CNI Interview
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၄
မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ ၁၁ ပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်(EAO) ၆ ဖွဲ့၊ အမျိုးသားစည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး၊ ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးစင်တာ(CPR) တို့မှ ကိုယ်စားလှယ် ၂၀ ကျော်သည် အိန္ဒိယနိုင်ငံသို့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ လေ့လာရေးခရီးစဉ် သွားရောက်ခဲ့သည်။
အိန္ဒိယနိုင်ငံသို့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖက်ဒရယ်စနစ်ဆိုင်ရာ လေ့လာရေးခရီးစဉ်သည် မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ခရီးစဉ်မှာ ပါဝင်ခဲ့သူများက ပြောသည်။
အဆိုပါ အခြေအနေများနှင့်ပတ်သက်၍ အိန္ဒိယခရီးစဉ်မှာ ပါဝင်ခဲ့သူ NCA ထိုးထားသည့် ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။
CNI သတင်းဌာန ။ ။ ဆရာမတို့ အိန္ဒိယခရီးစဥ်မှာ အဓိက ဘယ်အပိုင်းတွေကို လေ့လာခဲ့ပါသလဲ။
ဒေါ်စောမြရာဇာလင်း ။ ။ အဓိကအားဖြင့် ဆိုလို့ရှိရင် သမ္မတနဲ့ သမ္မတရဲ့ အခန်းကဏ္ဍ၊ နောက်ပြီးလို့ရှိရင် Governor (အုပ်ချုပ်ရေးမှူး)ရဲ့ အခန်းကဏ္ဍ၊ ပြီးလို့ရှိရင် ပြည်နယ်တွေကို ဘယ်လိုဖွဲ့စည်းထားလဲဆိုတဲ့ အနေ အထား တွေပေါ့။
ပြီးလို့ရှိရင် ကော်မရှင် Finance Commission (ဘဏ္ဍာရေးကော်မရှင်) ကိုလည်း လေ့လာခဲ့ရတယ်။ နောက် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေး စနစ်တွေကိုလည်း ကျမတို့က လေ့လာဖြစ်ခဲ့တယ်။ နောက်တစ်ခုက ဆိုလို့ရှိရင် minority (လူနည်းစု) တွေရဲ့ အခွင့်အရေးတွေပေါ့လေ၊ ဥပမာ ဘာသာဗေဒနဲ့ဆိုင်တဲ့ ဘာသာစကားနဲ့ ပတ်သက် ပြီးတော့မှ minority တွေ၊ လူမျိုးစုတွေရဲ့ အကြောင်းတွေကိုလည်း လေ့လာခဲ့ရတယ်။
CNI သတင်းဌာန ။ ။ ဒါဆိုရင် မြန်မာနိုင်ငံမှာ တည်ဆောက်မယ့် ဖက်ဒရယ်စနစ်အတွက် အိန္ဒိယ ကနေပြီးတော့ ဘယ်အပိုင်းတွေ၊ ဘယ်စနစ်တွေကို ယူသင့်လဲ။
ဒေါ်စောမြရာဇာလင်း ။ ။ မြန်မာနိုင်ငံအတွက် လေ့လာသင့်တယ်ဆိုတဲ့ အပိုင်းတွေကတော့ အိန္ဒိယနိုင်ငံကို ထူထောင်ခဲ့တဲ့ အနေအထားတွေကို အတုယူသင့်တယ်။ နောက်ပြီးလို့ရှိရင် အိန္ဒိယနိုင်ငံမှာ မီဇိုရမ်တို့ ဆိုလို့ရှိရင် လည်း ခွဲထွက်ဖို့ ကြိုးစားခဲ့ကြတာပဲ။
