CNI Interview
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၂
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မြန်မာနိုင်ငံအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်း ၆ ခုအနက် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးဒေသဖြစ်သည်။
နာဂဒေသသည် တောင်တန်းဒေသ ဖြစ်သောကြောင့် ပြည့်စုံမှုမရှိသည့်အပြင် ကျောင်းဆရာ/ဆရာမ မလုံ လောက်မှု၊ ကုန်စျေးနှုန်းကြီးမြင့်မှု၊ လက်နက်ကိုင် တပ်ဖွဲ့များ၏ အခွန်များ ကောက်ခံရမှု၊ ကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်း စသည့် အခြေအနေများဖြင့် ရင်ဆိုင်နေကြရသည်။
အဆိုပါ အခြေအနေများနှင့်ပတ်သက်၍ နာဂအမျိုးသားပါတီ (NNP)ဥက္ကဋ္ဌ ဦးရှုမောင်ကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။
CNI သတင်းဌာန ။ ။ လက်ရှိ နာဂဒေသ အခြေအနေက ဘယ်လိုရှိနေလဲ။
ဦးရှုမောင် ။ ။ နာဂဒေသက လောလောဆယ်တော့ စစ်ရေးလှုပ်ရှားမှုတွေ၊ တိုက်ပွဲ အနေအထား တွေတော့ ကျနော်တို့ ဒီလိုတော့ မရှိပါဘူး။ တိုက်ပွဲမရှိတဲ့ လောလောဆယ်တော့ ငြိမ်းချမ်းသေးတယ်လို့ ပြောလို့ရ တာပေါ့နော်၊ အဲလိုတော့ရှိတယ်။
သို့သော်ငြားလည်း ဘယ်နေ့၊ ဘယ်ချိန်မှာများ ကျနော်တို့ဆီ တိုက်ပွဲတွေ ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ တော့ ပြည်သူတွေကြားမှာ ရှိပါတယ်။ အဲလိုမျိုးရှိတယ်၊ နောက်ကျန်တဲ့ဟာတွေကတော့ ပုံမှန်လည်ပတ်နေတဲ့ နယ်မြေတစ်ခုပေါ့နော်၊ အဲလိုပြောလို့ရပါတယ်။
CNI သတင်းဌာန ။ ။ လက်ရှိ နာဂဒေသရဲ့ နိုင်ငံရေး အခြေအနေကရော ဘယ်လိုရှိနေလဲ။
ဦးရှုမောင် ။ ။ နိုင်ငံရေးအနေနဲ့ကတော့ နိုင်ငံရေးဆိုတာ ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ အတိုင်းပဲ ပြောရမှာပေါ့၊ နိုင်ငံရေးက တိုက်ပွဲဖြစ်နေတယ်ဆိုတော့ နိုင်ငံရေးက တစ်တိုင်းတစ်ပြည်လုံးဖြစ်တော့ နိုင်ငံရေးက သေနေသလို ဖြစ်တာပေါ့ဗျာ။ စစ်ရေးစစ်ရာထဲမှာပဲ ဖြစ်နေတဲ့ အနေအထားမျိုးဆိုတော့ အဲဒီသဘောသဘာဝ ကျနော်တို့ဆီမှာလည်း သက်ရောက်တာပေါ့။
