CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅
ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် မဲဆောက်မြို့တွင် မြန်မာဈေးသည်များအပေါ် ပိုမိုတင်းကြပ်မှုများ ရှိလာနေပြီး ဖမ်းဆီးခံရမှုများလည်း များပြားလာကြောင်း မဲဆောက်တွင် နေထိုင်သူများထံက သိရသည်။
ဩဂုတ်လမှ စက်တင်ဘာလအတွင်း မြန်မာဈေးသည် အများအပြား ဖမ်းဆီးခံရကြောင်း သိရသည်။
ထို့အပြင် လွယ်လင့်တကူ ဝင်ရောက်နိုင်သည့် နယ်စပ်ဂိတ်များတွင်လည်း ယခင်ကထက်ပို၍ လုံခြုံရေးများ တင်းကြပ်ချထားပြီး မြန်မာအများစု နေထိုင်သည့် တန်းလျားများတွင် ကင်းလှည့်သွားလာမှုများလည်း ပိုမို တွေ့လာရကြောင်း မဲဆောက်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လွန်ခဲ့တဲ့ သုံးပတ်နီးနီးပြောမလား မြန်မာဘက်အခြမ်းမှာ ပေါက်ကွဲမှုတွေဖြစ်ပြီးနောက် ထိုင်းနယ်စပ် လုံခြုံရေးက ပိုပြီးတော့ တင်းကြပ်သွားတာ အခုအချိန်ထိပဲ။ အရင်တုန်းက အာဏာသိမ်းစစ်တပ် သူတာဝန်ယူတဲ့ ၈ နှစ်ကျော် ၉ နှစ်အတွင်းမှာ မြန်မာနိုင်ငံသား အပါအဝင် အခြားအိန္ဒိယနိုင်ငံသားတွေရော၊ တရုတ်နိုင်ငံသားတွေ ရော၊ လုပ်ငန်းရှင်အဖြစ်တွေနဲ့ ရပ်တည်ကြတယ်။ KTV တွေ စားသောက်ဆိုင်တွေ၊ စတိုးဆိုင်တွေ၊ အခြားလုပ်ငန်း တွေပေါ့။ ဒီအပေါ်မှာ လစဉ်ကြေးပေါ့ လိုင်းကြေး တစ်လကို ဘယ်လောက်ဆိုပြီးတော့ နယ်မြေခံ ဌာနဆိုင်ရာတွေ ကို လိုင်းကြေးပေးပြီး နေကြတယ်။ ဒါပေမယ့် ဒီနယ်စပ်မှာကြတော့ မြန်မာဈေးသည်တွေက မြန်မာနိုင်ငံကနေ သွင်းတဲ့ ကုန်ပစ္စည်းတွေ အားလုံးဟာ တော်တော်များများက ထိုင်းဘက်က ခွင့်မပြုထားတဲ့ ဂျူတီမပေးတဲ့ ပစ္စည်း တွေ ပါတယ်လေ။ ကျနော်တို့နိုင်ငံမှာ ကွမ်းစားတဲ့ မြန်မာ ဆေးရွက်ကြီးတို့ အစရှိသဖြင့် တရားမဝင်ဘူးပေါ့။ ဒါတွေလည်း လိုင်းကြေးပေးပြီးတော့မှ ရောင်းကြတယ် ဝယ်ကြတယ်။ ဒီရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာကြ တော့ တချို့တချို့သောဌာနတွေက ဒီလိုင်းကြေးကို မသိဘူး။ မသိဘဲနဲ့ တာဝန်အရ ရောက်လာတယ် ဒီနယ်မြေမှာ၊ ဒါတွေတွေ့တယ် တရားမဝင်ဘူးဆိုပြီး ဖမ်းတာပေါ့” ဟု ပြောသည်။
ဈေးရောင်းသည့် မြန်မာများကို ထိုင်းရဲက ဖမ်းဆီးထားစဉ်
စက်တင်ဘာ ၁၈ ရက်နေ့ကလည်း မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် (၁) တံတား၊ မဲဆောက်ဘက်ခြမ်းတွင် ဈေးရောင်းနေသည့် မြန်မာနိုင်ငံသား အမျိုးသမီးလေးဦး ဖမ်းဆီးခံရကြောင်းကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဦးစီး ဌာနမှ ထုတ်ပြန်ထားသည်။
