CNI Interview 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅

လက်ရှိတွင် အန်းမိုင် ဦးဆောင်သည့် NSCN-K/AM အဖွဲ့သည် မြန်မာ့တပ်မတော်နှင့်တွေ့ဆုံဆွေးနွေး၍ အပစ်ရပ် လက်မှတ်ထိုးမည့်အပေါ် တချို့က ကန့်ကွက်နေခြင်းကြောင့် နာဂအမျိုးသားပါတီ(NNP)၏ အမြင်သဘောထား ဘယ်လိုရှိလဲဆိုသည့်ကို အားလုံးက စိတ်ဝင်စားနေကြသည်။

အပစ်ရပ်စဲရေး NSCN-K/AM ထိုးမည့်အပေါ် ဦးယုံးအောင် ဦးဆောင်သည့် NSCN-K/YA ကကန့်ကွက် နေသလို အမျိုးသားအရေးဆန့်ကျင်သူအဖြစ်ပါ သတ်မှတ်မည်ဟု အောက်တိုဘာ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်၍ နဂအမျိုးသားပါတီ(NNP)ဥက္ကဌ ဦးရှုမောင်ကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်ကို ပြန်လည်ဖော်ပြလိုက်ပါသည်။

 NSCN-K/AM အဖွဲ့ကို တွေ့ရစဉ်

CNI သတင်းဌာန ။             ။ NSCN-K/AM အဖွဲ့က အပစ်ရပ် ထိုးမယ့်အပေါ်မှာ ဘယ်လိုမြင်မိပါသလဲ။

ဦးရှုမောင်           ။            ။ အဲတာတော့ ကျနော်တို့ သေချာအသေးစိတ် ဘာမှ ဂဃနဏ အခုက မယ်မယ်ရရ လည်း ဘာမှလုပ်ထားတာ မရှိသေးတဲ့အခါမှာ ပြောရဆိုရတာ နည်းနည်းတော့ ခက်ပါတယ်ဗျ၊ စောင့်ကြည့်ရမဲ့ အခြေအနေလို့ပဲ သုံးသပ်ပါတယ်။

CNI သတင်းဌာန ။              ။ NSCN-K/AM က အပစ်ရပ်ထိုးမယ့်အပေါ်မှာ NSCN-K/YA က ကန့်ကွက်ထားတဲ့ အပေါ်မှာရော ဆရာတို့(ပါတီ)အနေနဲ့ ဘယ်လိုမြင်မိပါသလဲ။

ဦးရှုမောင်          ။              ။ ဒါကတော့ တစ်ဖက်ကလုပ်တဲ့ အနေအထားတစ်ခုကို တစ်ဖက်က ဒါသူတို့ရဲ့ သဘောထား ထုတ်ပြန်ချက် လုပ်ရိုးလုပ်စဥ်လို့ပဲ မြင်ပါတယ်။ အနေအထားတစ်ခုက လက်တွေ့မြေပြင်မှာ မြေပြင်ရဲ့ အခြေအနေကတော့ တစ်မျိုးဖြစ်ရင်ဖြစ်မှာပေါ့၊ သူတို့ရဲ့ ရပ်တည်ချက်ကို ထုတ်ဖော်တဲ့သ‌ဘောလို့ မြင်ပါတယ်၊ မြေပြင်မှာတော့ တင်းမာမှုတွေတော့ မရှိပါဘူး။

CNI သတင်းဌာန ။                ။ ဒါဆိုရင် သူတို့အနေနဲ့ ထုတ်ပြန်ချက် ထုတ်လိုက်တာက သူတို့ရဲ့ သဘောဆန္ဒ အလျောက်ပဲပေါ့နော်၊ နာဂအဖွဲ့ အချင်းချင်းတော့ ပြဿနာတတ်တာမျိုးတော့ မရှိဘူးပေါ့နော်။

NSCN-K/YA  အဖွဲ့ကို တွေ့ရစဉ်

ဦးရှုမောင်          ။              ။ မရှိဘူးဆိုတာက မရှိဘူးလို့တော့ ပြောမရဘူး၊ ဒါသူတို့ရဲ့ အဆုံးစွန်ထိ Political position တစ်ခုကို ထုတ်ပြန်တဲ့သဘောလို့ပဲ ယူဆပါတယ်၊ ဒီအပေါ်မှာလည်းပဲ ပွတ်တိုက်မှုတွေ မရှိဘူးလို့လဲ ပြောလို့မရသလို ရှိလာမယ်လို့လည်း စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ဘူး၊ တစ်စုံတရာ အဆုံးစွန်သော အခြေအနေ ကြုံကြိုက်ခဲ့သည်ရှိသော် သူတို့ရဲ့ Political position က ဒါဖြစ်ပါတယ်ဆိုတာကို ပြောတဲ့သဘောလို့ ပဲ ယူဆပါတယ်။

CNI သတင်းဌာန ။                 ။ ဆရာတို့က စောင့်ကြည့်ရမယ့် အနေအထား ရှိတယ်လို့ဆိုပေမယ့် NSCN-K/AM က အပစ်ရပ်ထိုးမယ့်အပေါ်မှာ ဆရာတို့(နာဂပါတီ)အနေနဲ့ သ‌ဘောကျမိသလား၊ သို့မဟုတ် NSCN-K/YA အဖွဲ့လိုပဲ သဘောထားတာလား။

ဦးရှုမောင်          ။               ။ အဲဒါက နည်းနည်း‌ပြောရခက်တယ်ဗျ၊ ဒီနယ်မြေမှာက ဖြစ်နေတဲ့ အခြေအနေက အမျိုးမျိုးရှိတယ်၊ ရှိတဲ့အခါကျတော့ ကျနော်တို့က သဘောကျတယ်လို့လည်း ပြောလို့မရသလို သဘောမကျပါဘူး ဆိုတဲ့ အနေအထားလည်း မရှိဘူး၊ ဘာကြောင့်လဲဆိုတော့ ဖြစ်နေတဲ့ အခင်းအကျင်း အမျိုးမျိုးပေါ်မှာ Time and Situation ဒီအချိန်နဲ့ အခြေအနေ ၂ ခုပေါ်မှာ အခြေခံပြီး‌တော့ ဘယ်ဟာက ပိုပြီးတော့ ရပ်တည်ဖို့ဖြစ်မလဲဆိုတဲ့ အခြေအနေတစ်ခုပေါ်မှာပဲ သွားရမဲ့ ရွေးချယ်မှုလို့ပဲ ထင်ပါတယ်။