CNI Interview

၂၀၂၄ ခုနှစ်၊ မတ်လ ၃၀

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN)၏ ပဲ့ကိုင်ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး Tangkhul Katamnao Saklong အဖွဲ့၏ ဥက္ကဋ္ဌဟောင်း အက်စ် ဗာရာ (S. Varah) သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင် ပတ်သက်ခဲ့သူဖြစ်ပြီး အိန္ဒိယနှင့် မြန်မာအကြား လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်အစီအစဉ် (Free Movement Regime- FMR)ကို အိန္ဒိယအစိုးရက ဖျက်သိမ်းမှု၊ ကသည်းလူမျိုးစုများက တောင်တန်းဒေသ ဌာနေ တိုင်းရင်းသား ဥပဒေဆိုင်ရာ (Scheduled Tribe - ST) တောင်းဆိုမှု၊ ကူကီး-ဇို လူမျိုးစုက သီးခြားအုပ်ချုပ်ရေး တောင်းဆိုမှုတို့အပေါ် Ukhrul Times နှင့် အင်တာဗျူး ပြုလုပ်ချိန်တွင် ၎င်း၏ အတွေးအမြင်များကို မျှဝေခဲ့သည်။

Ukhrul Times ။          ။ FMR ဖျက်သိမ်းရေးနဲ့ နယ်စပ်စည်းရိုး တည်ဆောက်မှုအပေါ် နာဂပြည်သူ့သမ္မတအစိုးရ (GPRN) ရဲ့ သဘောထားက ဘာများပါလဲ။

အက်စ် ဗာရာ   ။          ။ ဒါက ပြဿနာအသစ် မဟုတ်ပါဘူး။ နာဂမျိုးရိုး အစဉ်အဆက် အမိမြေကို အတင်း အကျပ် သိမ်းပိုက်မှုဟာ အိန္ဒိယအစိုးရ ဖြေရှင်းရမယ့် အခြေခံကျတဲ့ ပြဿနာဖြစ်ပါတယ်။

ဒါဟာ အကျပ်အတည်းရဲ့ အစပဲရှိပါသေးတယ်။ အိန္ဒိယ ပြည်ထောင်စုဟာ နာဂနယ်မြေကို ကြိုတင် အကြောင်း ကြားတဲ့ သဘောတူညီချက်မပါဘဲ ထိပါးခဲ့တာက ပြဿနာရဲ့ အခရာဖြစ်ပါတယ်။ 

NSCN-IM ရဲဘော်တွေကိုတွေ့ရစဉ်

ဒါကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရပါမယ်။ NSCN ခေါင်းဆောင်ပိုင်းဟာ အိန္ဒိယပြည်ထောင်စုနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေမှာ ထိတွေ့ပါဝင်ခဲ့ပါတယ်။ အဲဒါကြောင့် နယ်စပ်ဒေသမှာ ခြံစည်းရိုးကာတာဟာ မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးရဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်တဲ့ အစဉ်အလာရှိတဲ့ မိသားစုဘဝတွေကို ပိုမို ထိခိုက်စေပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ စစ်ကိုင်းတိုင်းဒေသကြီးလို့ခေါ်တဲ့ အရှေ့မြောက်နယ်စပ်မှာ ဖယ်ထုတ်ခံထားရတဲ့ နယ်မြေဒေသတွေ အပေါ် ဆိုးဆိုးရွားရွား ထိခိုက်စေပါလိမ့်မယ်။ အဲဒီမှာနေထိုင်သူတွေရဲ့ ဘဝတွေကို တွေးကြည့်မယ်ဆိုရင် သူတို့ ဟာ ရာစုနှစ် တစ်စုကျော်ကြာ ဖယ်ကြဉ်ခံထားခဲ့ရပါတယ်။

အဲဒီမှာ ကျန်းမာရေး စောင့်ရှောက်မှုမရှိ၊ လမ်းပန်းဆက်သွယ်ရေးမရှိဘဲ သူတို့ဟာ မျိုးဆက် အများအပြားကြာတဲ့ အချိန်အထိ နိမ့်ပါးစွာ နေထိုင်ခဲ့ရပါတယ်။ FMR ကို ဖျက်သိမ်းလိုက်မယ်ဆိုရင် အဲဒီအခြေအနေဟာ ပိုမိုဆိုးရွား စေပါလိမ့်မယ်။ ဒါဟာ နာဂပြည်ကို အတင်းအဓမ္မ သိမ်းပိုက်တဲ့ သဘောသဘာဝကို ပြသရာရောက်ပါတယ်။