အခု လက်ရှိ အနေအထားမှာ ဆိုလို့ရှိရင် မီဇိုရမ်တို့၊ တခြားပြည်နယ်တို့ အများကြီးရှိတယ်၊ နာဂလန်တို့၊ အဲလို ပြည်နယ်တွေက အခုချိန်မှာဆိုရင် ခွဲမထွက်တော့ဘူး။ သူတို့က ပြည်ထောင်စု အတွင်းမှာကို ရှိနေကြတယ်။
ပြည်ထောင်စုရဲ့ အခြေအနေကို သူတို့က ဖွဲ့စည်းပုံကို ကြည့်တဲ့အခါမှာလည်းပဲ အိန္ဒိယနိုင်ငံသည် ခွဲထွက်ခွင့် မရှိသော ပြည်ထောင်စု၊ အဲလိုပုံစံနဲ့ သူတို့ဖွဲ့စည်းပုံမှာ ရေးထားတာ တွေ့ရတယ်။ အဓိက ခွဲထွက်ခွင့်မရှိသော ပြည်ထောင်စုတစ်ခု ဖြစ်ပေါ်လာအောင် ဘယ်လိုကြိုးပမ်းခဲ့လဲ ဆိုတာကတော့ အရေးအကြီးဆုံးဖြစ်တယ်လို့ ဖြေကြားချင်ပါတယ်၊ တော်တော်အရေးကြီးတယ်။
အိန္ဒိယနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဖက်ဒရယ်စနစ်ဆိုင်ရာ သွားရောက်လေ့လာကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ဒေါ်စောမြရာဇာလင်း/ဖေ့စ်ဘွတ်ခ်)
အိန္ဒိယနိုင်ငံမှာ ဆိုလို့ရှိရင် လူမျိုးပေါင်း ၂၀၀ ကျော် ရှိကြတယ်၊ ၂၂ ဘာသာကို ရုံးသုံးဘာသာစကားအဖြစ် တရားဝင်၊ အစိုးရက တရားဝင် ဘာသာအဖြစ် ပြဋ္ဌာန်း ထားတယ်။
ပြီးလို့ရှိရင် ကိုယ်ကြိုက်နှစ်သက်ရာ ဘာသာစကားကို မိခင်ဘာသာစကားကို အဓိကပြောခွင့် ရှိတယ်။ နောက်ပြီး လို့ရှိရင် ဟိန္နူဘာသာစကားကို သူတို့ပြောခွင့်ရှိတယ်၊ နောက် အင်္ဂလိပ်စကားပြောချင်လား၊ ဥရောပစကားကို ပြောချင်လား၊ ဥရောပဘာသာရပ်တွေကို လေ့လာချင်လား စသည်အားဖြင့် ကျောင်းမှာဆိုလို့ရှိရင်လည်း သင်ယူ ပိုင်ခွင့်ကို လောလောလတ်လတ် ခွင့်ပြုထားတာတွေကို တွေ့ရတယ်။
CNI သတင်းဌာန ။ ။ အိန္ဒိယက ဘယ်လိုအုပ်ချုပ်ကြသလဲ၊ ဘယ်လိုအာဏာခွဲဝေမှုတွေ ပြဋ္ဌာန်းကျင့် သုံးကြလဲ။
ဒေါ်စောမြရာဇာလင်း ။ ။ အာဏာခွဲဝေမှုဆိုတဲ့အခါမှာ သမ္မတက သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို သီးခြား ဖော်ပြ ထားတာရှိတယ်။ ပြီးလို့ရှိရင် Governor (အုပ်ချုပ်ရေးမှူး) နဲ့ ပြည်နယ်တွေမှာရှိနေတဲ့ ဝန်ကြီးချုပ်ပေါ့ တစ်နည်း အားဖြင့်ဆို Chief Minister သူတို့တွေရဲ့ အုပ်ချုပ်မှုတွေ အပေါ်မှာ Governor (အုပ်ချုပ်ရေးမှူး) က ထိန်းချုပ်မှု တွေ၊ ထိန်းချုပ်မှု စနစ်တွေကိုလည်း အိန္ဒိယဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားတာ ရှိတယ်။
ပြည်နယ်တစ်ခုမှာ ဆိုလို့ရှိရင် Chief Minister (ဝန်ကြီးချုပ်) ရှိတယ်။ ဒါပေမယ့် Governor (အုပ်ချုပ်ရေးမှူး) ဆိုတာ ခန့်ထားတာရှိတယ်။ ဒီ Governor (အုပ်ချုပ်ရေးမှူး) ရဲ့ အနေအထားကိုလည်း မြန်မာနိုင်ငံအတွက် သုံးသင့်၏၊ မသုံးသင့်၏၊ ဖြစ်သင့်၏၊ မဖြစ်သင့်၏ပေါ့လေ၊ အဲတာတွေကို အသေအချာ စဥ်းစားဖို့လိုသေးတယ်။