သို့သော်ငြားလည်း အခုက ရွေးကောက်ပွဲလုပ်မယ် ဘာညာဆိုတဲ့ အနေအထားမျိုးတွေ ရှိလာတယ်၊ ရှိလာတဲ့ အခြေအနေတစ်ခုမှာ ပြည်သူတွေကတော့ စိုးရိမ်ပူပန်မှုနဲ့ အမြဲတမ်း စိတ်ဆင်းရဲပြီး နေနေရတာထက်စာရင်တော့ နိုင်ငံရေးထွက်ပေါက် တစ်ခုအနေနဲ့ တိုင်းပြည်ရဲ့ အခြေအနေတစ်ခုက ပိုပြီးတော့ ကောင်းတဲ့ လမ်းကြောင်းဘက် ကို ရောက်သွားနိုင်မလားဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ စိတ်ဝင်စားတာမျိုးတွေရှိတယ်၊ စိတ်ဝင်စားတာမျိုးတွေ ရှိတယ်ဆိုတာ ထောက်ခံတယ်၊ ကန့်ကွက်တယ် ဆိုတာမျိုးကို ဆိုလိုတာမဟုတ်ဘူး၊ ပိုကောင်းတဲ့ အခင်းအကျင်း တစ်ခု ပိုကောင်းတဲ့ အခြေအနေတစ်ခု၊ ဒီဟာကြီးက ဘယ်တော့ပြီးဆုံးမလဲ၊ ပြီးဆုံးမဲ့ အရာတစ်ခုအတွက် လမ်းစ တစ်ခုများ ဖြစ်လာမလားဆိုတဲ့ သဘောထား အမြင်လေးတွေနဲ့ စဥ်းစားတွေးခေါ် နေကြတဲ့ နိုင်ငံရေးပုံစံမျိုးတော့ ရှိပါတယ်ဗျ။
နာဂအမျိုးသားပါတီဥက္ကဋ္ဌ ဦးရှုမောင်ကို တွေ့ရစဉ်
CNI သတင်းဌာန ။ ။ နာဂဒေသမှာ ပညာရေးနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုတွေ လုပ်ဆောင်နေ ကြလဲ။
ဦးရှုမောင် ။ ။ ပညာရေးကတော့ သူ့ဟာနဲ့သူ လည်ပတ်နေတဲ့ သဘောရှိပါတယ်၊ ပညာရေးဝန်ကြီး ဌာနကနေ လုပ်တယ်၊ မြို့နယ်၊ ခရိုင်၊ အဲဒီကနေ သူတို့ပညာရေး ပညာရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ စာသင် ကျောင်း အသီးသီးပေါ့နော်၊ ဒါတွေကတော့ ပုံမှန်လည်ပတ်တဲ့ အနေအထားပါပဲ အဲတာတွေကတော့ ဘာမှမရှိဘူး၊ ဒါပေမယ့်လည်း ခုနပြောသလို ဆရာ/ဆရာမ မလုံလောက်မှု အဲဒါကတော့ ထုံးစံအတိုင်းပေါ့ဗျာ။
ရိုးရာအစဥ်အလာမပျက် နာဂတောင်တန်းက အမြဲတမ်း ပြည့်စုံမှုမရှိတဲ့ နယ်မြေတစ်ခုဆိုတော့ အဲတာကတော့ အခုချိန်မှာ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေ ဖြစ်တဲ့အခါကျတော့ ပိုပြီးတော့ ဆရာ/ဆရာမ မလုံလောက်မှု ပြဿနာတွေတော့ ဒါအမြဲတမ်း ရှိနေဆဲဖြစ်တယ်၊ အဲတာတော့ ရှိတယ်။ သို့သော်လည်း ပုံမှန်လည်ပတ်တဲ့ ပညာရေးအနေနဲ့တော့ သွားနေတာပေါ့လေ၊ အဲ့လိုတော့ရှိပါတယ်။