ထို့အပြင် မဲဆောက်မြို့မှ ထွက်ခွာမည့် ခရီးသည်တင်ကားများနှင့် မဲဆောက်သို့ ဝင်ရောက်မည့် ခရီးသည်တင် ကားများတွင် လိုက်ပါသည့် ခရီးသည်များအား နိုင်ငံကူးလက်မှတ်နှင့် အထောက်အထား စာရွက်စာတမ်းများအား စစ်ဆေးဆောင်ရွက်နေကြောင်းလည်း သိရသည်။
လက်ရှိတွင် စက်တင်ဘာလကုန်အထိ အမည်စာရင်း တင်သွင်းထားသူများကို နေထိုင်ခွင့် ပြုထားသည့်အတွက် ယခုကဲ့သို့ ဖမ်းဆီး စစ်ဆေးမှုများသည် စက်တင်ဘာလကုန် နောက်ပိုင်းတွင် ပို၍ ရှိလာမည်ဖြစ်ကြောင်း IBECSWO လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ဈေးရောင်းသည့် မြန်မာများကို ထိုင်းရဲက ဖမ်းဆီးထားစဉ်
IBECSWO လူမှုကူညီရေး အသင်းမှ မဇ္စျိမ ကိုသားကြီးက “ဒီ ၃၀ ရက်နေ့ ကျော်တာနဲ့ ဒီလကုန်တာနဲ့ အဖမ်းအဆီး နည်းနည်းရှိမယ်။ နေရာတိုင်းမှာ။ အဲဒါဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဒီမှာ အထောက်အထားတွေ နိုင်ငံတော် က စစ်ဆေးနေတာကို။ လက်ရှိ အနေအထားမှာ မြန်မာပြည်က ဝင်နေတာ တော်တော်များတယ်။ ဒီလတွေထဲမှာ။ မတရားဝင်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ တော်တော်များနေပြီ ထိုင်းထဲမှာ။ name list စာရွက်တင် ထားတဲ့ လူတွေအပေါ်မှာကတော့ သူ့ဟာနဲ့သူ ခွင့်ပြုချက် ပေးထားပြီးပြီလေ။ သူတို့က တရားဝင်သွားပြီ။ နောက် ထပ် သူတို့လုပ်ရမယ့်ဟာက ဘာလဲဆိုတော့ CI စာအုပ် အဲဒီစာအုပ်လုပ်ရမယ်။ ထိုင်းဘက်မှာ name list စာရွက် ကျထားတဲ့လူတွေက သေချာသွားပြီ။ အဖမ်းအဆီးလည်း မရှိဘူးပေါ့ name list စာရွက်ကျထားတဲ့ လူတွေက” ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် တရားဝင်သာမက တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများ သန်းနှင့်ချီရှိပြီး တရားမဝင်များ အတွက် နေထိုင်အလုပ်လုပ်ခွင့် ဘတ်ပန်းရောင်ကတ်များအား ထိုင်းအစိုးရအနေဖြင့် ထုတ်ပေးလေ့ရှိသည်။
လက်ရှိတွင် ထိုင်းနိုင်ငံမှ MOU (၄)နှစ်ပြည့်သည့် မြန်မာလုပ်သားများသည် အချိန်ကာလအားဖြင့် ၄ ရက်ခန့်သာ ကြာမြင့်မည့် U-Turn စနစ်ဖြင့် ထိုင်းသို့ ရက်တိုတိုအတွင်း ပြန်လည်ဝင်ရောက်နိုင်ရေးကို မြဝတီနှင့် ကော့သောင်း မြို့တို့တွင် ပြုလုပ်ပေးလျက် ရှိသည်။
ထို့အပြင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် အသစ်ပြုလုပ်ခြင်းများကိုလည်း သံရုံး၌ ရက်ချိန်း ကြိုတင် ယူရန် မလိုအပ်တော့ဘဲ လူကိုယ်တိုင် လာရောက် ပြုလုပ်နိုင်သည့် စနစ်အား ပြောင်းလဲထားသည်။