ပြီးလို့ရှိရင် သူတို့မှာကျတော့ ရပ်ရွာအုပ်ချုပ်ရေး အထိကိုက ဒီမိုကရေစီ အရမ်းရှိတယ်။ ဒီမိုကရေစီ တော်တော့်ကို ရှိတာကို တွေ့ရတယ်။ ဆိုတော့ လုပ်ပိုင်ခွင့်တွေက အားလုံးရှိနေတဲ့ အပေါ်မှာ လုပ်ပိုင်ခွင့် ရှိတယ်ဆိုလို့ရှိရင် ခွဲထွက်စရာလိုလား။ လုပ်ပိုင်ခွင့်ဆိုတာ၊ လုပ်ပိုင်ခွင့်မျိုးကို လိုချင်လို့ပဲ ဒီတိုက်ပွဲ ဝင်ကြတာ မဟုတ်ဘူးလားဆိုတဲ့ စဥ်းစားချက်တွေကလည်း အများကြီးဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဖက်ဒရယ်စနစ်ဆိုင်ရာ သွားရောက်လေ့လာကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ဒေါ်စောမြရာဇာလင်း/ဖေ့စ်ဘွတ်ခ်)
နောက်တစ်ခုက ကျမတို့ အထူးသတိပြုဖို့ လိုတာကတော့ ဒီလောက်ကျယ်ပြန့်တဲ့ နိုင်ငံကြီး လူပေါင်း၊ သန်းပေါင်း ၁၀၀၀ ကျော်ရှိတဲ့ လူပေါင်းစုံ နေထိုင်ကြတယ်၊ ပြီးလို့ရှိရင် ဘာသာပေါင်းစုံပဲ။ အဲလိုနိုင်ငံကြီးတွေက လူတွေကို မခွဲထွက်ရအောင်ထိ ပြုပြင်ပြီးတော့မှ ဒီတိုင်းပြည်ကို အုပ်ချုပ်နိုင်တယ်ဆိုတဲ့ အရည်အချင်းက အင်မတန်မှ ကြီးမားတယ်။
တစ်ခုတော့ သူတို့မှာ ပြဿနာရှိသေးတာ ရှိတယ်၊ အဲတာက ဘာလဲဆိုလို့ရှိရင် လွတ်လပ်ရေး ရခါစမှာ ဆိုလို့ရှိရင် မွတ်စလင်တွေနဲ့ အများကြီး သူတို့တွေနဲ့ စကားပြောခဲ့ရတာရှိတယ်။ အဲလို မွတ်စလင်တွေနဲ့ အများကြီး စကား ပြောခဲ့ရတဲ့အချိန်မှာ ဒီတိုင်းဆိုလို့ရှိရင်တော့ ထားလို့တော့ မသင့်တော်ဘူးဆိုတဲ့ စဥ်းစားချက်တွေ သူတို့မှာလည်း အိန္ဒိယဘက်က လူတွေမှာလည်း ထားလို့မသင့်တော်တော့ဘူး၊ ဒီလူတွေကို သူတို့စဥ်းစားချက် ထွက်လာသလိုပဲ ပါကစ္စတန်လို့ ဖြစ်ပေါ်လာအောင် ကြိုးပမ်းမယ့် လူတွေမှာလည်းပဲ အိန္ဒိယက ခွဲထွက်မယ်ဆိုတဲ့ စဥ်းစာချက်တွေ အများကြီးရှိလာခဲ့တယ်။
အများအားဖြင့်ဆိုရင် ပြောရမယ်ဆိုလို့ရှိရင် မူစလင်၊ ဟိန္ဒူစတန်တွေပေါ့။ အဲလို တစ်ဖက်နဲ့တစ်ဖက် မငြိမ်သက် တာတွေ၊ အမြင်မတူတာတွေ ဖြစ်လာကြတဲ့ နောက်ပိုင်းမှာ ပါကစ္စတန်ကို ခွဲထွက်ခွင့် ပြုလိုက်တယ် သူတို့က၊ ပါကစ္စတန် ခွဲထွက်သွားတယ်၊ အဲဒီမှာ ပါကစ္စတန်မှာလည်းပဲ အရှေ့ပါကစ္စတန်နဲ့ အနောက်ပါကစ္စတန်ဆိုတာ ပြန်ဖြစ်သွားတယ်။
အဓိက ဘာလဲဆိုလို့ရှိရင် ထိန်းလို့ မနိုင်တော့နိုင်တဲ့ အနေအထား၊ ထိန်းလို့မနိုင်တော့နိုင်တဲ့ အနေအထားမှာ ဘာသာလည်းမတူ၊ အယူဝါဒလည်းမတူ ပဋိပက္ခအရမ်းများတယ် ဆိုလို့ရှိရင် ခွဲထွက်ခွင့် ပြုလိုက်တယ်ဆိုတာ တစ်ချက်ကိုတော့ မှတ်သားခဲ့ရတာရှိတယ်။