CNI သတင်းဌာန ။ ။ နာဂလက်နက်ကိုင်တွေ ပိုက်ဆံကောက်နေတဲ့ ကိစ္စတွေလည်း ကြားရတယ်၊ ဒါတွေ ကိုရော ဘယ်လိုဖြေရှင်းကြမလဲ။
ဦးရှုမောင် ။ ။ လက်နက်ကိုင်ဆိုတာကတော့ ဘယ်လက်နက်ကိုင်ပဲဖြစ်ဖြစ် တိုင်းရင်းသားနာမည် ခေါင်းစဥ်တပ်ထားတဲ့ အဖွဲ့ပဲဖြစ်ဖြစ်၊ မတပ်ထားတဲ့ အဖွဲ့ပဲဖြစ်ဖြစ် လက်နက်ကိုင်ပြီးတော့ ယုံကြည်ချက် တစ်ခု အတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်း မှန်သမျှတော့ ပိုက်ဆံကောက်မှာပဲ။ အဲဒါကို အကောက်ခွန်လို့ပဲ ပြောပြော ဆက်ကြေး ကောက်တယ်လို့ပဲပြောပြော ကြိုက်တဲ့ ခေါင်းစဥ်ပြော ဒါကတော့ကောက်မှာပဲ။
အဲတော့ အဲဒါကို မကောက်ပါနဲ့ ဆိုတဲ့ဟာကတော့ ပြည်သူတွေ ဘက်ကနေ၊ ပြောအားဆိုအား မရှိဘူးပေါ့နော်၊ ကောက်ပါ၊ မကောက်ပါနဲ့၊ မကောက်နဲ့လို့ ပြောပိုင်ခွင့် ရှိတာကတော့ ဒါသက်ဆိုင်ရာ အစိုးရဌာနတွေတော့ ပြောပိုင်ခွင့်ရှိတယ်ပေါ့လေ။
သို့သော်လည်း ဒါက မကောက်နဲ့၊ ကောက်ပါဆိုတဲ့ ဟာကိုကတော့ ဘယ်အစိုးရဌာနမှလည်း ပြောမယ်မထင်ဘူး။ သို့သော်လည်း တကယ်တမ်း မြေပြင်မှာ တကယ်ကောက်ခံတဲ့ အနေအထားမှာက ပြည်သူတွေ၊ အဲဒီကောက်ခံရ တဲ့ လုပ်ငန်းတွေ၊ ပြည်သူတွေ ပေးနိုင်ကမ်းနိုင်တဲ့ အဆင့်အတန်းလား၊ ဒါမှမဟုတ် အဲထက်ကို ကျော်လွန်ပြီးတော့ မနိုင်မနင်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ အတိုင်းအတာမျိုးနဲ့ ကောက်ခံနေကြသလား ဆိုတဲ့ဟာမျိုးတော့ ဒါကတော့ ချင့်ချိန်ရမှာပေါ့နော်၊ ချင့်ချိန်ရမှာဖြစ်တယ်။
တကယ်လို့များ မနိုင်မနင်းဖြစ်တဲ့ အနေအထားမျိုးနဲ့ ကောက်ခံတဲ့ အကောက်ခွန် နေရာမျိုး ဆိုရင်တော့ ကျနော် တို့က ဒါပြည်သူတွေကြားမှာ ထိုက်သင့်တဲ့ အခုနိုင်ငံရေးပါတီတွေပဲ ဖြစ်ဖြစ်၊ ရိုးရာအဖွဲ့အစည်းတွေပဲဖြစ်ဖြစ်၊ တခြား လူမှုအသင်းအဖွဲ့ အနေနဲ့ပဲဖြစ်ဖြစ် ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဒါလေးတော့ ဒီလိုတော့ ခင်ဗျားတို့ မလုပ် သင့်ဘူး၊ လုပ်သင့်ပါတယ်ဆိုတဲ့အတိုင်း ပေါင်းစပ်ညှိနှိုင်းပေးရတဲ့ အနေအထားမျိုး အဲလိုလည်း ရှိကြပါတယ်။
