CNI International News

ဘန်ကောက်၊ဇွန်လ ၂၇

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား ၄၈၀၀ နီးပါးသည် မယ်ဟောင်ဆောင်ရှိ နယ်စပ်ခရိုင်များသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြောင်း ဒေသခံအာဏာ ပိုင်များက ပြောသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြထားသည်။

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ မယ်ဆာရိုင်ခရိုင်နှင့် ခွန်ယွမ်ခရိုင်တို့ တစ်လျှောက်တွင် တိုက်ပွဲများ ဖြစ်ပွား နေသည်ဟု သတင်းများဖော်ပြခဲ့ကြသည်။

ထို့နောက် ခရိုင်နှစ်ခုရှိ ဒုက္ခသည်စခန်း လေးခုသို့ ထွက်ပြေးတိမ်းရှောင်လာသူ အရေအတွက်သည် ၄၇၉၈ ဦး ရှိနေ ပြီဟု သိရသည်။ 

မယ်ဟောင်ဆောင်ဒေသခံများမှ လှူဒါန်းသော အစားအစာ၊ ရေနှင့် တခြား လိုအပ်သည့်ပစ္စည်များကို ဒေသခံ အာဏာပိုင်များ၊ ထိုင်းကြက်ခြေနီ အဖွဲ့တို့မှတဆင့် ဒုက္ခသည်များထံ ထောက်ပံ့ပေးလျက် ရှိသည်။

လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ နောက်ဆုံးတစ်သုတ်သည် ဇွန်လ ၂၆ ရက်နေ့တွင် ရောက်ရှိ လာခြင်းကြောင့် စခန်းလေးခုသို့ ခွဲဝေပေးမည် ဖြစ်သည်။ 

ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မြန်မာဒုက္ခသည်များကို တွေ့ရစဉ်

အစားအစာ၊ ရေနှင့် အဝတ်အထည်များ လုံလောက်မှုရှိသည်ဟုလည်း တာဝန်ရှိသူများက ပြောသည်။

ခရိုင်နှစ်ခုရှိ ကြက်ခြေနီ အဖွဲ့အစည်း တာဝန်ရှိသူများသည်လည်း လိုအပ်နေသော ပစ္စည်းများကို လှူဒါန်းမှုများ ပြုလုပ်ရန် တိုက်တွန်းထားသလို မယ်ဆာရိုင် (Mae Sariang) နှင့် ခွန်ယွမ် (Khun Yuam) တို့ရှိ ရုံးများတွင် လာရောက် လှူဒါန်းနိုင်သည်ဟု နှိုးဆော်ထားသည်။ 

အခြေအနေများ တည်ငြိမ်သွားသည်အထိ လိုအပ်သောပစ္စည်းများကို စခန်းများသို့ အပတ်စဉ် လှူဒါန်းသွားရန်  စီစဉ်ထားသည်ဟုလည်း Saphan Boon Khru Nueng ပရဟိတအသင်းတည်ထောင်သူ ချက်ချိုင် နှိုင်ဆာကူ (Chartchai Noisakul) က ပြောသည်။ 

ထိုင်းစစ်သားနဲ့ မြန်မာဒုက္ခသည်များကိုတွေ့ရစဉ်

ထိုင်း-မြန်မာနယ်စပ် စီမံခန့်ခွဲရေးစင်တာသည်လည်း စခန်းလေးခုတွင် လိုအပ်သော ရေဆိုးစနစ်ကို တည်ဆောက် ရန် အဖွဲ့များ စေလွှတ်ထားသလို စခန်းဧရိယာများတွင် လုံခြုံရေး ယူပေးထားသည်။

ထိုင်းစစ်သားများက ရေတွင်းများနှင့် အမှိုက်စွန့်ပစ်ရန် နေရာများကို ဖန်တီးတူးဖော်ကာ အစိုးရမဟုတ်သည့် အဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ရေစနစ်ကို လုပ်ဆောင်ပေးလျက်ရှိသည်။ 

လုံခြုံရေးဆိုင်ရာ စစ်ဆေးရေးဂိတ်များကို ဖန်တီးထားကာ အခြေအနေကို စောင့်ကြည့်ရေးအတွက် နေ့စဉ် ဆွေးနွေးမှုများ လုပ်ဆောင်ရန် အဖွဲ့များကိုလည်း ဖွဲ့စည်းထားသည်ဟု သိရသည်။

Source: ဘန်ကောက်ပို့စ်