CNI သတင်းဌာန ။ ။ အိန္ဒိယက လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို ဘယ်လိုမြင်ထားတယ်လို့ ဆရာမ နားလည်ထားပါသလဲ။
ဒေါ်စောမြရာဇာလင်း ။ ။ အိန္ဒိယက မြင်ထားတဲ့ ပုံစံကတော့ မြန်မာနိုင်ငံကိုတော့ အိမ်နီးချင်းကောင်း နိုင်ငံတစ်ခုအဖြစ် သူတို့သတ်မှတ်တာ ရှိတယ်။ နောက်ပြီးလို့ရှိရင် ဒီနိုင်ငံက မကွဲမကွာဘဲနဲ့ တိုင်းပြည်၊ ပြည်ထောင်စု တစ်ခုအတွင်းမှာ အခုလက်တွေ့မှာ ရှိနေကြတဲ့ ပုဂ္ဂိုလ်တွေပေါ့။
အားလုံးကို အတူတကွ နေနိုင်တဲ့ အနေအထား တစ်ခုခုကို အိန္ဒိယပုံစံမျိုး သူတို့တွေက မြင်လိုတဲ့ ဆန္ဒ၊ တိုင်းပြည် တစ်ပြည်ကို မကွဲမကွာစေချင်ဘူးပေါ့။ အဲလိုဆိုတဲ့ မြင်လိုတဲ့ဆန္ဒကို အရိပ်အမြွက်ကို မြင်တွေ့ရတယ်။
အိန္ဒိယနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဖက်ဒရယ်စနစ်ဆိုင်ရာ သွားရောက်လေ့လာကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ပြည်သူ့ပါတီ/ဖေ့စ်ဘွတ်ခ်)
CNI သတင်းဌာန ။ ။ အိန္ဒိယခရီးစဥ်က မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုး သက်ရောက်မှု ရှိနိုင်လဲ။
ဒေါ်စောမြရာဇာလင်း ။ ။ အဓိက-က ဖွဲ့စည်းပုံ ပြင်ဆင်ရေးပေါ့၊ မြန်မာနိုင်ငံမှာ အဆက်ဆက်က မြန်မာ နိုင်ငံကို အုပ်စိုးခဲ့ကြတဲ့ အဆက်ဆက်သော အကြီးအကဲများက စဥ်းစားသင့်တာက မြန်မာနိုင်ငံသည် တရုတ်နဲ့ အိန္ဒိယကြား၊ ကမ္ဘာကြီးမှာ လူအင်အား အများဆုံးသော နိုင်ငံကြီး ၂ ခုရဲ့ အကြားမှာ မြန်မာနိုင်ငံက တည်ရှိနေ တယ်။
တရုတ်နိုင်ငံမှာလည်း မကွဲမကွာဘဲ တိုင်းပြည်ကို တည်ဆောက်နိုင်သလို အိန္ဒိယမှာလည်း မကွဲမကွာဘဲ တည်ဆောက်နိုင်တယ်။ စစ်ရေး ပဋိပက္ခတွေကိုလည်း အတတ်နိုင်ဆုံး ထိန်းထားနိုင်တယ်ဆိုတဲ့ စဥ်းစားချက်မျိုး ကို ကျမတို့ရဲ့ အကြီးအကဲတွေ အရင်ကလည်း မြင်သင့်တယ်လို့ မြင်ပါတယ်။
အခုကတော့ အိန္ဒိယခရီးစဥ်ကို ကျမတို့ကို လွှတ်တယ်ဆိုတာက လက်ရှိတိုင်းပြည်မှာ အာဏာအကြီးဆုံးဖြစ်နေတဲ့၊ အာဏာရှိနေတဲ့ ခေါင်းဆောင်တွေက အိန္ဒိယ ဖွဲ့စည်းပုံကိုတော့ မလွဲမသေ လေ့လာသင့်တယ်လို့ လက်ခံပုံ ပေါ် တယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ကို အိန္ဒိယခရီးစဥ်ကို လွှတ်တယ်လို့ ကျမတို့က နားလည်တယ်။