အဲလိုလည်း ရှိတယ်ဆိုရင်တော့ ဘယ်လက်နက်ကိုင် နယ်မြေမှာပဲ ဖြစ်ဖြစ် ပိုပြီးတော့ ပြည်သူတွေအတွက် အကျိုး ရှိတာပေါ့ဗျာ၊ အဲလိုလေးတွေ ပေါင်းစပ်ညှိနှိုင်းပြီးတော့ လုပ်ပေးတာ၊ ထိန်းကျောင်းပေးတာပေါ့ဗျာနော်၊ ဒါတွေ သူတို့ ကြိုက်သလောက် ကောက်တာမျိုး မဟုတ်ဘဲနဲ့ သူတို့ကြိုက်သလောက် ကောက်တယ်ဆိုတဲ့ အနေအထား၊ မပေးရင် မရဘူးဆိုတဲ့ အနေအထား၊ ပြည်သူတွေက ရှာဖွေစားသောက်ရတဲ့အခါမှာ ကုန်စျေးနှုန်းမြင့်တဲ့ အနေ အထား မျိုးတွေကျတော့ ဒါကပြဿနာ ဖြစ်နိုင်တယ်ပေါ့နော်၊။
နယ်မြေ မငြိမ်းချမ်းမှုကိုလည်း စစ်ပွဲဖြစ်မှ မငြိမ်းချမ်းတာ မဟုတ်ဘဲနဲ့ တခြား လူမှုရေးပဋိပက္ခတွေကလည်း မငြိမ်းချမ်းမှုကို ဖြစ်စေတဲ့ အနေအထားမျိုးတွေလည်း မဖြစ်အောင် အားလုံးအဖွဲ့အစည်း အသီးသီးကနေပြီး ပေါင်းစပ် ညှိနှိုင်းထိန်းကျောင်းရတဲ့ သဘောတော့ ရှိပါတယ်ဗျ၊ ပြည်သူဆိုတာ ဘယ်သူ့ကိုမှ အခွန်မပေးချင်ဘူးဗျာ၊ ဒါရှင်းတယ်၊ မဖြစ်မနေပေးရတဲ့ အနေအထားတစ်ခုမှာ ပေးနိုင်တဲ့ အနေအထားမျိုးရှိတဲ့ အခွန်စည်းကမ်းလို ပုံစံမျိုး ဆိုရင်တော့ ဒါပြည်သူတွေက ဘယ်လိုပဲဖြစ်ဖြစ် နားလည်တယ်လေ၊ ဒါတော်လှန်ရေး အဖွဲ့အစည်းတွေ ရှိတယ်ဆို တာ တော်လှန်ရေး အဖွဲ့အစည်းတွေ အကောက်ခွန် ကောက်တယ်ဆိုတာ ဒါကျနော်တို့ အားလုံး တစ်တိုင်း တစ်ပြည်လုံး သိပြီးသားပဲ၊ အဲသဘောတော့ ရှိတာပေါ့။
နာဂဒေသကို တွေ့ရစဉ်
CNI သတင်းဌာန ။ ။ နာဂဒေသမှာ လူစုဆောင်းတာတွေ ခံနေရတယ်ဆိုပြီး အသံတွေ ထွက်လာနေတယ်၊ ဒါနဲ့ပတ်သက်ပြီးတော့ရော ဘယ်လို အခြေအနေရှိပါသလဲ။
