခ ဘယ်လိုလျှော့မလဲဆိုတာကို နှစ်မကုန်ခင်နဲ့ လာမယ့် ၆ လ အကုန်မှာတော့ အရွေ့တစ်ခု ကြီးကြီးမားမား ရှိမယ်လို့ မျှော်လင့်တယ်။ စစ်ရေးနဲ့ နိုင်ငံရေးမှာလည်း အရွေ့များနိုင်တယ်လို့ ယူဆတယ်။ စီးပွားရေးတို့၊ ဘာတို့ တော့ သိပ်ကြီးကြီးကျယ်ကျယ် ဖြစ်ဦးမှာမဟုတ်ပါဘူး။
CNI သတင်းဌာန ။ ။ ထိုင်းဝန်ကြီးချုပ်နဲ့ နစကတို့ တရုတ်မှာ ကျင်းပတဲ့ မဟာမဲခေါင်ဒေသခွဲ အစည်းအဝေးမှာ တွေ့ခဲ့တယ်။ အဲဒီမှာ ထိုင်းဝန်ကြီးချုပ်ဘက်က ငြိမ်းချမ်းရေးကို ပြုစုပျိုးထောင်ဖို့ စေတနာနဲ့ ကမ်းလှမ်းခဲ့တယ်လို့လည်း ပြောထားတယ်။ ဆိုတော့ ဒီအအခင်းအကျင်းက ဘာတွေဖြစ်လာနိုင်မလဲ။
ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ ထိုင်းကတော့ နှစ်ဆန်းမှာကတည်းက အခုလက်ရှိ ဝန်ကြီးချုပ်ရဲ့အဖေ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ကိုယ်တိုင်က ဗမာပြည်က သက်ဆိုင်တဲ့လူတွေကို ခေါ်တွေ့ဖူးတာ မှတ်မိပါလိမ့် မယ်။ ဒါတစ်ခု။
နောက်တစ်ခုက လာအိုက အာဆီယံဥက္ကဋ္ဌဖြစ်တဲ့အချိန်မှာ ဗမာပြည်ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဖိုရမ် တစ်ခု ခေါ်ဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် မဖြစ်လိုက်ဘူး။ အခြေအနေရော မပေးတာနဲ့ မဖြစ်လိုက်တဲ့ အပေါ်မှာ အင်ဒိုနီးရှားက အောက်တိုဘာလထဲမှာ ဖိုရမ်တစ်ခုခေါ်ပါတယ်။
ဗမာပြည်နဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့ သူတွေခေါ်တဲ့အချိန်မှာ NUG တို့ တခြားအဖွဲ့အစည်းတွေ သွားတာတွေ တွေ့ရပါတယ်။ ဒါပေမယ့် စစ်ကောင်စီ ဘက်ကတော့ ကိုယ်စားလှယ်လွှတ်တာ မတွေ့ရဘူး။ အဲဒီမှာလည်းပဲ ဆုံချက်က ပျောက်သွားပြီးတော့ ဘာမှ ရလဒ်မထွက်ဘူး။ ထို့အတူပဲ နိုဝင်ဘာလဆန်းမှာ ၅၊ ၆၊ ၇၊ ဒါကြောင့် ကျနော်တို့က တစ်လလောက် စောင့်ကြည့်ပြီးတော့ ထိုင်းမှာဆောင်ရွက်မယ့် ဗမာပြည်ဆိုင်ရာ ဆွေးနွေးပွဲက အခြေအနေကောင်းတယ်။ လူစုံတယ်ဆိုရင်တော့ နောက်နှစ်မှာ ပဋိပက္ခတွေ လျော့ပြီးတော့ ဆွေးနွေးပွဲတွေ တရားဝင် ဖြစ်လာမယ်လို့ ယူဆရတာပေါ့။ ဒါကြောင့် ထိုင်းပွဲကို စောင့်ကြည့်ရမယ်လို့ ကျနော် အဲဒီလိုပြောချင်ပါ တယ်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန် တွေ့ဆုံစဉ်
CNI သတင်းဌာန ။ ။ ဗိုလ်မှူးကြီးတို့အမြင်မှာရော လက်ရှိ ဖြူးထိုင်းပါတီ ထိုင်းဝန်ကြီးချုပ်တို့ အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ NUG တို့အပေါ်မှာ ဘယ်လောက်အထိ သက်ရောက်မှု ရှိမယ်လို့ သုံးသပ်မိထားလဲ။
ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ သက်ရောက်မှုကတော့ ဗမာပြည်ရဲ့ ပဋိပက္ခက သူတို့ကို တိုက်ရိုက် လာပြီး တော့ ရိုက်ခတ်တာပေါ့။ အိမ်နီးနားချင်းလည်းဖြစ်တယ်။ ဗမာပြည်က အကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့ လူတွေကိုလည်း လက်ခံထားရတယ်။ အဓိကဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မြဝတီလမ်းကြောင်း ဆိုလည်း လုံးဝပိတ်နေပြီ။
ဆိုတော့ အခက်အခဲနဲ့ ရုန်းနေရတော့ ဒီပြည်တွင်းရေးပဋိပက္ခကြောင့် ထိုင်းက အများဆုံးခံစားရတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းအနေနဲ့ ဒီပဋိပက္ခကို နည်းနာရှာပြီးတော့ ရှင်းပေးဖို့ ကြိုးစားတာက ထိုင်းဘက်က မှန်ပါတယ်။