အိန္ဒိယရဲ့ ထိန်းချုပ်မှုရဲ့ အနေအထားကို သိတဲ့အခါမှာ စိတ်ရှည်ခြင်း၊ သည်းခံခြင်းတွေနဲ့ အိန္ဒိယနိုင်ငံကို တည် ဆောက်ခဲ့ကြတယ်။ ပြောမယ်ဆိုလို့ရင် မဟာရာဇာ အများကြီးရှိခဲ့တဲ့ တိုင်းပြည်ဖြစ်တယ်။ မဟာရာဇာ ပေါင်းများ စွာ ရာဇာဆိုတာ ရာဇာစိတ်ပဲ၊ ရာဇာဆိုတာ ကိုယ့်တိုင်းပြည်ကို ဘုရင်အဖြစ်နဲ့ အုပ်ချုပ်ချင်တဲ့ စိတ်တွေက တော် တော် များခဲ့ကြတယ်။
ဒါပေမယ့် အဲဒီ မဟာရာဇာတွေကို တစ်တိုင်းပြည်ထဲမှာ ဝင်ပြီးတော့မှ အတူတကွ နေနိုင်လာအောင် သူတို့တွေကို ဆွေးနွေးခဲ့တာကို ကြည့်မယ်ဆိုလို့ရှိရင် အဲဒါက တကယ့်ကို ဖက်ဒရယ်ဖြစ်အောင်ကို လုပ်ပေးခဲ့နိုင်လို့ပဲ အိန္ဒိယ ဆိုတာ ဖြစ်ပေါ်လာတာ ဖြစ်တယ်ဆိုတာမျိုးကို ကျမတို့က သုံးသပ်လို့ရတယ်။ အိန္ဒိယကို တည်ဆောက်ဖို့အတွက် ကြိုးပမ်းခဲ့ကြတာကလည်း ကြိုးပမ်းခဲ့တဲ့ အချိန်မှာလည်းပဲတဲ့ သူတို့တွေက ပြောပြတာက အာသောကမင်းကြီးရဲ့ ထုံးကိုနှလုံးမူခဲ့ပါတယ် ဆိုပြီးတော့မှ ပြောပြတယ်။
အိန္ဒိယနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဖက်ဒရယ်စနစ်ဆိုင်ရာ သွားရောက်လေ့လာကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ပြည်သူ့ပါတီ/ဖေ့စ်ဘွတ်ခ်)
CNI သတင်းဌာန ။ ။ နောက်ဆုံးမေးလိုပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ် စနစ်ကို လေ့လာခဲ့ရတဲ့ အတွေ့အကြုံအရ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် ဘယ်လို စနစ်တွေကို ယူသင့်တယ်လို့ မြင်ပါသလဲ။
ဒေါ်စောမြရာဇာလင်း ။ ။ နံပါတ် ၁ ကတော့ နိုင်ငံကို ပြုပြင်ပြောင်းလဲတော့မယ် ဆိုတဲ့စိတ်က အဓိက ဖြစ်ပါတယ်။ ဒီတိုင်းပြည်ကို ပြုပြင်ရမယ်၊ တိုက်ပွဲနဲ့ကြီးပဲ ဆက်စပ်နေလို့ မသင့်တော်တော့ဘူးဆိုတဲ့ စိတ်ကို အားလုံးက ပြုပြင်ကြရမှာ ဖြစ်တယ်၊ အားလုံးဆိုသည်မှာ တစ်ဖက်တည်းကို ပြောလိုခြင်းမဟုတ်ပါ။ တိုက်ပွဲထဲမှာ ပါနေတဲ့ ပုဂ္ဂိုလ်များအားလုံးက အသေအချာ စဥ်းစားဖို့ လိုအပ်ပါတယ်။
အကယ်၍ အားလုံး မပါနိုင်ငြားသော်လည်းပဲ ပါနိုင်သောသူများနဲ့ ပြည်ထောင်စုထဲက မကွဲမကွာ နေချင်သော သူများနဲ့ သေချာတိုင်ပင်မှုကြီးကို ပြုပြီးတော့မှ ဒီဖွဲ့စည်းပုံ၊ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံကို ဘယ်လို ပြုပြင်ပြောင်းလဲ သင့်သလဲဆိုတာကို အဓိက စဥ်းစားချက် အနေနဲ့ စဥ်းစားဖို့ လိုအပ်တယ်။
ပြီးလို့ရှိရင် တိုက်ပွဲ သံသရာထဲကထွက်၊ လွတ်မြောက်ဖို့အတွက် ဆိုလို့ရှိရင် ဒီတိုင်းပြည်ဟာ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ခြင်းဟာ အကောင်းဆုံးပဲဆိုတဲ့ သန္နိဋ္ဌာန်ချဖို့လိုတယ်လို့ မြင်ပါတယ်။