ဦးရှုမောင် ။ ။ အဲဒါက ကျနော်လည်း ကြားနေတယ်၊ ကြားနေတယ်ဆိုတာက လူက ဘယ်နေ့မှာ၊ ဘယ်နှစ်ယောက်ဆွဲသွားပြီ ဆိုပြီးတော့ ဖမ်းခံရတဲ့ ပုံစံမျိုး၊ အဲလိုမျိုး ကြားတယ်ပေါ့နော်၊ စစ်မှုထမ်းဖို့ ဖမ်းတာလား၊ တခြား ရည်ရွယ်ချက်တစ်ခုနဲ့ ဖမ်းတာလား၊ ဒါမှမဟုတ် အခြား ကိစ္စတစ်ခုကြောင့် ဖမ်းတာလား၊ ပြောချင်တာ ပြစ်မှုဆိုင်ရာ တစ်ခုခုရှိလို့ ဖမ်းတာလား၊ သတင်းပေါက်ကြားတဲ့ အနေအထားမှာ သူတို့က လုံခြုံရေးဆိုင်ရာ ဒီလူ က ဘာဖြစ်လို့၊ ဘာဖြစ်လို့ဆိုတဲ့ သံသယရှိတဲ့အတွက် ဖမ်းတာလား။ စစ်မှုထမ်းခိုင်းဖို့ ပြည်သူတွေကို မဖြစ်မနေ ဆိုတဲ့ပုံစံ တွေ့တဲ့လူကို ကောက်ဖမ်းတဲ့ ပုံစံမျိုးလားဆိုတာတော့ ကျနော်က အဲဒေသကို မရောက်သေးဘူး။
အဖမ်းခံနေရတယ်ဆိုတာကတော့ ကြားနေရတယ်၊ အဲတာကို သီးခြားအနေနဲ့ အတည်တော့ မပြုနိုင်သေးတဲ့ အတွက်ကြောင့် ဒါကိုတော့ ဟုတ်ပါတယ်၊ ဖမ်းပါတယ်၊ စစ်မှုထမ်းဖို့ လူတွေကို ဖမ်းပါတယ်လို့လည်း ကျနော် ကတော့ အဲလိုတော့ မပြောနိုင်ပါဘူးဗျ၊ ဖမ်းနေတာတော့ ကြားရတယ်။ လက်တွေ့တော့ ဘယ်သူကို ဖမ်းတယ် ဆိုတာတော့ မသိဘူး၊ ဖမ်းနေတယ်ဆိုတာတော့ အဲတာတော့ ဟုတ်တယ်၊ ဒါပေမယ့် အကြောင်းအရာက စစ်မှု ထမ်းခိုင်းဖို့ လူတွေကို ဖမ်းနေတဲ့ သဘောလား၊ အခြားကိစ္စတစ်ခုခုနဲ့ ဖမ်းခံရတာလားဆိုတာတော့ ကျနော်တို့ အတည်မပြု နိုင်သေးပါဘူး။
CNI သတင်းဌာန ။ ။ နာဂဒေသမှာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပြီလို့ ကြားတယ်၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေထူးခြားမှု ရှိလာနိုင်လဲ။
ဦးရှုမောင် ။ ။ ကြိုဆိုတာပေါ့ဗျာ၊ နယ်စပ်ဂိတ်တွေ ဖွင့်တယ်ဆိုတာ ကောင်းတဲ့သတင်းပဲ၊ တရုတ် ပြည်မှာ ဖွင့်တာလည်း ကောင်းတဲ့သတင်းပဲ၊ နယ်စပ်ဂိတ်တွေ ဖွင့်တယ်ဆိုရင် ကျနော်တို့ ပြည်တွင်း/ပြည်ပ ကျနော်တို့ ပြည်မကနေ ကျနော်တို့ တိုင်းရင်းသား နယ်မြေတွေမှာ ကုန်စည်စီးဆင်းမှုက အရမ်းကို နှောင့်နှေးနေ တာ၊ ကျနော်တို့ နာဂဒေသဆိုရင် ဟုမ္မလင်းနဲ့ ခန္တီးကြား၊ ဟုမ္မလင်းနဲ့ မုံရွာကြား အဲဒီလမ်းတွေက အင်မတန် ခက်ခဲတယ်။ ကုန်ပစ္စည်းတစ်ခုကို မှာလိုက်ရင် အနည်းဆုံး ၆ လပဲ၊ ၆ လဆို ၆ လကြားမှာ ကျနော်တို့က ဘယ်လိုမှ ရှင်သန်ရပ်တည်လို့ အဆင်မပြေတဲ့အခါ ကျနော်တို့ အားကိုးစရာ ထွက်ပေါက်က အိန္ဒိယနိုင်ငံပဲဖြစ်တယ်။
