CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇

လက်ရှိ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရေး နစကနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေး‌နွေးပါက ပြေလည် သွားနိုင်လားဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား ဆွေးနွေးငြင်းခုန် နေကြသည်။ 

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က ကျရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ထုတ်ပြန်ချက်တွင် မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်   တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မည် မဟုတ်ဟု ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ် ကော်မတီ(CWC)က ထုတ်ပြန်ခဲ့သည်။

နစကနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးလာနိုင်ဖွယ် ရှိ/မရှိကို မိမိအနေဖြင့် ပြောရန် ခက်ခဲကြောင်း၊ လက်ရှိ နွေဦးတော်လှန်ရေးနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို သိရှိရန်လိုအပ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

ဦးမျိုးကျော်က “အဲဒါလည်း ကျနော် ပြောရမယ်ဆိုရင်တော့ ပြောဖို့ တော်တော်လေးခက်တယ်၊ နောက်တစ်ခုက အဲဒီလိုမျိုးကတော့ ဖြစ်လာတယ်ဆိုရင်လည်း ဒီထဲမှာကိုနေပြီးတော့ လုပ်ထားတဲ့ လုပ်ငန်းစဉ်တွေဟာ ဒေါ်စုရဲ့ သဘောထားနဲ့ ဘယ်လောက် ထပ်တူကျလဲဆိုတဲ့ဟာလည်း စဉ်းစားစရာ ဖြစ်နေတယ်လေ၊ ဒေါ်စုသူ့ရဲ့ နိုင်ငံရေး ရပ်တည်ချက်က ပုံစံတစ်မျိုးကို၊ အဲဒါကတော့ တော်တော်လေးကို အပြောင်းအလဲ တစ်ခုအပေါ်မှာ ဖြစ်သွားနိုင် တယ်ပေါ့၊ ကျနော်တို့ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒေါ်စု ကနေပြီးတော့ သူခေါင်းဆောင်နိုင်ခဲ့တဲ့ သူ့ကာလ တစ်လျှောက်မှာပေါ့ဗျာ၊ ကောင်းတာတွေ ကောင်းချက်တွေ အများကြီး စံပြုရတဲ့ဟာတွေ အများကြီးရှိခဲ့ တာပေါ့နော်၊ ဒီနေ့အခါလည်း သူလည်း အသက်ကြီးတဲ့ အဖွားအိုတစ်ယောက် ဖြစ်နေပါပြီ။ ဒီတော့ သူတို့မှာလည်း သူတို့မှာ ရှိခဲ့တဲ့ ကောင်းတဲ့အမွေနဲ့ ကောင်းမွေတွေကို ကိုင်ပြီးတော့ စံပြခေါင်းဆောင် တစ်ယောက်အနေနဲ့တော့ ဒီအတိုင်းပဲ ထားခဲ့ချင်တယ်လို့ ဒီအတိုင်းပဲ မြင်မိတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အမယ်အိုကြီး တစ်ယောက်ကိုဗျာ ဒီအချိန်မှာ ဘယ်လောက်အထိ ကျန်းမာလို့ ဘယ်လောက်အထိ အားထုတ်နိုင်လို့ ဘယ်လောက်အထိ ဆုံးဖြတ် ချက် မှန်မယ်ဆိုတဲ့ ဟာမျိုးကတော့ လူအများ အသက်ကြီးလာရင်တော့ ဒါဇရာရဲ့ လက္ခဏာတွေ ရှိတယ်လေ၊ အဲဒီ အတွက်တော့ ကျနော်အနေနဲ့ စိုးရိမ်ပါတယ်လို့” ဟု ပြောသည်။

၂၀၂၁ ခုနှစ်က မြန်မာ့တပ်မတော်ကို ဆန့်ကျင်နေကြစဉ်

နစကအနေဖြင့် ၎င်းတို့ အသာရရှိရေးအတွက် မည်သည့်ကိစ္စကိုမဆို လုပ်ဆောင်သွားနိုင်ကြောင်း ၎င်းက ပြော သည်။

လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်ပေးရန် နိုင်ငံတကာအဖွဲ့အစည်းအချို့မှ တောင်းဆို လျက်ရှိနေသည်။

နစကနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးရုံဖြင့် နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်မှာ မဟုတ် ကြောင်း၊ ထို့အတူ နစက ဘက်ကလည်း ဆွေးနွေးမည်ဟု မထင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ‌ပြောသည်။

ဒေါက်တာအေးမောင်က “မထင်ဘူးဗျ၊ ပြေလည်မယ် မထင်ဘူး။ ဆွေးနွေးမယ်လည်း မထင်ဘူး။ ကျ‌နော်ထင် တယ် သူ့ကဏ္ဍကို SAC ဘက်က တစ်ခန်းရပ်ထားလိုက်ပြီ ထင်တယ်၊ NLD လက်ထက်ကလည်း ပြောကြတာကိုး နိုင်ငံရေး ပြစ်မှုတွေ မရှိဘူး။ ရာဇဝတ်မှုတွေ ရှိတယ်ဆိုတာ၊ အဲဒီတော့ ဒီဖက်မှာလည်း နိုင်ငံရေးမှုလို့ သူ့ကို မသတ် မှတ်ဘူး။ ရာဇဝတ်မှုဖြစ်တဲ့ အဂတိတို့၊ နိုင်ငံတော် အကြည်အညို ပျက်စေတာတို့၊ နိုင်ငံတော် လျှို့ဝှက်ချက် ဘာညာနဲ့ စွဲထားကြတာကိုး အဲဒီတော့ ဒီဂိမ်းက လက်ရှိ နိုင်ငံရေး အကျပ်အတည်းက ဒေါ်အောင်ဆန်းစုကြည် ပါခြင်း မပါခြင်းဆိုတာက ထိပ်ကို မသွားတော့ဘူးထင်တယ်၊ SAC ဘက်က သွားတာလေ၊ အဲဒီတော့ မြန်မာ့နိုင်ငံ ရေးကို ဖြေရှင်းဖို့အတွက် သူ့ဘက်က ကိုင်ထားတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အဲဒီဥပဒေအရပဲ အရေးပေါ် ကာလအရ အာဏာကိုင်တာဖြစ်တယ်၊ တည်ငြိမ်အေးချမ်းရေး ‌ရွေးကောက်ပွဲကို ဖန်တီးပေးတာ၊ အဲဒီတော့ တည်ငြိမ်အေးချမ်းအောင် သူတို့ ကြိုးစားနေတယ်၊ မတည်ငြိမ်ရင် ဆိုတာမျိုးကတော့ question marks ပေါ့ဗျာ၊ အခြေခံဥပဒေအရ ဘယ်လောက်အထိ သွားလို့ ရတယ်ဆိုတာက ရေးဆွဲစဉ်ကပဲ ပါလိမ့်မယ်၊ ဒီအတိုင်းပဲ သူသွား မှာပဲ” ဟု ပြောသည်။

၂၀၂၁ ခုနှစ်က ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ်

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုး ပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။

ထို့နောက် မြန်မာ့တပ်မတော်ကို ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများ နိုင်ငံအနှံ့ ပေါ်ပေါက်လာခဲ့သည်။

အဆိုပါ လက်နက်ကိုင်ပဋိပက္ခများနှင့် နိုင်ငံရေး အကျပ်အတည်းများကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့မှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။