Ukhrul Times  ။          ။ ကသည်းလူမျိုးတွေက ST တောင်းဆိုမှုနဲ့ ကူကီး-ဇို လူမျိုးတွေက သီခြားအုပ်ချုပ်ရေး တောင်းဆိုမှုအပေါ် GPRN/NSCN ရဲ့ နိုင်ငံရေးရပ်တည်ချက်က ဘာများပါလဲ။

အက်စ်ဗာရာ  ။         ။ ကူကီး-ဇို လူမျိုးစုအတွက် တောင်းဆိုမှုကတော့ သီးခြားအုပ်ချုပ်ရေးပါပဲ။ အိန္ဒိယရဲ့ ဖွဲ့စည်းပုံအခြေခံဥပအေရ သူတို့မှာ တောင်းဆိုပိုင်ခွင့် အပြည့်ရှိပါတယ်။ 

 ကသည်း-ကူကီး အဓိကရုန်းဖြစ်ပွားစဉ်

အိန္ဒိယရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ကူကီး-ဇို လူမျိုးစုတွေရဲ့ အခက်အခဲတွေ၊ ကသည်းလူမျိုးတွေရဲ့ ST တောင်းဆိုမှုတွေအတွက် အဆင်ပြေချောမွေ့စွာ ဖြေရှင်းပေးဖို့ အစီအစဉ်တွေ အလုံအလောက်ရှိပါတယ်။ 

ဒါနဲ့ပတ်သက်ပြီး အရမ်းစိုးရိမ်စရာ မလိုပါဘူး။ 

အိန္ဒိယအစိုးရက တောင်းဆိုချက်ကို လိုက်လျောပေးချင်ပေးမယ်။ ဒါမှမဟုတ် ငြင်းပယ်ချင် ငြင်းပယ်နိုင်ပါတယ်။

နာဂလူမျိုးတွေနဲ့ အိန္ဒိယပြည်ထောင်စုကြားထဲက ပြဿနာကတော့ နယ်မြေအငြင်းပွားမှု ဖြစ်ပါတယ်။

 ဒီအငြင်းပွားမှုဟာ နာဂလူမျိုးတွေနဲ့ အိန္ဒိယပြည်ထောင်စုကြားမှာ ဖြစ်ပါတယ်။ ဒါဟာ အခြေခံပြဿနာတစ်ခုပါ။ 

ကျနော်ခုနက ပြောခဲ့သလိုမျိုး နာဂခေါင်းဆောင်ပိုင်းတွေဟာ အိန္ဒိယခေါင်းဆောင်ပိုင်းနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုတွေကို ၂၅ နှစ်ကျော် ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ 

ဘာကြောင့်မှန်း မသိတာက အဲဒီဆွေးနွေးမှုတွေဟာ ဒီဘက်ခေတ်မှာ တိုးတက်လာပုံ မပေါ်ပါဘူး။ နောက်ဆုံး ဘာအဖြေ ထွက်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ 

ဒါပေမယ့် ST တောင်းဆိုတာတွေ၊ သီးခြားအုပ်ချုပ်ရေး တောင်းဆိုတာနဲ့ပတ်သက်ပြီး NSCN ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ ကျနော်တို့ဟာ အိန္ဒိယ ပြည်ထောင်စုထဲက ဘယ်ပြည်နယ်နဲ့မဆို ဘာကိုမှ လုပ်ဆောင်စရာမလိုပါဘူး။

ကျနော်တို့ရဲ့ ပြဿနာက အိန္ဒိယပြည်ထောင်စုနဲ့ နာဂလူမျိုးတွေပါ။ အိန္ဒိယအစိုးရကလည်း ဒါကို နိုင်ငံရေး ပြဿနာတစ်ခုလို့ ဝန်ခံခဲ့ပါတယ်။ နာဂပြဿနာဟာ နိုင်ငံရေး  ပြဿနာဆိုရင် အဲဒီပြဿနာဟာ နာဂါလူမျိုးတွေနဲ့ နာဂနယ်မြေအကြောင်းပဲ ဖြစ်ရပါမယ်။

Source: Ukhrul Times