အဲတော့ အိန္ဒိယအနေနဲ့ ဒါကိုလမ်းဖွင့်ပေးတယ်ဆိုတာ ကျနော်တို့ဒါ အိန္ဒိယအစိုးရနဲ့ တွေ့တဲ့ချိန်မှာ ပြောကြဆိုကြ နဲ့ ပြောတာပေါ့နော်၊ အဲတော့ အဲဒီအကျိုး သက်ရောက်မှုလို့လည်း ယူဆပါတယ်။ ဖွင့်တယ်ဆိုတော့ သူတို့လည်း ကျေးဇူးတင်တယ်။
ဒါပေမယ့် တစ်ခုပဲရှိတာက လွတ်လပ်စွာ စီးဆင်းခွင့် ကားတွေ၊ ဆိုင်ကယ်တွေ လွတ်လွတ်လပ်လပ်နဲ့ လုံခြုံရေး ထိခိုက်မှု တအားမရှိဘဲနဲ့၊ လုံခြုံရေး ထိခိုက်မှုဆိုတာ သွားလာရေးမှာ အရမ်းကြီး ပိတ်ဆို့တာမျိုးတွေ၊ နှောင့်နှေး ကြန့်ကြာအောင် ဖျက်တာ အဲလိုမျိုးတွေ မဟုတ်ဘဲဗျာ ကောင်းကောင်းမွန်မွန် ကုန်စည်စီးဆင်းမှုကို လည်ပတ် နိုင်ရင် ကျနော်တို့ နာဂဒေသက ပြည်မရဲ့ အခင်းအကျင်းအားဖြင့်၊ ပြည်မရဲ့ နိုင်ငံရေး အခင်းအကျင်းကြောင့် လမ်းခရီး ကြန့်ကြာပြီဆို ဒီဘက်ကို အားကိုးတာထက်စာရင် အိန္ဒိယဘက်က ကျနော်တို့နဲ့ နာရီပေါင်း ဘယ်လောက်မှမရှိတဲ့ နယ်မြေ၊ ကျနော်တို့အတွက် အရေးပေါ်ထွက်ပေါက် အနေနဲ့ ဒါကတော့ ကောင်းပါတယ်၊ ကျနော်ကတော့ အဲလိုပဲ မြင်တယ်၊ ရေရှည်အကျိုးစီးပွားလည်း အများကြီးဖြစ်မှာပါ၊ အဲလိုပဲယူဆပါတယ်။
နာဂဒေသကို တွေ့ရစဉ်
CNI သတင်းဌာန ။ ။ နာဂဒေသက တခြားဒေသတွေထက် စာလို့ရှိရင် အခက်အခဲတွေ အများကြီး ရင်ဆိုင် ရတဲ့ ဒေသတစ်ခုဖြစ်တယ်၊ ဒါကြောင့် ပြည်သူလူထုအတွက် ဦးရှုမောင်တို့ နာဂဒေသမှာရှိတဲ့ အဖွဲ့အစည်းတွေ အားလုံးက ဘယ်လိုမျိုး ဖြေရှင်းမလဲ၊ ဘယ်လိုမျိုး လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ထားပါသလဲ။
ဦးရှုမောင် ။ ။ ကျနော်တို့ကတော့ အခက်အခဲ ဘာရှိလဲဆိုတာ ကိုယ်တိုင်လည်း အဲမှာနေတဲ့ အခါကျတော့ ဥပမာဆိုရင် ကျနော်တို့ ဆန်စျေး၊ ဆီစျေး ကြီးနေတဲ့ကိစ္စ၊ အဓိက,ကတော့ ဆန်၊ ဆီ၊ ဆားပေါ့ဗျာ။
