CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ 

အိန္ဒိယ - မြန်မာ ချစ်ကြည်ရေး ကုလားတန်မြစ် ဘတ်စုံသုံး စီမံကိန်းထဲမှ အစိတ်အပိုင်း တစ်ခုဖြစ်သည့် စစ်တွေ ဆိပ်ခံတံတားတွင် ပြည်တွင်းကမ်းရိုးတန်း သင်္ဘောများကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ ဆိုက်ကပ်ခွင့် ပြုလိုက်ပြီဖြစ်သည်။

ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်းသို့ ကုန်စည်ပို့ဆောင်မှု မြန်ဆန်လာမည်ဖြစ်ပြီး ကုန်ကျစရိတ်များလည်း သက်သာလာမည်ဟု ရခိုင်ပြည်နယ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ထံမှ သိရသည်။

စစ်တွေဆိပ်ခံတံတားသစ်သည် နိုင်ငံတကာအဆင့်မှီ စံချိန်စံညွှန်းများဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း၊ ပြည်တွင်း ကမ်းရိုးတန်းသင်္ဘောများ ဆိုက်ကပ်ခွင့် ရပြီဖြစ်သည့်အတွက် ကုန်တင်ကုန်ချ လုပ်ဆောင်ရာတွင် မြန်ဆန်လာမည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

စစ်တွေဆိပ်ကမ်းသစ်ကို ဖွင့်လှစ်နေစဉ်

၎င်းက “သင်္ဘောတွေက ကပ်လို့ရပြီဖြစ်တဲ့အတွက် အရင်တုန်းကတော့ ကျနော်တို့ စစ်တွေမှာက ဆိပ်ကမ်း ကောင်းကောင်း မရှိဘူးပေါ့လေ။ တော်တော်လည်း ရှားပါတယ်။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရဲ့ ဆိပ်ခံတံတား တစ်ခု ရှိတယ်။ နောက်တစ်ခုကတော့ ရွှေမင်းဂံ ဆိပ်ခံတံတားရှိတယ်။ ရွှေမင်းဂံ ဆိပ်ခံတံတားဆိုရင် တော်တော် လေး ဟောင်းနွမ်းနေပြီပေါ့လေ။ နောက်ပြီးတော့ ပုဂ္ဂလိက ဆိပ်ခံအသေးလေးတွေမှာ ဆိုက်ကပ်နေရတဲ့ အနေ အထား မျိုးတွေလည်း ရှိတယ်။ အခု ဆိပ်ခံတံတားအသစ်က တကယ့် နိုင်ငံတကာအဆင့်မှီ လုပ်ထားတာဖြစ်တဲ့ အတွက် ကျနော်တို့အမြင်ကတော့ ဆိုက်ကပ်ပြီးတော့ ကုန်ချရတဲ့ အချိန်ကတော့ တိုတောင်းသွားမယ်လို့ ထင်ပါ တယ်။ အချိန်တိုတောင်းသွားတာ ဖြစ်တဲ့အတွက် သင်္ဘောအနေနဲ့ကလည်း ရက်တိုနဲ့ ပြန်ထွက်နိုင်မယ်။ သင်္ဘော ကုန်ချတာ အကြာကြီး မစောင့်ရတဲ့အတွက် ကုန်သည်တွေ အတွက်ကတော့ အထိုက်အလျောက် လျော့နည်းလာ မယ်” ဟု ပြောသည်။

ပုံမှန်အားဖြင့် စစ်တွေတွင် ကုန်တင်ကုန်ချ ပြုလုပ်ရာ၌ ဆိပ်ခံတံတား အခက်အခဲကြောင့် တစ်ပတ်၊ ၁၀ ရက်နှင့် ၁ လအထိ ကြာမြင့်ကြောင်း၊ လက်ရှိ စစ်တွေ ဆိပ်ကမ်းသစ်ကို အသုံးပြုခွင့် ရပြီဖြစ်သည့်အတွက် တန်ချိန် ၁၀၀၀ ဆံ့ သင်္ဘောတစ်စီးလျှင် ၂ ရက် ၃ ရက်ခန့်သာ ကုန်တင်ကုန်ချရုံဖြင့် အဆင်ပြေနိုင်သည်ဟု ကုန်သည်များက ပြောသည်။

စစ်တွေဆိပ်ကမ်းသစ်ကိုတွေ့ရစဉ်

မြန်မြန်ဆန်ဆန် ကုန်တင်ကုန်ချ လုပ်ဆောင်၍ ရခြင်းကြောင့် သယ်ယူပို့ဆောင်ခများလည်း လျော့ကျလာမည် ဖြစ်ကြောင်း၊ ပြည်တွင်းသင်္ဘောများ ဆိုက်ကပ်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကိုလည်း စနစ်တကျ စောင့်ကြည့်ပြီး စိစစ်နေကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

စစ်တွေ ဆိပ်ခံတံတားသစ်တွင် ရခိုင်ပြည်နယ်အတွင်း အသုံးပြုသည့် သံချောင်း၊ ဘိလပ်မြေ၊ စားသောက်ကုန် စသည်တို့ကိုသာ တင်ဆောင်ကြောင်း၊ ကုန်သွယ်မှုအတွက် ကုန်စည်များ မပါဝင်ကြောင်း သိရသည်။

စစ်တွေ ဆိပ်ကမ်းသစ်တွင် နိုင်ငံတကာ သင်္ဘောများ ဆိုက်ကပ်ခွင့်သည် ရရှိထားပြီဖြစ်သော်လည်း သင်္ဘောလိုင်း မရှိသေးခြင်းကြောင့် ဆိုက်ကပ်မှု မရှိသေးကြောင်း၊ လက်ရှိတွင် စစ်တွေနှင့် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ဆိပ်ကမ်းသို့ တိုက်ရိုက်ပြေးမည့် သင်္ဘောလိုင်းတစ်ခု ရရှိရန် နှစ်နိုင်ငံ ဆွေးနွေးမှု ပြုလုပ်နေကြောင်း သိရသည်။

ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း၏ တစိတ်တပိုင်းဖြစ်သည့် စစ်တွေ ဆိပ်ကမ်းသစ်တွင် တန်ချိန် ၅၀၀၀ မှ ၆၀၀၀ ရှိ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်မည်ဖြစ်သည်။