ဒါကြောင့် ထိုင်းက လုပ်ဆောင်တဲ့နေရာမှာ နေပြည်တော်ဘက်က ဘယ်လောက် လိုက်လျောမလဲဆိုတာလေးပဲ စောင့်ကြည့်ဖို့လိုမယ်။ နောက် အဲဒီကြားမှာ ထိုင်းနဲ့တရုတ်က ပူးပေါင်းပြီးတော့ နောက်လာမယ့် မလေးရှားက နောက်နှစ်မှာ အာဆီယံအကြီးအကဲဖြစ်မှာကို။ မလေးရှားကလည်း သူ့ရဲ့ weight ကို သုံးပြီး ပူးပေါင်းဆောင်ရွက် မယ်ဆိုရင် မလေးရှားရော၊ ထိုင်းရော၊ တရုတ်ရောကြား တတိယအင်အားစုအနေနဲ့ ပူးပေါင်းဆောင်ရွက် မယ်ဆိုရင် တော့ ကျနော်တို့ တွေ့ဆုံပွဲက ဖြစ်သွားနိုင်ခြေရှိတယ်လို့ မှန်းရတာပဲ။
မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကို တွေ့ရစဉ်
CNI သတင်းဌာန ။ ။ တရုတ်ဘက်ကလည်း နစကအတွက် ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ထောက်ပံ့ ကူညီမှုတွေ လုပ်ဆောင်ပေးမယ်လို့လည်း သိရတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကိုလည်း တရုတ်က အားပေးတာ မျိုးတွေ တွေ့ရတော့ တရုတ်ကနေ ဦးဆောင်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးမယ့် အနေအထားနဲ့ ထိုင်းကနေ လုပ်မယ့် တွေ့ဆုံဆွေးနွေးမှုမှာ ဘယ်ဟာက အရင်ဆုံး အကောင်အထည် ဖော်နိုင်မယ်လို့ သုံးသပ်မိလဲ။
ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ လောလောဆယ်တော့ ထိုင်းက အရင်လုပ်နေပြီလေ။ ထိုင်းက plan ချထားတာ ၃ လလောက်ရှိပြီ ဆိုတော့ ထိုင်းက အရင်လုပ်နေပြီ။ တရုတ်က ထိုင်းကိုပဲ လိုက်ပြီးတော့ ပံ့ပိုးရမယ်နဲ့တူပါတယ်။
ဘာကြောင့်လဲဆိုတော့ တရုတ်ရဲ့ ပံ့ပိုးမှုက မြောက်ပိုင်းအဖွဲ့တွေကိုပဲ လွှမ်းခြုံပြီးတော့ တောင်ပိုင်းမှာရှိတဲ့ မွန်တို့၊ KNU တို့၊ KNPP တို့၊ တခြားလက်နက်ကိုင်ပေါ့ ချင်း အပါအဝင်ပေါ့လေ ဒီလက်နက်ကိုင်နဲ့ ပတ်သက်လို့ တရုတ်က သိပ်အာရုံထားတာ မတွေ့ရဘူး။
မြောက်ပိုင်းအဖွဲ့တွေမှာပဲ တရုတ်က အာရုံထားတော့ တခြမ်းပဲတော့ ငြိမ်းလို့မရဘူး။ ပဋိပက္ခက လုပ်မယ်ဆိုရင် တစ်ပြည်လုံးလွှမ်းခြုံတဲ့ ပဋိပက္ခ လျော့နည်းရေး မူကိုချရမယ်လို့ ယူဆပါတယ်။ တစ်ပြည်လုံးလွှမ်းခြုံနိုင်ဖို့က ထိုင်းမှာ ဒီဇင်ဘာမှာ ကျင်းပမယ့် တွေ့ဆုံပွဲက လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။
CNI သတင်းဌာန ။ ။ ထိုင်းကလုပ်မယ့် တွေ့ဆုံပွဲမှာရော တစ်ဖက် အင်အားစုတွေ အနေနဲ့ လာနိုင်ခြေ ရှိပါ့မလား။ ဘယ်လိုမျိုး သုံးသပ်မိလဲ။
ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ အဓိကကတော့ နေပြည်တော်က ကိုယ်စားလှယ် လွှတ်/မလွှတ်ပေါ့။ တစ်ဖက် က လူတွေပါရင် နေပြည်တော်က မလာတော့ဘူးလေ။ နေပြည်တော်က သွားတဲ့အခါကြ နယူးဒေလီမှာ နေပြည်တော်က လူလွှတ်တယ်။
ဒါပေမယ့် တစ်ဖက် အင်အားစု အတိုက်အခံတွေက မလာပြန်ဘူး။ အင်ဒိုနီးရှားမှာတော့ အတိုက်အခံတွေ သွား တယ်။ နေပြည်တော်က မသွားဘူး။ အဲဒီလိုတွေဖြစ်တာပေါ့။ ဒါကြောင့် နေပြည်တော်လည်း လာအောင် တစ်ဖက် အင်အားစုတွေလည်း ပါနိုင်အောင် ဘယ်လိုစီစဉ်မလဲဆိုတာတော့ အလွတ်သဘောတော့ အကြိမ်ပေါင်းများစွာ ညှိရမယ့် သဘောတော့ ရှိပါတယ်။