CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆

ဘိန်းအစားထိုးသီးနှံအဖြစ် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းတန်ချိန် ၆ သောင်းခန့်ကို တရုတ်နိုင်ငံက ယခုနှစ် တွင် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက ဘိန်းအစားထိုး သီးနှံအဖြစ် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် စိုက်ပျိုးထားသည့် ပြောင်းများ ကို နှစ်စဉ် ဝယ်ယူလျက်ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်က တန်ချိန် ၃ သောင်းကျော် တင်ပို့ခဲ့ပြီး ယခုနှစ်တွင် တန်ချိန် တိုးမြှင့် ဝယ်ယူရန် ဆွေးနွေးထားမှုရှိကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းထံမှ သိရသည်။

သို့သော် လက်ရှိတွင် တရုတ်နိုင်ငံကပေးသည့် ပြောင်းဈေးနှုန်းသည် နည်းပါးနေခြင်းကြောင့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ ပြောင်းများ ရောင်းချရန်အတွက်ပင် အဆင်မပြေနိုင်ကြောင်း၊ ပြည်တွင်း ဈေးကွက်တွင် ပြောင်း တစ်ပိဿာလျှင် ၁၁၅၀ ကျပ် ရှိနေပြီး တရုတ်နိုင်ငံမှ ပေးသည့် ဈေးနှုန်းသည် ၁၀၀၀ ကျပ် ဝန်းကျင်သာ ရှိကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့ပြောင်း စိုက်ခင်းကို တွေ့ရစဉ်

၎င်းက “မဆိုးပါဘူး တန်ချိန် ၆ သောင်းဆိုတော့။ လောလောဆယ် မြဝတီ မသွားရတဲ့အချိန်မှာ ဒီဘက်က ပြောင်း လည်း ပေါ်စလေးတွေပေါ့နော်။ ဗန်းမော်၊ ဝိုင်းမော်ဘက်လည်း ပြောင်းက နည်းနည်းပါးပါး ပေါ်နေပြီ။ ရှမ်းမြောက် တို့လည်း လှော်ပြောင်းတွေ စပြီး ပေါ်နေပြီဆိုတော့ ပြောင်းပေါ်ချိန်လေး အဲဒီဘက်ကို နည်းနည်း ထွက်ထားတယ် ဆိုတော့ ပိုကောင်းတာပေါ့။ ခါတိုင်းနှစ်တွေတော့ တန် ၃ သောင်း၊ ၄ သောင်းလောက်တော့ သွားကြတာပဲ။ တရုတ် နယ်စပ်ဂိတ်တွေ လွယ်ဂျယ်၊ ကန်ပိုက်တီ၊ မူဆယ်၊ ချင်းရွှေဟော် အကုန်လုံးကတော့ သွင်းဖို့တော့ ပြောတော့ ပြော နေတယ်၊ ဒါပေမယ့် သိပ်ပြီးတော့ ဈေးမကိုက်ကြသေးပါဘူး။ သွားဖို့တော့ လုပ်နေကြတာပဲ၊ ဈေးမကိုက်တော့ မပို့ နိုင်ကြသေးပါဘူး။ ဈေးနှုန်းတွေက ကျနေတယ်။ တရုတ်ပေးတဲ့ ဈေးက ပြည်တွင်းမှာ ဝယ်လို့ မရဘူး အဲဒီဈေးတွေ နဲ့။ ဒေသကတောင်မှ မကိုက်ဘူးပြောတယ်။ ၁၀၀၀ ဝန်းကျင်လောက်ပဲ ရတာဆိုတော့ မကိုက်ဘူးတဲ့။ ၁၁၅၀ လောက် ရှိတယ်။ အဲဒါတောင် ဟိုဘက်က ၁၀၀၀ ကျော်ကျော်ပဲ ရတယ်ပြောတယ်။ အရောင်းအဝယ်တော့ သိပ်ပြီး တော့ ဖြစ်တန် မကြားဘူး” ဟု ပြောသည်။

တရုတ်နိုင်ငံက မြန်မာ့ပြောင်းကို ဝယ်ယူသော ဈေးနှုန်းသည် ကမ္ဘာ့ပေါက်ဈေးနှုန်း ဖြစ်နေသော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ ပို့ကုန်ရငွေ မူဝါဒကြောင့် အဆင်မပြေ ဖြစ်နေသည်ဟု ပြောင်းကုန်သည်များထံမှ သိရသည်။

မြန်မာ့ပြောင်းကို တွေ့ရစဉ်

ကမ္ဘာ့ပြောင်းဈေးနှုန်း တိုးလာပါက တရုတ်နိုင်ငံမှပေးသည့် ပြောင်းဈေးနှုန်းလည်း တိုးလာမည် ဖြစ်ကြောင်း၊ ပြောင်းဈေးနှုန်း မတိုးလာပါကလည်း ပေးသည့်ဈေးဖြင့်သာ တင်ပို့ရောင်းချရမည် ဖြစ်ကြောင်း  ပြောင်းကုန်သည် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သွားဖို့တော့ စီစဉ်နေတယ် ထင်တယ်ဗျ။ ဒါပေမယ့် တိတိကျကျတော့ မဖြစ်လာသေးဘူးပေါ့နော်။ စောင့် ကြည့်နေတုန်းပေါ့နော်။ ဈေးလည်း မကိုက်ဘူး။ ဒီက မူဝါဒကြောင့် မကိုက်ဘူး။ ဒီမှာက ဒေါ်လာဈေးနဲ့ အပြည့်မရ ဘူးလေ။ ၅၀ - ၅၀ ပေါ်လစီပေါ့။ ၅၀ က ၂၁၀၀ နဲ့ ရတယ်။ နောက်ထပ် ၅၀ က ၂၉၂၀ နဲ့ ရတယ်ဆိုတော့ သူတို့က တော့ ကမ္ဘာ့ပေါက်ဈေးအတိုင်း ပေးတာပဲ ကိုယ်က မကိုက်ချင်တာပေါ့။ သူတို့ကတော့ ကမ္ဘာ့ပေါက်ဈေးအတိုင်းပဲ ပေးမှာပေါ့။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ထူးခြားတဲ့ ရလဒ်ရှိရင်တော့ တိုးချင် တိုးမှာပေါ့။ အကယ်လို့ သူတို့လည်း လုံးဝ မတိုးပေးတော့ဘူးဆိုရင်တော့ ကျနော်တို့လည်း ဒီဈေးနဲ့ပဲ ရောင်းရတော့မှာပေါ့” ဟု ပြော သည်။

အဓိက ဘိန်းအစားထိုးအနေဖြင့် ရှမ်းပြည်နယ်အတွင်းမှ ထွက်ရှိသည့် ပြောင်းများကို တင်ပို့ကြပြီး နှစ်စဉ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ တင်ပို့လေ့ရှိကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ဘိန်းအစားထိုးသီးနှံအဖြစ် ရှမ်းပြည်နယ်တွင် လက်ဖက်၊ ကြံ၊ ထောပတ်သီးနှင့် ပြောင်း အပါအဝင် အခြားအစားထိုး နှစ်ရှည်သီးပင်များကို စိုက်ပျိုးပြီး ပြည်ပဈေးကွက်သို့ တင်ပို့လျက် ရှိသည်။