CNI Interview
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၅
၁၉၄၈ ခုနှစ်က လွတ်လပ်ရေးရပြီး မကြာခင်မှာပဲ ပေါ်ပေါက်လာခဲ့သည့် လက်နက်ကိုင် ပဋိပက္ခသည် နှစ် ၇၀ ကျော်လာသည့်တိုင် မြန်မာနိုင်ငံမှာ အရှိန်ကောင်းနေဆဲဖြစ်သည်။ အလားတူ နိုင်ငံရေးပဋိပက္ခများလည်း ဖြစ်ပွား နေပြသည်။
ထို့ကြောင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနိုင်ငံကို ထူထောင်ရန် အားလုံးက ကြိုးပမ်းနေကြသည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခနှင့်နိုင်ငံရေးပဋိပက္ခများကို ဖြေရှင်း နိုင်ရေးအတွက် ဖက်ဒရယ်စနစ်က ဘာကြောင့် အကောင်းဆုံးဟု မှတ်ယူရသလဲဆိုကာ မေးခွန်းထုတ်သူများလည်း ရှိနေပြန်သည်။
အဆိုပါ အခြေအနေများနှင့်ပတ်သက်၍ CNI သတင်းဌာနက ပြည်သူ့ပါတီ(PP)မှ ဥက္ကဋ္ဌ ဦးကိုကိုကြီးကို ဆက်သွယ် မေးမြန်းထားသည်။
၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်ညီလာခံ တက်ရောက်ခဲ့သူများကို တွေ့ရစဉ်
CNI သတင်းဌာန ။ ။ မြန်မာပြည် လက်နက်ကိုင် ပဋိပက္ခနဲ့ နိုင်ငံရေး ပဋိပက္ခ ဖြစ်ရခြင်းရဲ့ ဇစ်မြစ်က ဘာဖြစ်မလဲ။
ဦးကိုကိုကြီး ။ ။ အခြေခံကတော့ ကျနော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းပေါ့၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လွှတ်တော်သက်တမ်း ၂ ကြိမ် ကျင့်သုံးပြီးတဲ့နောက်မှာ လိုအပ်ချက်တွေ၊ အားနည်း ချက်တွေလည်း အများကြီးကျနော်တို့ တွေ့ခဲ့တယ်။
အဲ့တော့ ပြုပြင်ဖို့ ကြိုးစားရင်းနဲ့ နောက်ဆုံး ဒီအခြေအနေ ရောက်လာတယ်။ ဆိုတော့ အခြေခံပြဿနာကတော့ ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ် ပြဿနာပေါ့နော်။ ဒါကတော့ အဓိကနိုင်ငံရေး ပြဿနာလို့ မြင်ပါတယ်။
CNI သတင်းဌာန ။ ။ ဒါဆိုရင် ဒီဇစ်မြစ်ကို ဘယ်လိုချုပ်ငြိမ်းအောင် လုပ်လို့ရမလဲ၊ ဖွဲ့စည်းပုံ ပြင်လိုက် တာနဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ နိုင်ငံရေးပဋိပက္ခတွေက ချုပ်ငြိမ်းသွားနိုင်လား။
ဦးကိုကိုကြီး ။ ။ အဓိကကတော့ ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းပြောရင် ကျနော် တို့ ပြီးခဲ့တဲ့ရက်ပိုင်းက အိန္ဒိယနိုင်ငံကနေ ပြန်လာတဲ့ခါမှာ အိန္ဒိယနိုင်ငံနဲ့ ကျနော်တို့နဲ့က လွတ်လပ်ရေးက မရှေး မနှောင်းဘဲ ရခဲ့တာ။ သို့သော်လည်းပဲ အိန္ဒိယမှာက လွတ်လပ်ရေး ရပြီးကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ခုချိန်ထိ လိုအပ်တာတွေကို ပြုပြင်၊ ပြင်ဆင်ပြီးတော့ သွားခဲ့တာ။ အဲတော့ ကျနော်တို့ကတော့ ၃ ခုရှိသွားပြီပေါ့၊ ဖွဲ့စည်းပုံတွေက ပျက်ပျက်သွားတာ။ အဲတော့ အဓိကကတော့ ဖွဲ့စည်းပုံက စရေးဆွဲကတည်းက အခြေခံကောင်းတွေ ရှိဖို့လိုတာပေါ့။ ပြီးရင်အဲဒီမှာ လိုအပ်တာလေးတွေကို ပြင်ဆင်ညှိနှိုင်းပြီးတော့ ဒီလိုပဲ သွားကြရတာလို့ မြင်ပါတယ်။ အဲတော့ ခုအခြေအနေကတော့ ပြည်တွင်းပဋိပက္ခ မြင့်နေတဲ့အခါကျတော့ လက်ရှိအခြေအနေမှာ နိုင်ငံရေးနည်းလမ်း ပွင့်လာဖို့ကိုပဲ အဓိကထားပြီးတော့ ကျနော်တို့ ဆောင်ရွက်ဖို့ လိုတယ်လို့ မြင်ပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့ အိန္ဒိယမှာ ဖွဲ့စည်းပုံနဲ့ဖက်ဒရယ်စနစ် လေ့လာရေးသွားစဉ်
CNI သတင်းဌာန ။ ။ အကယ်၍ ဖွဲ့စည်းပုံကို ပြင်ရမယ်ဆိုရင် ဘယ်ပုဒ်မတွေကို အရင်ဆုံး ပြင်သင့်လဲ၊ ဘယ်ပုဒ်မတွေက ပဋိပက္ခမှုတွေကို တွန်းပို့နေတယ်လို့ မြင်ပါသလဲ။
ဦးကိုကိုကြီး ။ ။ အခုကတော့ တော်တော်ရှုပ်ထွေးသွားပြီ၊ အဲတော့ ဒါကြောင့်မို့လို့ ခုလောလောဆယ် မှာ အကြီးစား ပြင်ဆင်မှုတွေ၊ ရေရှည်လုပ်ရမယ့် ကိစ္စတွေကတော့ ဆက်လုပ်ရမှာပေါ့။ အဲတော့ ခုလောလော ဆယ်မှာ ကျနော်တို့ တိုင်းရင်းသား တန်းတူညီမျှရေးနဲ့ ပတ်သက်တဲ့ အာဏာခွဲဝေခြင်းနဲ့ နောက် ဘဏ္ဍရေးခွဲဝေ ခြင်းပေါ့၊ သယံဇာတ အကျိုးအမြတ် ခွဲဝေတာတွေ အဲတာတွေကို ကျနော်တို့ ပြင်ဖို့လိုတယ်။ နောက်တစ်ခုကတော့ ဒီမိုကရေစီဆိုင်ရာ ရွေးကောက်တင်မြှောက်ခံ အုပ်ချုပ်ရေးမှူးတွေ ပေါ်လာဖို့၊ နောက်တစ်ခါ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အတွက် ကျင့်သုံးဖို့အတွက် Check and balance အားကောင်းမှု လိုအပ်တဲ့အချက်တွေ ပေါ့။ ဥပမာအားဖြင့် ကျနော်တို့က ရွေးကောက်ပွဲကော်မရှင်က သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ဖို့၊ နောက်တစ်ခါ ဒီတရားရေးစနစ်က သီးခြားလွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်ဖို့အစရှိတဲ့ နောက်တစ်ခါ အကျင့်ပျက်ခြစားမှု လျှော့ချဖို့။ ဒါမျိုးတွေကို ကျနော်တို့ အဓိကလုပ်ရမယ်လို့ မြင်ပါတယ်။
CNI သတင်းဌာန ။ ။ မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးတာနဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ နိုင်ငံရေး ပဋိပက္ခတွေက ဖြေရှင်းနိုင်မယ်လို့ ပြောနေကြတယ်၊ ဆိုတော့ ဦးကိုကိုကြီး ဘယ်လိုမြင်လဲ။