ဆီဆိုတဲ့အခါမှာ ဒီစားသုံး၊ ဟင်းချက်တဲ့ဆီကို ပြောချင်တာ မဟုတ်ဘဲနဲ့ ဓာတ်ဆီတို့၊ ဒီဇယ်တို့ ကိစ္စပေါ့နော်၊ နာဂ တောင်တန်းကို တစ်နေရာနဲ့တစ်နေရာ ဆက်သွယ်မယ်၊ မြို့ပေါ်မှာ သွားလာမယ်၊ ကုန်ပစ္စည်းသယ်မယ်၊ ဆန် သယ်မယ်၊ တောင်ယာသွားမယ်၊ အဲတာအကုန်လုံးက ဆိုင်ကယ်တို့၊ ကားတို့ သုံးရတာဖြစ်တယ်၊ နောက်ပြီးတော့ အခြားရွှေလုပ်ငန်း ကိစ္စတွေ၊ အခြားစီးပွားရေး ကိစ္စတွေ အကုန်လုံးက ဆန်နဲ့ဆီနဲ့ အဲတာတွေက ကုန်စျေးနှုန်း မတရား မြင့်တင်နေတယ်။
ဒါဥပမာ ပြောပြကြည့်တာပေါ့နော် ကုန်ပစ္စည်းနှစ်ခုက အဲလို အခက်အခဲတွေ ရှိနေတဲ့အချိန်မှာ ဒီဟာကို ကျနော် တို့က ဓာတ်ဆီတက်အောင် ဓာတ်ဆီကို ဘယ်လောက်နဲ့ပဲ ရောင်းရမယ်ဆိုတာ ကျနော်တို့က သတ်မှတ်ပိုင်ခွင့် မရှိဘူး။ ဘာလို့လဲဆိုတော့ အစိုးရအနေနဲ့ ဒီလို ကုန်စျေးနှုန်းတွေ မြင့်တက်နေတဲ့ အနေအထား တစ်ခုကိုလည်း သူတို့အနေနဲ့ ဝင်ပါပြီးတော့ ထိန်းညှိပေးမယ်ဆိုရင်တော့ ပိုကောင်းတယ်၊ ကျနော်တို့ဘက်ကတော့ အကြုံပြု ဆွေးနွေးတာပဲ ရှိမှာပါ။
ကျနော်တို့ ကိုယ်တိုင် ဒီဟာကို တောင်းဆို ညှိနှိုင်းပေးဖို့ဆိုတဲ့ အနေအထားမှာ ကျနော်တို့က အာဏာပိုင် မဟုတ် သေးတဲ့ အတွက်ကြောင့်မို့လို့ အဲလိုတော့ရှိတယ်၊ နောက် အခြားလူမှုရေးဆိုင်ရာ အခက်အခဲတွေရှိတယ်။ ဥပမာ ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေရှိတယ်၊ ကျနော်တို့က ဘယ်လိုပံ့ပိုးပေးရမလဲ၊ ဘယ်လိုကူညီပေးရမလဲ၊ ဥပမာ အားဖြင့် ရွာတွေမှာ ဒုက္ခရောက်နေတယ်၊ ရွာတွေမှာ ရောဂါတစ်ခု ဖြစ်နေတယ်ဆိုရင် ဒါကို ကျန်းမာရေး ဌာနတွေ မှာ ပေါင်းစပ်ညှိနှိုင်းပြီးတော့ အဲမှာအဲမှာဖြစ်နေတယ်၊ ကျနော်တို့ကို ကူညီပါဦး ကျနော်တို့က ရွာတွေက လာပြော ရင် ကျနော်တို့က အဲတာ သတင်းကြားရင် အဲလိုပေါင်းစပ်ညှိနှိုင်းပြီးတော့ သတင်းပေးပြီးတော့ ဒါကို ကူညီပံ့ပိုးနိုင် အောင် အခွင့်အရေး ရအောင်ဆိုတဲ့ဟာမျိုး အဲလိုလုပ်ပေးတာမျိုး စာသင်ကျောင်းက ခုထိ ကျောင်းမဖွင့်သေးဘူး ဆိုလည်း ဒီကျောင်းကို ဘာကြောင့် မဖွင့်သေးတာလဲဆိုတာ ဒါက Check and balance လုပ်ပေးတဲ့ အနေအထား မျိုးနဲ့ပဲ ကျနော်တို့က ရပ်တည်နေရတဲ့ အနေအထားပါဗျ။