CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၆

မြန်မာ့နိုင်ငံရေးကို ကျော်လွှားပြီး ဒီမိုကရေစီထူထောင်ရေးတွင် စစ်တိုက်ပြီး ဒီမိုကရေစီထူထောင်၍ မရသည့် အတွက် အားလုံးသဘောတူညီမှုကနေ ဒီမိုကရေစီကို ထူထောင်သင့်ကြောင်း Euro-Burma Office မှ ဒါရိုက်တာ ဦးဟန်ညောင်ဝေက ပြောသည်။

DVB က ဇွန်လ ၅ ရက်နေ့က ထုတ်လွှင့်ခဲ့သော အင်တာဗျူးတွင် ဦးဟန်ညောင်ဝေက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ဦးဟန်ညောင်ဝေက “ ကျနော်တို့က ဒီမိုကရေစီလိုလာတယ်ဆိုရင် တပ်က သူ့ကို နားမထောင်တဲ့အဖွဲ့တွေ အကုန်လုံးကို နှိမ်နင်းပြီး တော့မှ လုပ်မယ်ဆိုရင် နိုင်နိုင်မယ်ဆိုရင်တောင်မှ ဒီမိုကရေစီဖြစ်လာဖို့က အလား အလာမရှိဘူး၊ ကျနော်တို့ အကုန်လုံးက တပ်ကို မကြိုက်လို့ တိုက်ပြီးတော့မှ တပ်ကို အနိုင်ယူနိုင်မယ်ဆိုရင် တောင်မှ ဒီမိုကရေစီဖြစ်လာ ဖို့က အလားအလာ မရှိဘူး။ ဘာကြောင့်လဲဆို ဒီမိုကရေစီက လက်နက်အင်အားနဲ့ တိုက်ပြီးတော့မှ ထူထောင်ကြတာမဟုတ်ဘူး။ ဒီမိုကရေစီဆိုတာက အကုန်လုံးက သဘောတူပြီးတော့မှ ထူထောင်နိုင်မယ့် စနစ်ဖြစ်ပါတယ်။ ဆိုတော့ ပထမဆုံးက တိုက်ပွဲနဲ့အနိုင်ယူပြီးတော့မှ လုပ်မယ်ဆိုရင်တော့ ဘယ်သူဖြစ်ဖြစ်ပေါ့နော်၊ တပ်ဖက်က နိုင်လဲမဖြစ်ဘူး၊ ကျနော်တို့ (အတိုက်အခံ)ဖက်ကလည်း မရဘူး။ ဆိုတော့ ဒီနေရာမှာ ဆက်ပြီးတိုက်နေရင်လည်း ဒီမိုကရေစီဖြစ်လာမှာ မဟုတ်ဘူး။ အဖြေက တကယ်တော့ နိုင်ငံရေး အဖြေရှာမှ ရမယ်”ဟု ပြောသည်။

ဦးသိန်းစိန်နဲ့ ဦးဟန်ညောင်ဝေကိုတွေ့ရစဉ်

သို့သော် နိုင်ငံရေးအဖြေရှာရန်လည်း လူထုမှာ လုံးဝနစ်နာနေသည့်အတွက် တွေ့ဆုံဆွေးနွေးမှု ဖြစ်အောင် ကြိုးပမ်းနိုင်ရန်လည်း အခက်အခဲများ ရှိနေပြန်သည်ဟု ၎င်းက ထောက်ပြသည်။

ဦးဟန်ညောင်ဝေက “ဒီအချိန်မှာက အဲဒီနိုင်ငံရေးအဖြေရှာတဲ့ ဆွေးနွေးပွဲလုပ်မယ်ဆိုရင်လည်း မဖြစ်နိုင်ဘူး။ ဘာကြောင့်ဆို လူထုက လုံးဝနစ်နာနေပြီးတော့မှ တပ်က လူထုကို တိုက်နေတဲ့အချိန်ဖြစ်တော့ ဘယ်လိုမှ စလို့ မရဘူး။ သူတို့က အဲဒါရပ်သွားမှပဲ ပြန်စလို့ရမယ်”ဟု ပြောသည်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီထူထောင်နိုင်ရန်အတွက် တိုက်ပွဲများ ရပ်တန့်သင့်သလို တပ်မတော်ကို တိုက်ခိုက်နေ သည့် အင်အားစုများ စုပေါင်း၍လည်း ဆွေးနွေးပွဲဖြစ်လာအောင် တပ်မတော်ကို ဖိအားပေးသင့်ကြောင်း၊ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားဖို့က တရုတ် မပါဝင်၍လည်း မရကြောင်း Euro-Burma Office မှ ဒါရိုက်တာ ဦးဟန်ညောင်ဝေက ပြောသည်။

NCA နှစ်ပတ်လည် အခမ်းအနားကျင်းပခဲ့စဉ်

ဦးဟန်ညောင်ဝေသည် ၂၀၁၀ ခုနှစ်ကနေ အသွင်ကူးပြောင်းလာသော ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်တွင် ထည်ထည်ဝင်ဝင် ပါဝင် ဆောင်ရွက်ပေးခဲ့သူဖြစ်သလို လက်ရှိမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကူညီပေးနေသူဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အာရက္ခတပ်တော် (AA)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုး သား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PDF)များ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့(LPDF)များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့ဖြင့် တိုက်ပွဲများ နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသည်။