ဦးကိုကိုကြီး ။ ။ ဖက်ဒရယ်စနစ်က မဖြစ်မနေကို ဆောင်ရွက်ရမဲ့ကိစ္စ၊ သို့သော် စစ်ရေးပဋိပက္ခမှာ ကျတော့ နိုင်ငံရေးကြောင့် ဖြစ်တာတွေပါသလို စစ်နဲ့ဆက်စပ်တဲ့ စီးပွားရေးတွေ ပါလာတယ်၊ အကျိုးစီးပွားကိစ္စ တွေလည်း ပါလာတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ အခြေခံ နိုင်ငံရေးပြဿနာကို ဖြေရှင်းမှုနဲ့အတူ စီးပွားရေး ဆက်စပ်နေတဲ့ ကိစ္စတွေပေါ့နော်။ အဲတာတွေကိုပါ ကျနော်တို့က ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့မြင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်ဝန်ကြီးချုပ်ကို တွေ့ရစဉ်
CNI သတင်းဌာန ။ ။ မြန်မာနိုင်ငံအတွက် ဖက်ဒရယ်စနစ်က အကောင်းဆုံးလို့ ပြောနေကြတယ်။ ဘာကြောင့် ဖက်ဒရယ်စနစ်က အကောင်းဆုံးလို့ ထင်ရတာလဲ။ ဦးကိုကိုကြီးရော ဘယ်လိုမြင်ပါသလဲ။
ဦးကိုကိုကြီး ။ ။ အဓိကက ကျနော်တို့ဒါ ပင်လုံစာချုပ်ပါ အချက်အလက်တွေ၊ ကတိကဝတ်တွေကို အကောင်အထည် မဖော်နိုင်တာကနေ စပြီးတော့ လွတ်လပ်ရေး ရပြီးကတည်းက တောက်လျှောက်ပေါ့နော် ပဋိပက္ခတွေ ဖြစ်လာတယ်။ ဒါကြောင့် တစ်ခုကတော့ နိုင်ငံရေးအရ၊ ဝါဒရေးရာပြဿနာ၊ အဲအချိန်တုန်းကတော့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်လှုပ်ရှားမှုက အကြီးဆုံးပေါ့။ အဲတော့ နောက်ပိုင်းမှာတော့ တိုင်းရင်း သား တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်နဲ့ အကြောင်းပြုတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ ပေါ်လာတယ်။ အခု ၂၀၂၁ မှာကတော့ ဒီမိုကရေစီ ဆက်စပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါ်လာတယ်။ ဒါကြောင့်မို့လို့ ကျနော် တို့က ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ပေါ့နော်။ အဲတော့ နိုင်ငံရေးပြဿနာတွေရဲ့ အခြေခံ အချက်ကလည်း ပြည်သူတွေ ကြားထဲမှာ စားဝတ်နေရေး ပြဿနာပေါ့နော်၊ အဲတော့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ပြဿနာကို မဖြည့်ဆည်းနိုင်တဲ့အတွက်ကြောင့် လူထုကြားထဲမှာ မကျေနပ်မှုတွေ၊ နိုင်ငံရေး အကြောင်းပြုပြီး ဖြစ်ပေါ်လာတာတွေ အားလုံး ပေါင်းစုံသွားတာလို့ မြင်ပါတယ်။
CNI သတင်းဌာန ။ ။ တချို့ဆိုရင် ဖက်ဒရယ်နိုင်ငံတွေ ဖြစ်ပြီးတော့ လက်နက်ကိုင်တိုက်ပွဲတွေ ဘာကြောင့် ဖြစ်နေရတာလဲ။ ဥပမာ အီသီယိုးပီးယားမှာ ဆိုရင်လည်း အီသီယိုးပီးယား အစိုးရနဲ့ တီဂရေး ပြည်သူ့လွတ်မြောက်ရေးတပ်ဦးတို့ကြားမှာ ပြည်တွင်းစစ်တွေ ပြန်ဖြစ်နေတာတွေရှိတယ်၊ အိန္ဒိယမှာဆိုရင်လည်း ခွဲထွက်ရေးဝါဒီတွေ ရှိနေတာတွေ တွေ့ရတယ်။ ဒါတွေက ဘာကြောင့်လို့ ထင်ပါသလဲ။
ဦးကိုကိုကြီး ။ ။ တစ်ခုကတော့ နိုင်ငံရေးအရ မဖြေရှင်းနိုင်ရင် သူကစစ်ရေးဘက်ကို ရောက်သွား တာပေါ့၊ အဲတော့ ဒါကြောင့်မို့လို့ ကျနော်တို့က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတဲ့ အလေ့ အကျင့် အားကောင်းလာရင် အိန္ဒိယဆိုရင်လည်း ကျနော်တို့ သွားလေ့လာခဲ့ရသလောက် ဆိုလို့ရှိရင် မျိုးနွယ်စု ပေါင်း ၂၀၀၀ လောက် တရားဝင် ရုံးသုံးဘာသာစကား ၂၂ ခု။ ပြီးတော့ ဇာတ်စနစ်ရဲ့ ပြဿနာတွေ ဆင်းရဲ၊ ချမ်းသာ ကွာဟမှုရှိတာတွေ အများကြီး ဖြစ်ပေမယ့်လို့ နှိုင်းယှဥ်မှုအရ ပြောရရင် လက်နက်ကိုင်ပဋိပက္ခ အင်မတန်နည်းပါ တယ်။ အဲတာက ဘာလဲဆိုတော့ အထူးသဖြင့် အိန္ဒိယနိုင်ငံရေး ခေါင်းဆောင်တွေပေါ့ နိုင်ငံရေး institution တွေ အားကောင်းတဲ့ သဘောပေါ့။ အဲတော့ ကျနော်တို့ နိုင်ငံမှာကတော့ ၁၉၆၂ အာဏာသိမ်းပြီးကထဲက နိုင်ငံရေး institution တွေက အကုန်လုံး ပျက်စီးသွားတယ်။ အဲတော့ တဖြည်းဖြည်းနဲ့ ဒါ ၈၈၈၈ ပြီးမှ နိုင်ငံရေးပါတီတွေ ပြန်ပေါ်ပေါက်လာတယ် ဆိုပေမယ့်လို့ အခြေမကျသေးဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့က စစ်ရေးလွှမ်းမိုးမှု အားကောင်းနေသမျှ ကာလပတ်လုံး နိုင်ငံရေးက နိမ့်နေမှာပဲ။ ဒါကြောင့် နိုင်ငံရေးဘောင် ပြန်ချဲ့မှ စစ်ရေးဘောင်ကို ပြန်ပြီးတော့ ကျဥ်းနိုင်မယ်၊ ချုံ့နိုင်မယ်လို့ ကျနော်တို့က တော့ အဲလိုမြင်ပါတယ်။
NCA လက်မှတ်ထိုးခြင်း ၈ နှစ်ပြည့် အခမ်းအနားမှာ ခေါင်းဆောင်များကိုတွေ့ရစဉ်
CNI သတင်းဌာန ။ ။ ဖက်ဒရယ်နိုင်ငံ မဟုတ်ဘဲနဲ့ ကွန်မြူနစ်ဝါဒနဲ့ တစ်ပြည်ထောင်စု စနစ်ကို ကျင့်သုံး တဲ့ နိုင်ငံတွေ ချမ်းသာနေကြတယ်၊ တည်ငြိမ်နေကြတာတွေရှိတယ်။ ဥပမာ- တရုတ်တို့၊ ရုရှားတို့လိုမျိုးပေါ့။ ဒါက ဘာကြောင့်လို့ ထင်ပါသလဲ။
ဦးကိုကိုကြီး ။ ။ တစ်ခုကတော့ Timing(အချိန်ကိုက်)နဲ့ဆိုင်တယ်ဗျ။ အဲတော့ အဓိက-က ခေါင်း ဆောင်တွေရဲ့ ဆင်ခြင်တုံတရား၊ ဥာဏ်အမြော်အမြင်နဲ့ ဆိုင်တယ်။ အဲတော့ ဘေးနားမှာ အိမ်နီးချင်း တရုတ်နိုင်ငံ ဆိုလည်း ကျနော်တို့သွားခဲ့တယ်၊ တစ်ပါတီပဲ၊ တစ်ပါတီပဲဆိုပေမယ့် သူ့မှာဟိုဟာပေါ့ အုပ်စုကွဲလေးတွေ အများ ကြီးရှိတယ်။နောက်တစ်ခါ ကွန်မြူနစ်ပါတီဝင် မဟုတ်တဲ့ သီးခြား အစုအဖွဲ့တွေလည်း ရှိတယ်။ နောက်တစ်ခုကတော့ ဘာလဲ ဆိုတော့ သူက ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်ကို တွန်းတင်နိုင်ခဲ့တယ်။ အဲတော့ အရင်ဆုံးကတော့ သူက နိုင်ငံရေး တည်ငြိမ်မှုရှိတယ်၊ ပြီးလို့ရှိရင် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်ကို ခေါင်းဆောင်တွေက အမြော်အမြင် ရှိရှိနဲ့ တွန်းတင်နိုင်ခဲ့တယ်။ အဲဒါက သတိပြုရမယ်လို့ မြင်တယ်။ ပြောရရင်တော့ အုံကြွပေါက်ကွဲမှုတွေ ဖြစ်ကာမှ အဲဒီ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတဲ့အခါမှာ သိပ်နောက်ကျသွား တယ်။ အဲတော့ တရုတ်ခေါင်းဆောင်တွေက စျေးကွက်စီးပွားရေးကို သွားရတော့မယ်၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရတော့မယ်၊ နဂိုစပြီးကျင့်သုံးတဲ့ ဘုံလယ်ယာစနစ်တွေ မအောင်မြင်ဘူး၊ အဲတော့ ပုဂ္ဂလိက ပိုင်ဆိုင်မှု လယ်ယာစနစ်တွေကို ပြောင်းမယ်ဆိုတာတွေက တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေက ပြောရရင်တော့ လူထုမပေါက်ကွဲခင်မှာ သူက ကြိုပြီးတော့ ပြုပြင်ပြောင်းလဲမှု လုပ်နိုင်ခဲ့တာတွေရှိတယ်။
ဒါတောင်မှ ကျနော်တို့ လူထုဆန္ဒ၊ ကျောင်းသားတွေ ဆန္ဒပြမှုတွေ ဘာတွေဖြစ်ခဲ့သေးတယ်။ သို့သော် တစ်ဖက်က တော့ စိတ်မချမ်းမြေ့စရာတွေ၊ နှိမ်နင်းတာတွေ ရှိခဲ့တယ်ဆိုပေမယ့် အဲတော့ ယေဘုယျ ပြောရရင်တော့ ခေါင်းဆောင်တွေရဲ့ အမြော်အမြင် ဆင်ခြင်တုံတရားနဲ့ ဦးဆောင်ပြီး ပြောင်းလဲနိုင်မှုက အရေးကြီးတယ်လို့ မြင်ပါတယ်။
CNI သတင်းဌာန ။ ။ နောက်ဆုံး မေးခွန်းမေးချင်ပါတယ်။ မြန်မာပြည် လက်နက်ကိုင် ပဋိပက္ခနဲ့ နိုင်ငံရေး ပဋိပက္ခကို ချုပ်ငြိမ်းအောင် လုပ်ဖို့ဆိုရင် ဘာတွေကို လုပ်ဖို့လိုအပ်ပါသလဲ။
ဦးကိုကိုကြီး ။ ။ လက်နက်ကိုင် ပဋိပက္ခဖြစ်လာပြီဆိုရင် သာမန် ပြည်တွင်းရေး သပ်သပ်မဟုတ် တော့ဘူး။ အဲတော့ ဆက်စပ်နေတဲ့ ပြည်ပနိုင်ငံတွေ ပါလာတယ်။ ဒါကြောင့်မို့လို့ လက်နက်ကိုင်ပဋိပက္ခ နည်းလမ်း ကို ဖြေရှင်းပြီဆိုရင် ခုနက တရားမဝင် စီးပွားရေးလုပ်ငန်းတွေ၊ နောက်တစ်ခါ ပြည်ပနိုင်ငံတွေရဲ့ပယောဂတွေ ပါလာပြီ။ ဒါကြောင့်မို့လို့ အဲတာက စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းနေတာဟာ နိုင်ငံအတွက် ရလဒ်ကောင်းတွေ မထွက်နိုင်ဘူး။ အဲတော့ အရင်ဆုံး ကျနော်တို့က ပြည်တွင်း ပြုပြင်ပြောင်းလဲမှုတွေကို ရဲရဲတင်းတင်း လုပ်ဖို့လိုတယ်။ တစ်ဖက်က လည်းပဲ ခုနက နိုင်ငံတကာ ဆက်ဆံရေးမှာ ကိုယ့်ပြည်တွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို အထောက်အကူ ဖြစ်မယ့် နိုင်ငံခြားရေး ပေါ်လစီပေါ့နော် ချဥ်းကပ်မှုတွေရှိဖို့ လိုတယ်လို့ မြင်ပါတယ်။ အဲ့တော့ ဟိုဖက်ကလည်း တရားဝင် ဆွေးနွေးမှုတွေ မတိုင်ခင်မှာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေတဲ့ အဖွဲ့တွေနဲ့ သီးခြား အလွတ်သဘော ဆွေးနွေးတာတွေ၊ လျှို့ဝှက်ဆွေးနွေးတာတွေ ဒါတွေကလည်း လမ်းကြောင်းတွေ တောက်လျှောက် ဖွင့်ထားရမယ်လို့ ကျနော် အဲလိုမြင်ပါတယ်ဗျ။